ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Sunday, January 11, 2009

EIGHT LIES OF A MOTHER (သို့) မေမေပြောတဲ့ အဖြူရောင် မုသားမျာ

၁။ ကျနော်ကလေးဘ၀ကတည်းက ဇာတ်လမ်းလေးတစ်ပုဒ် စခဲ့တာပါ။ ကျနော်က ဆင်းရဲနွမ်းပါးတဲ့ မိသားစုက ပေါက်ဖွားလာရသူ တစ်ဦးလေ။ စားရေးသောက်ရေးက အစကို ချို့ တဲ့ ခဲ့တာပါ။ တခါတလေဆို စားစရာတောင် မရှိတဲ့ ဘ၀ပေါ့။ ဒါပေမဲ့ ထမင်းစားချိန်ရောက် လာပြီ ဆိုရင် အမေက သူဖို့ဖယ်ထားတဲ့ ဝေပုံကျထမင်းတွေကို ကျနော့် ပန်းကန်ထဲ ထည့်ပေးပါလေရော။ ပြီးတော့ ထမင်းတွေ ခူးပြီးထည့်ပေးနေတုန်း အမေက ပြောသေးတယ်။ “ငါ့သား အကုန်သာ စားနော်။ အမေ မဆာသေးပါဘူးကွယ်” တဲ့။ မေမေရဲ့ ပထမဆုံး မုသားတွေပေါ့ဗျာ။

၂။ ကျနော် နည်းနည်း အရွယ်လေးရောက်လာတော့ စိတ်ဓာတ်ကြံ့ခိုင်လွန်းတဲ့ မေမေက အချိန်အားတာနဲ့ အိမ်နားက စမ်းချောင်းလေးထဲသွားပြီး ငါးမျှားလေးရှိတယ်။ အမေတွေးတာက ဒီလိုဗျ။ ငါးရှာလို့သာရရင် ကျနော့်ကိုယ်ခန္ဓာ ကြီးထွားသန်မာမှုရှိဖို့ အာဟာရပြည့်ဝတဲ့ သားလေး ငါးလေးကျွေးနိုင်မယ်ပေါ့ဆိုတဲ့ အတွေးနဲ့လေ။ မျှားလို့ရတဲ့ ငါးတွေကို အိမ်ရောက်တာနဲ့ ငါးပေါင်းဟင်းချို ချက်ပြီး ကျနော့်ကို တိုက်တတ်ပါတယ်။ ကျနော်ကလည်း ခံတွင်းတွေ့မိပါရဲ့ ဗျာ။ စားရခဲ တာကိုးနော်။

ကျနော် ဟင်းချိုသောက်နေပြီဆိုရင် အမေက ဘေးမှာထိုင်စောင့်နေတတ်ပြီး ကျနော် စားပြီးသား ကျန်တဲ့ ငါးရိုးတွေပေါ်က ကျန်ကောင်းကျန်ရာ အသားမျဉ်းတွေကို ကုပ်ခြစ်ကပ်လို့ ရသလောက် စားနေတတ်တယ်လေ။ အဲဒီလို မြင်ရတိုင်း ကလေးပေမယ့် ကျနော် နှလုံးသားမှာ မချိတင်ကဲဖြစ်မိပါတယ်။ ဒါနဲ့ ကျန်တဲ့ ငါးတစ်ကောင်ကို အမေ့ ပန်းကန်ထဲ တူနဲ့ကိုင်ထည့်ပြီး “စားပါ အမေရယ်” လို့ ပြောမိတယ်။ မေမေက ချက်ချင်း ဆိုသလို လက်နဲ့ ကာလိုက်ပြီး “သားပဲ စားစမ်းပါ ဒီငါးကို….. အမေက ငါးကို စားရတာများပြီး မုန်းလွန်းလို့” လို့ ရယ်ရယ်မောမော ပြောရှာပါတယ်။ ဒါကတော့ မေမေပြောနေကျ ဒုတိယ မုသားစကားလုံးတွေပေါ့။


၃။ ကျနော် အထက်တန်းကျောင်းတက်တုန်းကပေါ့ဗျာ။ အထက်တန်းကျောင်းဆိုတော့ ကျောင်းစရိတ် ကလည်း အရင်ထက်စာရင် ပိုမြင့်လာတယ်။ အမေကလေ… နှစ်လမ်းကျော်မှာ ဖွင့်ထားတဲ့ အပ်ချုပ်ဆိုင်ကြီး က လက်ခွဲအော်ဒါတွေကို လက်ခံယူပြီး သိုးမွေးထိုးလို့ အပိုဝင်ငွေလည်း ရအောင် ကြံဆောင်ပါတယ်။ ဆောင်းရာသီရဲ့ မနက်အစောကြီး တစ်နေ့မှာ ကျနော် နူိုးလာပါတယ်။ အဲဒီအချိန်ထိ အမေက မအိပ်သေးဘူးဗျ။ ဖယောင်းတိုင်မီးလေး မိန်ပျပျအောက်မှာ အားမာန်အပြည့်နဲ့ သိုးမွှေးထိုးနေလေရဲ့ ဗျာ။

ကျနော်လည်း မနေနိုင်တော့ဘဲ “အိပ်တော့လေ အမေရယ်။ မနက်ကျရင်လည်း အလုပ်သွားရအုန်းမယ်။ တော်တော်ညဥ့်နက်နေပြီထင်တယ်” ဆိုတော့ မေမေက အပြုံးမပျက်ဘဲ “အိပ်ပါသားရယ်။ အမေ မပင်ပန်းပါဘူး။ ဒီလောက်တော့ အပျော့ပါတဲ့” ဗျာ။ မေမေပြောတဲ့ တတိယမ္ပိ မုသားစကား ပေါ့နော်။


၎။ ဒီလိုနဲ့ တက္ကသိုလ်ဝင်တုန်း စာမေးပွဲကြီးကလည်း နီးလာပြီပေါ့။ အမေကလေ.. သူအလုပ်လုပ်တဲ့ စက်ရုံကနေ ခွင့်ယူပြီး ကျနော် စာကျက်ရတာ အားရှိအောင် စောင့်ပေးတာဗျ။ ကော်ဖီဖျော်တိုက်လိုက်၊ လက်ဖက်သုပ် သုပ် ကျွေးလိုက်ပေါ့ဗျာ။ ကျနော်လည်း တချို့ ညတွေဆို ညဥ့်နက်တဲ့အထိ စာဖတ်တယ်လေ။ မနက်မိုးလင်းတော့ စာမေးပွဲခန်းမကို သွားတော့လည်း အမေက လိုက်ပို့တာပဲ။ ကျနော် စာမေးပွဲဖြေနေချိန်မှာလည်း ကျောင်းဘေး ဘောလုံးကွင်းထဲက နေပူကျဲကျဲအောက်မှာ ဘုရားဂုဏ်တော်တွေ ရွတ်ပြီး ကျနော့်အတွက် တချိန်လုံး ဆုတောင်းပေးနေတာလည်း ကျနော့် မေမေပဲပေါ့။

စာမေးပွဲကြီး နောက်ဆုံးရက်ရောက်လို့ ကျောင်းလည်း လွှတ်ရော မေမေက အသင့်ကြိုဖျော်လာတဲ့ သံပုရာရည်အေးအေးလေးကို ရေခဲဗူးထဲက ထုတ်တိုက်ပြီး အမှတ်တရ အားပေးရှာတယ်။ “သားလေး ဖြေနိုင်ရဲ့  လား။” ဆိုပြီးလည်း အမောတကော မေးရှာလေရဲ့..

မေမေ ဖျော်ပေးတဲ့ သံပုရည် ခပ်ပျစ်ပျစ်က မေမေ့မေတ္တာရဲ့ သိပ်သည်းဆကိုတော့ မမှီနိုင်ဘူးဆိုတာ ကျနော် သိပါတယ်ဗျာ။ ချွေးတွေပြန်နေတဲ့ မျက်နှာနဲ့ စိတ်မော လူမောဖြစ်နေတဲ့ အမေ့ကို ကျနော်က သံပုရာရည်ခွက် ကမ်းပေးပြီး “အမေလည်း သောက်ပါအုန်းဗျာ. သားစားမေးပွဲ ဖြေတာ မေမေပါ မောနေပြီ” ဆိုတော့ အမေကလေ…… “အမယ်လေး ငါ့သားရယ် သားဖာသာ သောက်စမ်းပါ။ အမေ ရေမဆာပါဘူး။ မင်း အမောပြေရင် အမေ ပင်ပန်းရကျိုးနပ်ပါတယ်” တဲ့။ ဒါကတော့ မွေးသမိခင်ကျေးဇူးရှင်ရဲ့  စတုတ္တမြောက် မုသားစကားပါပဲလေ။


၅။ ဒီကြားထဲ အဖေက လတ်တလော ရောဂါနဲ့ ကောက်ကာ ငင်ကာ ဆုံးပါလေရောဗျာ။ အထီးကျန်သွားတဲ့ အမေဟာ အိမ်ထောင်ဦးစီးနေရာကို ရုတ်တရက် ရောက်သွားပါတော့တယ်။ အရင်က စက်ရုံအလုပ်ကို တစ်ဖက်က ဆက်လုပ်ရင်း ကျနော်တို့ ကျောင်းစရိတ်အတွက်လည်း အမေ့မှာ တစ်ယောက်တည်း ရှာကြံရပါတယ်။ ကျနော်တို့ မိသားစုလည်း ပိုပြီး ဆင်းရဲကျပ်တည်းလာတော့တာပေါ့။ အဖေ့ ၀င်ငွေမှ မရှိတော့တာကိုး။ ငွေရေးကြေးရေးကြောင့် စိတ်မညစ်ရတဲ့ နေ့ကို မရှိတော့ဘူး။ အခြေအနေယိုယွင်းလာတဲ့ ကျနော်တို့ မိသားစု အခြေအနေကို သိလို့ အိမ်နားမှာ နေတဲ့ အဖေ့ညီ တစ်ဝမ်းကွဲ လူပျိုကြီးတစ်ယောက်က အိမ်မှာ အရေးပေါ်တိုင်း လာကူညီတတ်ပါတယ်။ ကံဆိုးမိုးမှောင်ကျနေတဲ့ ကျနော်တို့ မိသားစု အခြေအနေကို ကရုဏာသက်နေကြတဲ့ အိမ်နီးနားချင်းတွေက အမေ့ကို နောက်အိမ်ထောင်ပြုဖို့ တစ်ပင်လဲမူ တစ်ပင်ထူဖို့ နားချကြတယ်။ ခေါင်းမာတတ်တဲ့ အမေက သူတို့ ဘာပြောပြာ ဂရုလည်း မစိုက်ဘူး။ နားလည် မယောင်ခဲ့ဘူး။ “ကျမဘ၀မှာ သားသမီးတွေရှိရင် ပြည့်စုံနေပါပြီ။ နားခိုစရာ အရိပ်သစ် မလိုပါဘူးရှင်” တဲ့… အမေပြောခဲ့တဲ့ ပဉ္စမမြောက် မုသားဆိုတာ သားတို့ ရင်ထဲက မြင်နေခဲ့ပါတယ်။

၆။ ကျနော် ဘွဲ့ရပြီးပြီးချင်း လုပ်ငန်းခွင်ဝင်တော့ အမေလည်း သက်ပြည့်ပြည့်စင်ယူဖို့ အချိန်ကျနေပါပြီ။

အလုပ်က ပင်စင်ယူခဲ့တဲ့ အမေဟာ အနားတော့ မယူခဲ့ပါဘူး။ မနက်တိုင်း အိမ်နားက ဈေးလေးမှာ ဟင်းသီးဟင်းရွက်တွေ လက်လီယူရောင်းပြီး အိမ်စရိတ်ကို ကာမိစေခဲ့ပါတယ်။ တနယ်တကျေးမှာ အလုပ်လုပ်နေရတဲ့ သားဖြစ်သူ ကျနော်က လတိုင်းရတဲ့ လခထဲက အမေ့ဆီကို ပိုက်ဆံ မှန်မှန်ပို့ပေးဖို့ ကြိုးစားပေမဲ့ မေမေက လုံးဝ လက်မခံ အထောက်အပံ့မယူခဲ့ရှာဘူးဗျာ။ တခါတလေ ကျနော့်ဆီတောင် လက်ဖက်ရည်ဖိုးဆိုပြီး ပိုက်ဆံ ပြန်ပို့ရင် ပို့သေးတာ…မေမေက ပြောလိုက်သေးတယ်။ “သားရယ်.. မေမေစုထားတဲ့ ပိုက်ဆံတွေ ရှိပါသေးတယ်” တဲ့။ မေမေကတော့ ဆဌမမြောက် မုသားကို ပြော လိုက်ပြန်ပြီ ပေါ့နော်။


၇။ ရိုးရိုးဘွဲ့နဲ့ မတင်းတိမ်သေးတဲ့ ကျနော်.. ဘွဲ့လွန်တက်ဖို့ ကြိုးစားပြန်ပါတယ်။ ဘွဲ့လွန်တက်ဖို့ ကျတော့ ကျနော့် လုပ်ရည်ကိုင်ရည်ရယ်၊ အတွေ့အကြုံရယ်ကြောင့် နာမည်ကြီး တက္ကသိုလ်တစ်ခုက ပညာသင်ဆုကို လျှောက်ထားရရှိခဲ့ပါတယ်။ ဘွဲ့လွန်လည်း ရရော… ကျနော့်ကို အလုပ်တန်းခန့်ချင်တဲ့ ကုမ္ပဏီတွေ များမှ များပေါ့။ ရတဲ့ လစာကလည်း မြင့်တော့ ကျနော်အလုပ်လုပ်တဲ့ ရွှေမြို့ တော်ကြီးဆီ အမေ့ကို အလည်ခေါ်ဖို့ စီစဉ်ပါ တော့တယ်။ သားဖြစ်သူကို အလုပ်မရှုပ်စေချင်တဲ့ မေမေက “အမယ်လေး သားရယ်… မင်းတို့ မြို့ ကြီး ပြကြီးမှာ အမေ မနေတတ်ပါဘူး။ မျက်စိရှုပ် နားရှုပ်ပါဘိသနဲ့” တဲ့။ မေမေပြောတဲ့ သတ္တမမြောက်မုသား ဆိုတာ သားသိပါတယ်ဗျာ။

၈။ ဇရာကထောင်း ခန္ဓာပြောင်းချိန် တန်လာတဲ့ အမေ့မှာ ကင်ဆာရောဂါဆိုတဲ့ ဝေဒနာဆိုးကြီး စွဲကပ်လာပါတယ်။ ဒါနဲ့ မေမေ ဆေးရုံတင်ထားရပြီဆိုတဲ့ သတင်းကို ကြားကြားချင်း မိုင်ပေါင်းများစွာ ဝေး ကွာတဲ့နေရာကနေ မေမေ့ခြေရင်းဆီကို ကျနော် အလျှင်အမြန် အရောက်လာခဲ့ပါပြီ။ ခွဲစိတ်ခန်းထဲက ထွက်လာခါစ အမေဟာ ခုတင်ပေါ်မှာ အားအင်ဆုတ်ယုတ်စွာနဲ့ လဲလျောင်း အနားယူနေပါပြီလေ။ ဝေဒနာနဲ့ ဇရာကြောင့် အိုမင်းမစွမ်းဖြစ်နေရှာတဲ့ မေမေ… ညည်းတွားသံလေးပြု.. ကျနော့်ကို ကြည့်လို့ ယဲ့ယဲ့လေး ပြုံးပြနေရှာပါတယ်။ မေမေ့ ရောဂါ အခြေအနေကလည်း တော်တော်သည်းနေပုံပါပဲ။ ရောဂါက မေမေ့ ကိုယ်ခန္ဓာကို ၀ါးမျိုထားလိုက်တာ… တကယ့်ကို အားအင်ချည်နဲ့ပြီး အရိုးပေါ် အရေတင်ပါပဲဗျာ။ အမေ့ကို ကြည့်ရင်းနဲ့ ကျနော့် ရင်ထဲမှာ မချိအောင် ခံစားရတယ်။ ကျနော် မျက်ဝန်းထဲက မျက်ရည်တွေဆိုတာ ပါးပြင်ပေါ်မှာ မိုးရွာထားသလို တပေါက်ပေါက်နဲ့ပေါ့။ ဒီလို အခြေအနေမျိုး အမေ့ကို တွေ့လိုက်ရတော့ ကျနော့် နှလုံးသားဟာ ရှာမီးခဲလောင်နေသလို တမြေ့မြေ့ ပူဆွေးသောကရောက်ရတယ်။ တရားသဘောကိုလည်း မရှုနိုင်တော့ဘူး။ အမေကလေ… ကျန်ရှိနေသရွေ့ ခွန်အားလေးတွေကို စုပြီး တိုးတိုးလေး ပြောလိုက်တာက… “မငိုပါနဲ့ ငါ့သားရယ်.. အမေ မနာပါဘူး။ ဘာမှ မဖြစ်ဘူး” တဲ့ လေ။

အဌမမြောက်နဲ့ နောက်ဆုံးမုသားကို ပြောပြီးနောက်မှာ မေမေ့ မျက်လုံးတွေ ထာဝရကို မှိတ်သွားပါတော့တယ်ဗျာ။


...
ဒီစာလေးကိုသူငယ်ချင်းတစ်ယောက်အီးမေးကနေပို့ထားတဲ့စာလေးပါ....
သိပြီးသားလဲဖြစ်မှာပါ..ဒါပေမယ်ပြန်တင်ပေးလိုက်ပါတယ်....

ဒေါင်းမင်း

" အမေ "

" အမေ "
ဇမ္ဗူတိုင်းမှာ အဖြေညိပြရရင်
အပူလိုင်းဖြာ ဝေဒနိကတွေနဲ့ 
လူတိုင်းမှာအမေ ရှိကြတယ်….
မရေမရာ ပဟေဋိတွေကြောင့်
အသေအချာ အဖေ မသိတောင်မှ
လူတိုင်းဟာ အမေ ရှိတယ်….
ချစ်သဒ္ဓွါဝေကဲ ပြည်တန်ဆာအမေလည်း အမေ ….
အကြွေးကြွယ်လှတဲ့ ဈေးသည်အမေလည်း အမေ ….
အကြောင်းတရားအခြေမွဲ
သူတောင်းစား အမေလည်း အမေပဲ ….
သားသမီးတွေ ကြီးထွားစေရော့လို့ 
စီးပွားအထွေထွေ
စိန် ရွှေ ပတ္တမြား အိမ် မြေ ကား နဲ့ 
ငွေသားအမွေပေးနိုင်မှ အမေမဟုတ်…..
ယိုင်နဲ့ နဲ့ တဲအတွင်း လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့…
အရိုးဟင်းတစ်ဖဲ့စီဝေ ထမင်းရေအတူသောက်
ဗိုက်မှောက်တော့ အတူတူ ခြင်တောင်မရှိ ခြုံစောင်မရှိလို့ 
ခြင်ကိုသွေးလူအတူတူ ကြမ်းပိုးသွေးလူအတူတူ
အပူကိုမျှဝေ ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွှေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ မေတ္တာ အကြင်နာမှတပါး
ပေးစရာ အထွေထွေ မွဲသော်လည်း
အမေဟာ အမေပါပဲ…..။
တင်ပြသူ ပန်ဒိုရာ (- ထီလာ -)

ချစ်သူငယ်ချင်း…….သို့ 


စိတ်အားငယ်ညို မျက်ရည်စိုလည်း
အားပေးနှစ်သိမ့် ဖြည့်ဆည်းပေးမယ်
ချစ်သူငယ်ချင်း ။……..။

ဘ၀မှာရှုံးစိတ်မှာနုံးလို့ 
မကြည်မျက်နှာရှိနေပါလည်း
မင်းပျော်ရွှင်အောင် နှစ်သိမ့်ပေးမယ်
ချစ်သူငယ်ချင်း ။……..။

မင်းအတွက်ဆို အရာရာတုန့့်နှင်း
အသက်ရင်းလို့ ကာကွယ်ရဲတယ်
ချစ်သူငယ်ချင်း ။……..။

အခြေမပေးအနေဝေးလည်း
ဆုတောင်းမေတာပို့ သနေမယ်
ချစ်သူငယ်ချင်း ။………။
သြော် ……
ငါ့အတွက်တော့လေ မင်းရဲ့ ရင်မှာ
ငါနဲ့ ခင်ကြောင်း တစေ့ တစောင်း
မှတ်မိရင်ပဲ ကျေနပ်နေမယ်
ချစ်သူငယ်ချင်း ။………..။

ပန်ဒိုရာ
(- ထီလာ -)

သင်မည်သို့ထင်သနည်း။

သင်မည်သို့ထင်သနည်း။
ကံကောင်းခြင်း ၊ကံဆိုးခြင်းဆိုသည်မှာ သင်၏ထင်မြင်ချက်ပေါ်တွင် များစွာမူ တည်ပါသည်။သင်ကံကောင်းနေသည်ဟု သင့်ကိုယ်သင်ယူဆနေလျှင် သင်တကယ် ကံကောင်းနေပါသည်။သင်ကံဆိုးနေသည် ဟုယူဆလိုက်လျှင် သင်ကံဆိုးသူဖြစ်နေ ပါပြီ။ ၎င်းဒဿနနှင့် ပတ်သက်၍ ကြားဘူးသော ပုံပြင်တစ် ပုဒ်ကို ပြောပြလိုပါသည်။
တစ်ခါတုံးက တရုတ်နိုင်ငံ ကျေးလက်တောရွာ တစ်ရွာတွင် မိသားစု တစ်စုမှ မသန်မစွမ်း သားယောင်္ကျားလေး တစ်ယောက်မွေးဖွားလေသည်။ကလေးလာကြည့် ကြသော အိမ်နီးချင်းများက ယင်းမိသားစု အား ‘‘တော်တော်ကံဆိုးတဲ့ မိသားစုပဲ’’ ဟု မှတ်ချက်ချ ပြောဆိုကြလေသည်။
ထိုအခါ အိမ်ရှင်ဖြစ်သူ အဖိုကြီးက
‘‘ကံဆိုးတယ်ဆိုတာ ခင်ဗျားတို့က အဲဒီလိုထင်တာကိုး ’’ဟု ပြန်ပြောလိုက်ပါသည်။
ယင်းနောက် နှစ်ပေါင်း နှစ်ဆယ်လောက် ကြာသောအခါ ၎င်း ရွာသို့ ဘုရင့်စစ် သည်တော်များက စစ်သား စုဆေင်းရန် ရောက်လာကြပါသည်။စစ်သည်တော်များက အရွယ်ရောက်သော ယောင်္ကျားလေး အာလုံးကို ခေါ်ဆောင်သွားပြီး မသန်မစွမ်း ယောင်္ကျားလေး ကိုတော့ ထားရစ်ခဲ့ကြပါသည်။
အိမ်နီးချင်းများက အဖိုကြီးထံသို့ လာပြီး‘‘ တော်တော်ကံကောင်းတဲ့မိသားစုပဲ’’ဟု မှတ်ချက်ပြောဆိုကြပြန်လေသည်။ထိုအခါ အိမ်ရှင်အဖိုကြီးက
‘‘ကျုပ်သာလေးမွေးတုံးကလည်း ခင်ဗျားတို့လာပြီးပြောတယ် ကျုပ်တို့ မိသားစု ကံဆိုးတယ်တဲ့ အခုလည်း ခင်ဗျားတို့ ပြောပြန်ပြီ ကံကောင်းတယ်တဲ့ ခင်ဗျားတို့ စကား တွေ ရှေ့နောက် မညီပါလား’’
ဟုပြန်ပြောလိုက်လေသည်။

ကံကောင်ခြင်း၊ကံဆိုးခြင်းနှင့် စပ်လျဉ်း ၍နောက်ထပ် ပုံပြင်တစ်ပုဒ် ကိုပြောပြလို ပါသေးသည်။
တစ်ခါတုံးက ကျေးလက်တောရွာမှ ကျေးတောသားတစ်ယောက်သည် ချမ်းသာ သောဆွေမျိုးများ၏ ခေါ်ဆေင်မှုဖြင့် လေယဉ်ပျံ စီးခွင့် ရလေသည်။ထိုအခါသူက ငါတော်တော် ကံကောင်းလို့ လေယဉ်ပျံစီးရတာပဲဟု သူ့ကိုယ်သူ မှတ်ချက်ပြုလေသည်
ယင်းနောက် အတန်ငယ် ခရီးပေါက်သောအခါ လေယဉ်ပျံ ပျက်ကျလေသည်။ထိုအခါ သူက ငါတော်တော် ကံဆိုးတာပဲ ဟုယူဆလေသည်။ယင်းနောက် အမှတ်မထင် လေ ထီးတစ်လက်ရရှိလေသည်။ထိုအခါ ကံကောင်းတာပဲ ယူဆလေသည်။
သို့သော် လေထီးကဖွင့်လို့ မရပေ ထိုအခါ ကံဆိုးသည်ဟု ယူဆပြန်လေသည်။
လေထီးမပွင့် ပဲ အောက်သို့ တဖြည်းဖြည်း ကျလာရာ ကောက်ရိုးပုံတစ်ခုပေါသို့ကျလေ သည်။ကံကောင်းသည်ဟု ယူုဆပြန်သည်။ကောက်ရိုးပုံပေါ်တွင် ရှိသောမြွေကကိုက် လိုက်လေသည်။ကံဆိုးသည်ဟု ယူဆပြန်သည်။မြွေမှာ အဆိပ်မရှိသော လင်းမြွေဖြစ် နေပြန်သည်။
ထိုအခါ ကျေးတောသားသည် ကံကောင်းခြင်း ကံဆိးုခြင်းဆိုသည်မှာ သူ့စိတ်၏ အထင်က အဓိကဖြစ်ကြောင်း သဘောပေါက်လာလေသည်။ကံကောင်းခြင်းဖြစ်ဖို့ရန်အ တွက် ကံကောင်းသည် ဟုမိမိကိုယ် ကိုထင်မြင်နိုင်သော အကောင်းမြင်စိတ်ထားအခြေ ခံ ရှိဖို့လိုအပ်ကြောင်း နားလည်လာလေသည်။

ချစ်သောမိတ်ဆွေ အထက်ပါအယူအဆကို သင်ဘယ်သို့ ထင်မြင်ပါသနည်း တုန့်ပြန်ချက် ရေးသားပေးပို့နိုင်ပါသည်။

ဒေါင်းမင်း

မလေးရှားရောက် မြန်မာအလုပ်သမား များ၏ ဒုက္ခ

မလေးရှားရောက် မြန်မာအလုပ်သမား များ၏ ဒုက္ခ

ပီနန်အပိုင်၊ ဘာတာဝပ်မြို့ စက်ရုံတစ်ရုံတွင် သဌေးမှလစာ မပေးသဖြင့်မြန်မာအလုပ် သမားများ အလုပ်မဆင်းပဲ ဆန္ဒပြခြင်းတစ်ရပ်ကို ပြီးခဲ့သည့် တစ်ပတ်က ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားပုံမှာ သဌေးမှ လုပ်အားခ ငွေနှစ်လစာကို နှစ်လခွဲကျော်သည့်အထိ မပေးသဖြင့် ကိုစိန်ဝင်းနိုင်နှင့်ကိုဖြိုးကျော် ဦး ဆောင် ပြီးအားလုံး ညီညွတ်စွာရုံးခန်းသို့ သွားရောက်တောင်းဆို အကျိုး အကြောင်း မေးကြသည်။အလုပ်ရှင် သဌေးမှ မချေမငံပြောသည့် အပြင် မိုက်ရိုင်းစွာဆဲဆိုသဖြင့် ထိုနေ့မှစ၍မြန်မာအလုပ်သမား(၁၇)ယောက်လုံးအလုပ်မဆင်းပဲနေကြသည်။လည်းကောင်းတို့ နှင့်အတူအခြား နီပေါ နှင့် ဘင်္ဂလားများပါ အလုပ်မဆင်းပဲနေကြသည်။

ထိုစက်ရုံသို့ အေးဂျင့်မှ အလုပ်သွင်းပေးရာတွင် အားလုံးမြန်မာ အလုပ်သမား အယောက်(၂၀)

ရှိပါသည်။အခြားသုံးယောက်မှာ အလုပ်ရှင်ကို မကြိုက်သဖြင့် စောစော အလုပ်မှာထွက်သွားကြခြင်းဖြစ်သည်။ ထိုစက်ရုံ တွင် မနက် ၈ နာရီမှ ညနေ ၅း၃၀ အထိ အလုပ်လုပ်ကြရပြီး တနေ့လျှင် ရင်းဂစ် ၁၈.၅၀ နှုန်းဖြင့် အလုပ်လုပ်ကြရသည်။အချိန်ပို ကို ၉နာရီထိပေးမည် ပြော သော်လည်း တစ်လတွင်တစ်ရက်နှစ်ရက်သာရ၍ မရသည့်အခါက များသည်။

နာမကျန်းဖြစ်၍သော်လည်းကောင်း၊ စက်ရုံတွင်းထိခိုက် ဒဏ်ရာရ သော် သဌေးမှ ကုသမပေးပဲ

ကိုယ့်စားရိတ်နှင့်ကို ကျခံ ကာဆေးကုသရသည်။အလုပ်သမားများ၏ ရပိုင်ခွင့်မှန်သမျှကို မပေးပဲ မသိချင်ယောင်ဆောင်နေတက်သည်။အလုပ်မှာလည်း သံထည်များအား ဝရိန်စက်မျာ၊ သံပြားပုံစံခေါက်စက်များ နှင့်လုပ်ရသောအလုပ်ကြမ်းဖြစ်ပါသည်။ထိုသဌေး ၏အ ကြောင်း အား ထိုနားတစ်ဝိုက်မှ အားလုံးသိကြပါသည်။

သဌေးမှ ခေါင်ဆောင်နှစ်ယောက်မှလွဲ၍ ကျန်အလုပ်သမားများအားခေါ်ကာအလုပ်မဆင်လျှင် ရဲခေါ်ဖမ်းခိုင်းမည်ဟူချိန်းခြောက် သဖြင့် ကျောက်လန့်ကာ အလုပ်ပြန်ဆင်းကြရသည်။ ခေါင်းဆောင်သူ နှစ်ယောက်အား အလုပ်ဆင်းခွင့် မပေး ပဲပြန်ပို့မည်ဟုပြောထားပါသည်။ သိုသော်လည်း ယနေ့ထိ လေယာဉ်လက်မှတ်ဝယ်မပေးပဲနေသည်။အကျိုး အကြောင်းမေးလျှင်လည်း ရှောင်ထွက်သွားပါသည်။ လည်းကောင်း ကိစ္စအား မကြေနပ်ကြသဖြင့် တိုင်းကြားလိုသော်လည်း သဌေးမှချိန်းချောက်ကာ ထားသဖြင့် မတိုင်ရဲကြပဲ အကူညီမဲ့နေကြရပါသည်။ ထိုအကြောင်းအား အေးဂျင့်အားဆက်သွယ် အကြောင်းကြားရာ အေးဂျင့်မှ ဖုန်းပိတ်ကာ ရှောင်နေပါသည်။

ထိုစက်ရုံ တွင် အရင်ကလည်းထိုပုံစံမျိုးဖြစ်ပွားခဲ့ဘူးပါသည်။ထိုအကြိမ်တွင်အလုပ်သမား အားလုံး မြန်မာပြည်သို့ ပြန်ကြပါသည်။

ထိုစက်ရုံမှ နောက်ထက် မြန်မာပြည်သားများအားခေါ်ဆိုထားသည် ဟုသိရပါသည်။ဘာမှ မသိနားမလည်းပဲ လာရောက်ကာ ဒုက္ခခံကြရမည် စိုးသဖြင့် ထိုစက်ရုံ နာမည်နှင့် လိပ်စာအား

ဖော်ပြအသိပေးအပ်ပါသည်။တဆင့်စကားဖြင့် အားလုံးကူညီအသိပေး ရှောင်ရှား ကြပါ ။လိပ်စာမှာ

ENG HOE IRON FOUNDRY
No.1164,Long Perusahaam ,Sungai Lokan 8,
Kawasan Perusahaam Acku,13400,Butterworth,Palaupanang
Tel.04-3238312 / 3332275

သတင်းပေးပို့သူ- လည်းကောင်းစက်ရုံမှအလုပ်သမားများ
သတင်းတင်သူ- ကိုမိုးသွေးငယ်
ငွန်ငယ်မိုးဘလော့http://www.ngunngemoe.co.cc/မှကူးယူဖော်ပြသည်။

Saturday, January 3, 2009

လွမ်းရလေသောမိတ္ထီလာမြို့မှ*အိမ်*လေးရယ်..

လွမ်းတယ်...ဆိုတဲ့စကားလေးနှစ်လုံးဟာ..အများကြီးကိုယ်စားပြုပါတယ်... မိဘကိုလွမ်းတာ..ချစ်သူကိုလွမ်.တာ..သူငယ်ချင်းကိုလွမ်းတာ...အို...အစုံ....ပဲပေါ့.. အခုကျွန်တော်လွမ်းနေတယ်..ကျွန်တော့်ရဲ့မိသားစု..ကျွန်တော်နေထိုင်ခဲ့တဲ့မြို့ကလေး.. ထိုမြို့ကလေးကကျွန်တော်"အိမ်"ထိုမြို့လေးမှကျွန်တော်ရဲ့သူငယ်ချင်းအပေါင်းအသင်းများ အကုန်ပေါ့..ကျွန်တော်လွမ်းနေတယ်.... မဖြစ်သာသောအကြောင်းလေးရှိလို့သာအိမ်ကနေထွက်ခွာလာရပေမယ့်..."အိမ်"ကိုအမြဲလွမ်းနေရတယ်.. ပြည်ပကိုရောက်လာပြီးမှ"အိမ်"မိသားစု"ဆိုတာလေးကိုပိုပြီးတမ်းတမိတယ်..အခက်အခဲအတွေကြုံလာတိုင်း ငယ်စဉ်ကနေထိုင်ခဲ့တဲ့ကျွန်တော့်အိမ်ကလေး..ကျွန်တော်မိသားစုလေးဆီမှာ..တချက်လောက် နားခိုချင်တယ်..မိခင်ရဲ့နွေးထွေးသောအားပေးစကားလေးတွေကြားချင်မိတယ်... မောင်နှမ.သူငယ်ချင်းတွေရဲ့အားပေးမှုတွေကိုလိုချင်မိတယ်...... အားလုံး...အားလုံး..ပါပဲလိုချင်တမ်းတမိတယ်..ကျွန်တော်ဒီနေ့.."ဘယ်တော့မှမမေ့ဘူး"ဆိုတဲ့သီချင်းလေးကိုအခေါက်ခေါက်အခါခါနားထောင်နေမိတယ်..

တချိန်ချိန်မှာခွဲရမှာသိပေမယ့်လည်း..အမြန်ဆုံးလဲပြန်လည်ဆုံဆည်းချင်တယ်...အိမ်လေးမှာပဲပြန်လည်နားခိုချင်တယ် ဘယ်ချိန်မှန်းမသိတဲ့တစ်ချိန်မှာအိမ်လေးကိုပြန်ရောက်ရင်.အိမ်ခြံနောက်က.သပြေခင်းလေး..မှာထိုင်ပြီး. စီးဆင်းနေတဲ့ရေချောင်းလေးကိုကြည့်ရင်း.ဂစ်တာလေးတစ်လက်နဲ့သီချင်းလေးငြီးဆိုချင်တယ်...

ပြီးရင်အမေချက်တဲ့မစားရတာကြာပြီဖြစ်တဲ့ထမင်းဟင်းလေ.ကိုမိသားစုစုံလင်စွာနဲ့စားချင်တယ်....
အိမ်ကိုလွမ်းတိုင်းဒီသီချင်းလေးကိုနားထောင်မိတယ်..........."အိမ်လွမ်းသူ"သီချင်းနဲ့

ကျွန်တော်အကိုအကြီးဆုံးအမြဲဂစ်တာတီးပြီးဆိုလေ့ရှိတဲ့"အိမ်ကိုပြန်ခဲ့တော့"ဆိုတဲ့သီချင်းလေးကိုလဲအမြဲ
နားထောင်မိတယ်.လေ...



ပြည်ပရောက်နေကျသော..ကျွန်တော်လိုပဲ.".အိမ်"ကိုလွမ်းနေသူမြောက်များစွာရှိကျမှာပါ...
အို...အဆုံးစွန်ထိပြောရမယ်ဆိုရင်..."အိမ်"တင်မဟုတ်ဘူး..အမိမြေ..အမိနိုင်ငံ..ကြီးကိုပါ..လွမ်းဆွတ်တမ်းတ
နေမိတယ်.....


ကျွန်တော်လိုချင်တာကိုရအောင်ယူဖို့အိမ်ကနေထွက်လာခဲ့တယ်....ဒါပေမယ့်ကျွန်တော်မသိလိုက်တာက

ကျွန်တော်လိုချင်တာတခုရခဲ့ပေမယ့်..နောက်မှာရှိခဲ့ပြီးသားတွေကိုစွန်လွတ်ခဲ့ရပါလားဆိုတာ
အခုတော့သိပြီလေ..အဲဒါဘာလဲ....ကျွန်တော်ရဲ့မိသားစု...အိမ်..ညီအကိုမောင်နှမ...
အားလုံးပေါ့......အခုတော့လောကဒဏ်ဆိုတဲ့အရာအောက်မှာလိုချင်တာလေးကိုရယူပြီး
မိန်းမောနေရတဲ့အဖြစ်လေ....အခုတော့လဲကျွန်တော်အိမ်လေးကိုလွမ်းနေရပြီလေ............
ကဲအိမ်လွမ်းနေသူများအပေါ်ကသီချင်းလေးတွေနားထောင်ရင်း.............
.............ကျွန်တော်လိုပဲအိမ်ကိုလွမ်းနိုင်ကျပါစေ..................ဆိုတဲ့နောက်မှာ...အိမ်ကိုလဲ..
အမြန်ဆုံးပြန်နိုင်ကျပါစေလို့......

ဒေါင်းမင်း

ဆက်စပ်မှုမဲ့ခြင်းများ

တစ်ကယ်တော့….

ခံစားချက်တွေနဲ့ စိတ်အစာဖြေမှုတွေကြားမှာ လွင့်ပါးစီးမျောနေကြတဲ့ …

မျှော်ကိုးမှုမပါ စေတနာတွေဖုံးလွှမ်းနေတဲ့ စာတွေ၊ ကဗျာတွေ၊ ခံစားချက်၊ အနုပညာတွေ၊ ဆောင်းပါးတွေ၊ ဝေဖန်ချက်တွေ၊ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး အမြင်တွေ၊ ရယ်…
ဒါမှမဟုတ်…
တစ်စုံ တစ်ရာ အကျိုးအမြတ်တွေ၊ မျှော်ကိုးမှုတွေကို အရင်းခံရင်း
သူများပေးတဲ့ ပညာတွေနဲ့ တိုင်းပြည်ကို ပြန်လက်ညှိုးထိုး
အပေါ်စီးက ဝေဖန်ရေးသားမှု စာစုတို့ ကျင်လည်ရာ ဒီဖန်သားပြင်တွေရယ်..

ဖန်သားပြင်နောက်ကွယ်က ဘ၀ စစ်တွေ ရယ်…

ရန်ကုန်မြို့ကြီးပေါ် က ဘ၀ စစ်တွေဟာ …

လုံးဝ ဆက်စပ်မှုမရှိတဲ့ Venn Diagram စက်ဝိုင်း သုံးခုလိုပါလားလို့
အံ့သြစွာနဲ့…
ကိုယ်…
တရားတွေရနေမိတယ်..။

ဒီလိုနဲ့ …
ကိုယ်တို့တွေဟာ…
ဆက်စပ်မှုမဲ့စွာ..
အစုအဖွဲ့လေးတွေဖွဲ့ရင်း
တစ်ဖြည်းဖြည်း ဝေးကွာသွားကြတော့မယ်ထင်ရဲ့။

Filed under: ကဗျာ — အိမ့်ချမ်းမြေ့ @ 5:47 pm
http://www.ainchannmyay.com/မှကူးယူဖော်ပြသည်။


ချစ်သောသူများနှင့်တဖြည်းဖြည်းဝေးကွာမှာကိုဆိုးရိမ်မိတယ်
ဒေါင်းမင်း