ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Tuesday, August 11, 2009

အမေရိကန်နိုင်ငံသား မစ္စတာ ဒေ့ဗ်နှင့် တွေ့ဆုံခြင်း အခန်း (၂)ဇာတ်သိမ်းပိုင်း


မစ္စတာဒေ့ဗ် အနေဖြင့် သူသောက်နေကျ အရက်ကိုသောက်နေသော်လည်း ဗုဒ္ဓဘာသာဘုန်းကြီးဖြစ်သော စာရေးသူကို ရှက်ရွံ့အားနာ၍ မမြင်ကွယ်ရာမှာ သောက်နေသောကြောင့် သိသာသိသော်လည်း မမြင် ချင်ယောင် မသိချင်ယောင် ဆောင်၍ နေလိုက်ရပါသည်။အမေရိကန်နှင့် အနောက်နိုင်ငံသား အမျးစုသည် ကိုယ်ပိုင် ပုဂ္ဂလိက လွတ်လပ်မှုကို အလေးထား၍ အခြားလူကို အားနာခြင်း၊ ဂရုစိုက်ခြင်းအားနည်း ကြောင်းစာရေးသူသိထားပါသည်။ ထို့ကြောင့် တရားထိုင်ဖို့လာတာတောင် အရက်သောက်နေရသေးလား ဟု သူ့ကို အပြစ် မတင်ရက်တော့ပဲ ကိုယ့်ကို လေးစားသည့်အနေဖြင့် မမြင်ကွယ်ရာမှာသောက်နေသည်ကို ပင် ကျေးဇူးတင်နေမိပါသည်။

ဟိုတယ်သို့ရောက်ပြီး ၁၅ မိနစ်ခန့်ကြာသောအခါ စာရေးသူက သူ့ကို စကားစလိုက်ပါသည်။

ကဲ ဒေ့ဗ် ရေ ငါတို့ လာရင်း အလုပ်စလိုက်ကြရအောင် ငါလည်း တရားထိုင်နည်းကိုသာသိထားပြီး တရား မထိုင်ဖြစ်တာကြာပြီ။ အခုငါ့တွက်လည်း တရားထိုင်အလေ့အကျင့် ပြန်လုပ်ရင်း မင်းကိုလည်းသင်ပေးရင်း ငါတို့ တရားထိုင်ကြရအေင် ပြောလိုက်ပါသည်။ သူကလည်း ကောင်းပြီဟု ဆိုကာ စာရေးသူ ပြောတာကိုနား ထောင်ရင်း တရားထိုင်ဖို့ပြင်ဆင်လိုက်ပါသည်။

တရားမထိုင်ခင် လက်ရှိသူခံစားနေရသော စိတ်ကျဝေဒနာအတွက် အကြောင်းအရင်းကိုမေးလိုက်ပါ သည်။သူပြောပြ၍ သူ့အကြောင်းသိရသည်မှာသူ့တွင် ညီအစ်ကို ငါးယောက်ရှိပြီးလေးယောက်မြောက်ဖြစ် ပါ သည်။အမေရိက ကနေ အာရှကို ထွက်လာတာ ( ၇ )နှစ်ရှိပြီ ဖြစ်ပါသည်။မစ္စတာဒေ့ဗ် ၏ ရင်ထဲအမေရိကန် မုန်းတီးရေး စိတ်ဓာတ်များ ကိန်းအောင်းနေသည်ကိုလည်း သူ၏ပြောစကားများအရသိနေရပါသည်။ အမေ ရိကန်မုန်းတီးရေး စိတ်ဓာတ်ရှိသော အမေရိကန်လူမျိုးတစ်ယောက်ကို ရှားရှားပါးပါးတွေ့နေရခြင်းဖြစ်ပါသည်။ အခြားလူမျိုးတို့ အမေရိကန်ကို မုန်းတီးခြင်းမှာ ယင်းတို့၏ နိုင်ငံရေး လူမှုရေး ယဉ်ကျေးမှုများနှင့် ဆန့်ကျင် ဖက်ဖြစ်ခြင်းကြောင့် မုန်တီးခြင်းဖြစ်ပြီး၊မစ္စတာ ဒေ့ဗ် ၏ အမေရိကန်မုန်းတီးခြင်းစိတ်ဓာတ်မှာတော့ သူ၏ ကိုယ်ကျိုးစီးပွါးကို အကြီးအကျယ်ထိခိုက်သောကြောင့် မုန်းတီးခြင်း ဖြစ်ပါသည်။
မစ္စတာ ဒေ့ဗ်နှင့်စာရေးသူ
သူ၏ဇာတိဖြစ်သော ဖလော်ရီဒါပြည်နယ် မိုင်ယာမီ၌ နေထိုင်စဉ် တစ်နေ့သောအခါ ယဉ်တိုက်မှု ဖြစ်ခဲ့ပါ သည်။အမျိုးသမီးတစ်ယောက်ကို တိုက်မိခြင်းဖြစ်ပြီး အသက်မသေသော်လည်း ဆေးရုံကို အတော်ကြာကြာ တက်လိုက်ရကြောင်းပြောပါသည်။ထိုကိစ္စ အတွက် တရားရုံးကို ရောက်ရှိသွားပြီး တရားလိုအမျိုးသမီး၏ရှေ့ နေက တရားမမျှတလွန်းစွာ သူ့ထံမှ လျော်ကြေးအဖြစ် ဒေါလာ သိန်းနဲ့ ချီ ရအောင်ကြံဆောင်ခဲ့ပါသည်။သူ့ အနေဖြင့် ၄င်း အမှုကို တရားသဖြင့် ဖြစ်စေရေးအတွက် ရှေ့နေငှါးရမ်းခဲ့သော်လည်း သှူုငှားခဲ့သောရှေ့နေက တရားခံ အကျိုးဆောင် ရှေ့နေနှင့် ပူးပေါင်းခဲ့ပြီးသူ၏ငွေကြေးများကို ရယူရန်ကြံစည်ခဲ့ကြပါသည်။ ထိုအချိန်တွင် ဒေ့ဗ်သည် ကုမ္ပဏီတစ်ခုတွင် စီမန်ခန့်ခွဲရေး မန်နေဂျာအဖြစ် ထမ်းဆောင်နေသောကြောင့် အလုပ်တစ်ဖက်နှင့် အမှုကို ရင်ဆိုင်နေရခြင်းဖြစ်ပ်ါသည်။



ယင်းသို့ ရှေ့နေနှစ်ယောက်က မသမာ လုပ်နေသောကိစ္စုကို လွှတ်တော် အမတ်တစ်ဦးကိုတင်ပြတိုင် တန်းခဲ့ရာ ယင်းလွှတ်တော် အမတ်က မူလတွင် တရားသဖြင့် ဖြစ်စေရန်ဆောင်ရွက်ပေးမည်ဟု ကတိပြု ခဲ့ပြီး နောက်ပိုင်း ယင်းလွှတ်တော် အမတ်ကလည်း ရှေ့နေနှစ်ယောက်နှင့် ပေါင်းပြီး သူ့ထံမှ ဒေါ်လာ သန်းနှင့်ချီ ၍ တောင်းကာ စည်းစိမ်ပြုတ်အောင် လုပ်ခဲ့ကြပါသည်။သူပြောပြသော ဖြစ်စဉ်မှာ အတန်ငယ် ရှည်လျားသော် လည်း အကျဉ်းချုပ်မှာ ထိုအတိုင်းပင်ဖြစ်ပါသည်။စီးပွါးပျက် စည်းစိမ်ဥစ္စာပြုတ်ပြီး အမေရိက တွင် နေလို့မဖြစ် တော့ပဲ သူကိုယ်တိုင်လည်း နေချင်စိတ် မရှိတော့ပဲ အာရှသို့ ထွက်လာခဲ့ရာ ဟောင်ကောင်တွင် ၅ နှစ် ထိုင်း နိုင်ငံ တွင် ၂ နှစ် စာရေးသူနှင့် တွေ့သည့် အချိန်တွင် အားလုံး ခုနနှစ်ရှိနေပြီဖြစ်ကြောင်းသိရပါသည်။

သူ၏ ဘ၀ဇတ်လမ်းကို နားထောင်ပြီးသည့်နောက် သူ့ဝေဒနာမှာ မသေးလှကြောင်း စာရေးသူ ခန့်မှန်း မိ ပါသည်။နာကျည်းချက်များ အမုန်းတရားများ စိတ်ဓာတ်ကျဆင်းမှုများ နှင့် ပြည့်နှက်နေကြောင်းတွေ့ရပါသည် ထို့နောက် သူနှင့် ကိုက်ညီမည်ထင်သော အာနပါန ကမ္မဌာန်းနှင့် မေတ္တာ ကမ္မဌာန်းတို့ကို ပေး၍ စာရေးသူ ကိုယ်တိုင်လည်း တရားထိုင် ၊သူ့ကိုလည်း နည်းပေးကာ တရားထိုင်စေပါသည်။ တည်းခိုသော ဟိုတယ်သည် အတန်ငယ် တိတ်ဆိတ် ငြိမ်သက်မှု ရှိသောကြောင့် တရားထိုင်ရသည်မှာ လွန်စွာ အဆင်ပြေပါသည်။မစ္စတာ ဒေ့ဗ်သည် မေတ္တာ ကမ္မဌာန်းထက် အာနာပါန ကမ္မဌာန်းကို ပို၍ သဘောကျကြောင်း တွေ့မြင်ရပါသည်။သို့ သော် တရားကို ကြာကြာထိုင်၍ မရပါ။ ၁၅ မိနစ်ခန့်ထိုင်ပြီးလျှင် သက်ပြင်း ရှည်ကြီးချသံများကြားရပြီး အပြင် ထွက်လိုက် ပြန်ထိုင်လိုက်ဖြင့် ဂနာမငြိမ် ဖြစ်နေသည်ကို သတိပြုမိပါသည်။စာရေးသူက တစ်ခါ ထိုင်လျှင် တစ်နာရီ အနည်းဆုံး အာရုံရစွာ ထိုင်လိုက်ပါသည်။ စာရေးသူ တရားထိုင်ပြီးတိုင်း စာရေးသူကို ကြည့်၍ ဦး ပန် သိပ်ထိုင်နိုင်တာပဲ အလွန်ငြိမ်းချမ်းတာပဲ သူပြောလေ့ရှိပါသည်။

အာရုံဆွမ်း နေ့ဆွမ်း စားချိန်မှ လွဲ၍ သူနှင့် တရားစကားပြောလိုက်၊တရားထိုင်လိုက်ဖြင့် အချိန်ကို ကုန် လွန်စေပါသည်။သူမေးသော အကြောင်းအရာများမှာ သူသည် စာကို အတော်များများဖတ်ဖူးခဲ့ကြောင်းအထူး သဖြင့် ဘာသာရေးစာပေများကိုဖတ်ဖူးခဲ့ကြောင်း ဘာသာရေးတွင် ၊ယေရှုခရစ်ကလည်း သူသာမှန်ကြောင်း သူ့ အယူဝါဒကို လိုက်နာစေလိုကြောင်း ၊ ထို့အတူ ဂေါတမ ဗုဒ္ဓကလည်း သူ့တရားကို လိုက်နာစေလိုကြောင်း မိုဟာမက်တို့ ၊ရှီဝ တို့ကလည်း သူတို့ ကိုသာ ကိုးကွယ်စေလိုကြောင်း ၊ထို့အပြင် ဒါဝင်ကလည်း လူသားဝါဒ ကိုဖော်ထုတ်ခဲ့ပြီး သူ့အဆိုသာလျှင် မှန်ကန်ကြောင်း ထိုအယူ ၀ါဒတွေထဲမှာဒါဝင်ကို သူအလွန်သဘောကျ ကြောင်း ပြောပြပါသည်။

စာရေးသူက ဘာသာအားလုံး သူဟာနှင့်သူ အားလုံးမှန်ကန်သည်ဟု ပြောကြကြောင်း သို့သော် အခြား ဘာသာ များမှာ သူတို့ကိုကိုးကွယ်ရန် တွန်းအားပေးပြီး ဗုဒ္ဓဘာသာကတော့ကိုးကွယ်ဖို့ထက် လိုက်နာဖို့ကို ပို ပြီး ဦးစားပေထားကြောင်း လက်ရှိဘ၀ ငြိမ်းချမ်မှုရရှိရန်နှင့် ဘ၀ကုန်ဆုံးရာကို အဖြေရှာ၍ သံသရာ ဘ၀ လွတ်မြောက်ဖို့ရန်ကို အဓိက ညွှန်ကြားထားကြောင်း ငြိမ်းချမ်းမှုကို လိုချင်လျှင် မည်သူမဆို ဘရားရှင်၏ တရားတော်ကို လိုက်နာဖို့ လိုအပ်မှာ ဖြစ်ကြောင်းရှင်းလင်းပေးပါသည်။ညဘက်အိပ်သောအခါ စာရေးသူ က တရားထိုင်လိုက် အိပ်လိုက်ဖြင့် အဆင်ပြေစွာ နေနိုင်သော်လည်း ဒေ့ဗ်မှာ ကောင်းမွန်စွာ မအိပ်နိုင်ကြောင်း ထိုအခါ တွင်မှ သိရလေသည်။၎င်းတစ်ယောက်တည်း စကားတွေပြောလိုက် ၊ဆဲဆိုလိုက် ၊ မကျေမနပ်ရေ ရွတ်လိုက်ဖြင့် အိပ်ရသည်မရှိပဲ တညတာ ကုန်လွန်ရပါသည်။

စာရေးသူမှာ ဒေ့ဗ် ကို ဖျောင့်ဖျ တရားဟောလိုက်၊စည်းကမ်းထား၍ အကျပ်ကိုလိုက်ဖြင့် အဆင်ပြေ အောင်ထိန်းသိမ်းရပါသည်။ ညဘက်တွေမှာ အိပ်မရသည်မှာ အတော်ကြာခဲ့ပြီ ဖြစ်ကြောင်း သူပြောပြမှ သိရလေသည်။ နေ့ခင်းဘက်အခါတွင်တော့ အနည်းငယ် အိပ်၍ ရကြောင်းတွေ့ရပါသည်။ဒုတိယနေ့ရောက် လာသောအခါ အနည်းငယ် အသားကျလာ၍ ပြောရ ဆိုရသည်မှာ အဆင်ပြေမှု ရှိလာပါသည်။ပထမနေ့ တုံးက ကဲ့သို့ မျက်နှာမှာ အားငယ်မှုများ သိပ်မတွေ့ရတော့ပဲ အနည်းငယ် လန်းဆန်းလာပါသည်။၎င်း နေ့တွင်လည်း စာရေးသူက တရားထိုင်လိုက် သူ့ကို တရားပြပေးလိုက်ဖြင့် အချိန်ကုန်လွန်စေပါသည်။ ညနေ ပိုင်း အနည်းငယ် လမ်းလျှောက် ထွက်ကြပါသည်။ ညပိုင်း ရောက်လသော အခါ ပထမညထက် ပိုပြီး အိပ်လို့ ရလာကြောင်းသိရ၍ စာရေးသူရော သူပါ ၀မ်းသာရပါသည်။တရားထိုင်သောအခါ ယခင်၁၅ မိနစ်ခန့် ထိုင်နေ ရာမှ နာရီဝက်ခန့်ထိုင်နိုင်အောင် သူလည်း လိုက်ပါကြိုးစာထိုင်လာပါသည်။

နှစ်ညအိပ်ပြီးနောက် သုံးရက်မြောက် ညနေပိုင်းတွင် ချင်းမိုင်ကိုသွားရန် စီစဉ်ကြရပါသည်။ချင်းမိုင်ရှိ တရား ရိပ်သာတစ်ခုတွင် ဒေ့ဗ်ကို ပို့ဆောင်ပေးရန်ဖြစ်ပါသည်။ ဟိုတယ်တွင် ရေရှည်နေမည်ဆိုလျှင် အလုပ် မရှိသေးသော သူ့အတွက် စရိတ်ကြီးမားခြင်းနှင့် စာရေးသူမှာလည်း ကိုယ်ရေးကိုယ်တာ ကိစ္စများရှိနေခြင်း ကြောင့် ရိပ်သာပို့ရန်စီစဉ်ရခြင်း ဖြစ်ပါသည်။ စာရေးသူ၏ မိတ်ဆွေဖြစ်သော လန်းပန်း ၀ပ်ထာ့မအို့ မြန်မာ ကျောင်း တိုက်မှ ဆရာတော် ဦးဇနက ၏ စုံစမ်းပေးမှုဖြင့် ချင်းမိုင်ကို သွားရခြင်းဖြစ်ပါသည်။ချင်းမိုင်သွားရန် ကားကို အယုဒ္ဓယရှိ ခရီးသွားအေဂျင်စီမှ စီစဉ်ခြင်း ဖြစ်ရာ ကားတစ်စီးလုံးတွင် အာရှသားဟူ၍ စာရေးသူနှင့် ဂျပန်လူမျိုး တစ်ယောက်သာပါပြီး ကျန်ပုဂ္ဂိုလ်အားလုံးမှာ အမေရိကန် အာဖရိကန်နှင့် ဥရောပ ကမ္ဘာလှည့် ခရီးသွားများ ဖြစ်ကြလေသည်။ကမ္ဘလှည့်ခရီးသွားတိုးရစ်စ်များကြားမှာ စာရေးသူက ဘုန်းကြီးအဖြစ်သီး ခြား ပါနေ၍ စိတ်ထဲမှာ သင့်တော်ပါ့မလား ဟူသောခံစားမှုမျိုးက ၀င်ရောက်နေသေးသည်။ ကိုယ့်အလုပ်ကိုယ် လုပ်တာပဲ ဟု ဖြေသိမ့်ပြီး လိုက်ပါလာခဲ့ရပါသည်။

ဒေ့ဗ်ကတော့ အနီးရှိ ခရီးသွားများနှင့် စာရေးသူကို ခရီးတစ်ထောက်ရပ်နားတိုင်း မိတ်ဆက်စကားပြော စေပါသည်။ စာရေးသူကို သူကု အတိုကောက် ဦးပန် ဟုခေါ်ပါသည်။မြန်မာပြည်က ဘုန်းကြီးပါ ဦးပန်လို့ခေါ် ပါတယ် ၊ တရားပြသိပ်တော်ပါတယ် ခုလည်း ကျွန်တော့ကို တရားထိုင်ဖို့ ရိပ်သာ လိုက်ပို့ပေးမလို့ပါဟု စကား စ၍ မိတ်ဆက်ပေးပါသည်။စာရေးသူက မင်းနှင့်ငါနဲ့က ရေစက်ဆုံလို့ တွေ့ရတာ ငါပြောတဲ့စကားနဲ့ မင်းစိတ်နဲ့ ကိုက်ညီလို့ တော်တယ်လို့ ထင်ရတာပါ သူများတွေကို တော်တယ်လို့ပြောပြီး မိတ်မဆက်ပါနဲ့ဟု မေတ္တာရပ်ခံ ရပ်ါသည်။မနက်မိုးလင်းသောအခါ ချင်းမိုင်ကားဂိတ်သို့ ရောက်ရှိပြီး စားသောက်ဆိုင်တစ်ခုသို့သွားကာ မနက် စာစားကြပါသည်။ ယင်းနောက်ကားငှား၍ စွန်ပဋိပတ်ဟု ခေါ်သော ရိပ်သာသို့ သွားရောက်ကြရပါသည်။ရိပ် သာသို့ ရောက်ရှိချိန်တွင် ဆရာတော် တရားပြနေသော အခါနှင့် ကြုံနေ၍ ဧည့်ခန်းမှာ ထိုင်စောင့်နေကြရပါ သည်။ရိပ်သာဆရာတော်မှာ မြန်မာပြည် ပခုက္ကူတွင် ၁၅ နှစ်ခန့် ပရိယတ္တိစာပေသင်ကြားဘူးသော ထိုင်းဆ ရာတော်ဟု ဦးဇနက ၏ ကြိုတင် ပြောပြချက်အရ သိထားခဲ့ပါသည်။

၎င်းရိပ်သာသည် နေရာ အဆောက်အဦး ပတ်ဝန်းကျင်လွန်စွာ ကောင်းမွန်သင့်တော်သော အနေအထား ကို တွေ့ရပါသည်။အဆောက်အဦးများ ခန့်ထည် သပ်ရပ်ခြင်း၊ပတ်ဝန်းကျင် အသံတိတ်ဆိတ်ခြင်း၊ ရိပ်သာဝင်း ထဲတွင် တစ်ပါးနေကျောင်းကလေးများ သပ်ရပ်စွာ တည်ဆောက်ထားခြင်း၊၊ခမ်းနားကြီးကျယ်သော ဓမ္မာရုံ၊ သစ်ပင် ပန်းမန် ရေကန် ဆရာတော်သီတင်းသုံးသော ကျောင်း ၊ဆွမ်းစားကျောင်း ၊ဧည့်ဆောင် အားလုံးလို အပ်တာ မရှိရအောင် ပြည့်စုံကောင်းမွန်နေသည်ကို တွေ့ကြရပါသည်။ဧည့်ဆောင်တွင်စောင့်နေရင်း ရိပ်သာ ၏ ယောဂီလက်ခံပုံအနေအထားကို ကောင်တာရှိ သီလရှင်အား မေးမြန်းကြရပါသည်။သီလရှင်ကြီးက ရှင်း ပြသည်မှာ ဒေ့ဗ်တို့လို နိုင်ငံခြားသားတွေ အတွက် ဆရာတော်ကသာ စီစဉ်ဆုံးဖြတ်ရကြောင်း နေထိုင်ခွင့်ရ လျှင် ကောက်ခံကြေးဆိုတာ မရှိပဲ မိမိ စေတနာရှိသလိုသာ အလှူငွေထည့်ဝင်နိုင်ကြောင်း သိရပါသည်။

ယင်းနောက် ဆရာတော် တရားပြပြီးသောအခါ ဆရာတော်အဆောင်သို့ သွားကြရပါသည်။ဆရာတော် မှာ သက်တော် ၅၀ ကျော် ၆၀ခန့်ရှိ၍လွန်စွာဖော်ရွေပါသည်။မြန်မာပြည်တွင် အနေကြာခဲ့ရာ မြန်မာစကားကို မြန်မာ လူမျိုး တစ်ယောက်ကဲ့သို့ ကျွမ်းကျင်စွာပြောတတ်သောကြောင့် လွန်စွာ အဆင်ပြေပါသည်။ဆရာ တော် ကျောင်း ခေါင်းရင်း ဘက်တွင် မဟာစည် ဆရာတော် ဘုရားကြီးဓာတ်ပုံကို ဖူးတွေ့လိုက်ရ၍ လွန်စွာ အားရှိသွားပါသည်။ဒေ့ဗ် ကို လက်ခံရန် အတွက်မှာ ၎င်းတို့ရိပ်သာ၌ လောလောဆယ် ဘာသာပြန်သူ အခက် အခဲ ရှိနေ၍ နိုင်ငံခြားသားများကို လက်မခံနိုင်ကြောင်း ပြောပါသည်။ယင်းသို့ သိလိုက်ရ၍ ဒေ့ဗ်လည်း တော် တော် စိတ်ဓာတ်ကျသွားပုံရပါသည်။ယင်းရိပ်သာ၌ပင် နေ့ဆွမ်း စားချိန်ရောက်လာ၍ ဆရာတော်နှင့် အတူ နေ့ ဆွမ်း စားကြပါသည်။နေ့ဆွမ်းဘုန်းပေးရင်း စကားစမြည် ပြောကြရာ ဆရာတော်သည် မြန်မာပြည်၌ဓမ္မာ စရိယ တန်းအောင်သည် အထိ စာပေသင်ကြားခဲ့ပြီး မြန်မာပြည် အောက်ပိုင်း အထက်ပိုင်း နေရာစုံ ရောက်ဖူး ကြောင်းသိရပါသည်။ ဒေ့ဗ်အတွက် ကိုလည်း သီးခြားနေ့လည်စာ စီစဉ်ပေး၍ နေ့လည်စာစားပြီးနောက် ရိပ် သာမှ ထွက်လာခဲ့ပါသည်။သူ့အနေဖြင့် ထိုရိပ်သာအနေအထားကို လွန်စွာ သဘောကျနေ၍ သိပ်တော့ကျေ နပ်ဟန်မတူပါ။စာရေးသူက နောက်ထပ် စုံစမ်းရန် ရိပ်သာ တစ်ခုရှိသေးကြောင်း ယင်းရိပ်သာမှာ နိုင်ငံတကာ လူမျိုးပေါင်း စုံကို လက်ခံရာ အင်တာနေရှင်နယ် ရိပ်သာ ဖြစ်ကြောင်း ရှင်းပြရပါသည်။ ယင်း ရိပ်သာသည် လည်း လန်ပန်းက ဆရာတော် ဦးဇနက ၏ သတင်းပေးမှုကြောင့် သိရခြင်းဖြစ်ပါသည်။

စွန်ပဋိပတ်ရိပ်သာမှ နှစ်နာရီကျော်ခန့် ကားစီးသော အခါ စာရေးသူတို့သွားမည့် ကျုံထောင်ရိပ်သာသို့ ရောက်ရှိလာပါသည်။ယောဂီစာရင်း လက်ခံသောနေရာကို သီလရှင်တစ်ပါးကလိုက်ပါပို့ဆောင်ပေးပါသည်။ အပြင်ဘန်း အနေအထားဖြင့် ကြည့်လျှင် သာမန် ဘုန်းကြီး ကျောင်း တစ်ကျောင်းဟု ထင်ရသော်လည်း အထဲ ၀င်လိုက်သောအခါတွင် အင်တာနေရှင်နယ် ရိပ်သာ ပီသစွာ လွန်စွာကျယ်ဝန်းကြောင်းတွေ့ရပါသည်။ သန့်ရှင်း သပ်ရပ်မှုကတော့ စွန်ပဋိပတ်ကို မမှီပါ။ယောဂီစာရင်းလက်ခံသောနေရာမှာလည်း သီလရှင်များသာ ဖြစ်၍ ဘာသာစကားတော်တော်များများ ကျွမ်းကျင်ကြောင်းတွေ့ရပါသည်။တချို့ ဂျာမန် အင်္ဂလိပ် စသည်ဖြင့် ဘာသာစကားနှစ်မျိုးသုံးမျိုး ပြောနိုင်ကြောင်း တွေ့ရပါသည်။ပြောဆိုဆက်ဆံမှု ရင်းနှီး ဖော်ရွေမှုတို့မှာ စွန်ပဋိ ပတ် ထက် သာလွန်ကြောင်း တွေ့ရပါသည်။

စာရေးသူက ဒေ့ဗ်နှင့် ဆုံတွေ့ပုံ အကျဉ်းနှင့် ဒေ့ဗ်၏ စိတ်အခြေအနေကိုရှင်းပြပါသည်။သီလရှင်များကစာ ရေးသူကိုလည်း သူတို့ရိပ်သာမှာ တရားထိုင်မှာလားဟုမေးလာပါသည် စာရေးသူက အစီဉ်အစဉ် မရှိကြောင်း လောလောဆယ်ဒေ့ဗ် ကိုသာ လိုက်ပို့ခြင်းဖြစ်ကြောင်း တည အိပ်ပြီးလျှင်ပြန်မည်ဖြစ်ကြောင်းပြောပြပါသည်။ ဒေ့ဗ် အတွက် စာရင်းသွင်းလိုက်ပါသည်။စာရေးသူတို့ပတ်စပို့များကို သိမ်းထားလိုက်ပြီး နေရမည့် အဆောင် များသို့ လိုက်ပါပို့ဆောင်ပေးပါသည်။ချင်းမိုင်ရာသီဥတုက အတန်ငယ်အေးသည် ဖြစ်သောကြောင့် စောင်များ အိပ်ယာခင်းများကို လေးငါးထည်ထုတ်ပေးပါသည်။ ဒေဗ့်အတွက်ကိုလည်း ယောဂီဝတ်စုံအဖြူသုံးစုံနှင့် စောင်များအိပ်ယာခင်းများ ထုတ်ပေးပါသသည်။ တည်းခိုမည့် အဆောင်ကို လိုက်ပို့ရင်းဖြင့် သီလရှင်က ဆွမ်းစားဆောင် ၊ ဘုရားဝတ်တက်ဆောင်တို့ကို တစ်ပါတည်း ပြ သ ပေးပါသည်။အဆောက်အဦးများသည် တည်းခို ဆောင်သို့ သွားသည့် နေရာရောက်သော အခါတွင်မှ ယင်းရိပ်သာ၏ ကျယ်ဝန်းပုံကို တွေ့ရပါသည်။ စွန်ပဋိပတ်ကဲ့သို့ လွင်ပြင်ကျယ်ထဲ၌ သပ်ရပ်စွာ ဆောက်ထားခြင် မဟုတ်သောကြောင့် ထိုမျှလောက် ကျယ် ၀န်းကြောင်း မူလက မသိရခြင်းဖြစ်ပါသည်။အဆောက်အဦးများမှာ အတော်အသင့်ကောင်းမွန်သော်လည်း တစ်ခုနှင့် တစ်ခု ပြွတ်သိပ်စွာ တည်ဆောက်ထားခြင်းဖြစ်ပါသည်။

ဆွမ်းစားကျောင်းများ ဓမ္မာရုံများ၊ သီလရှင်များနေသောကျောင်းများကို ကျော်လွန်တော့မှ ရဟန်းတော် များနေထိုင်ရန် တစ်ပါးနေကျောင်းများကို လွင်ပြင်ကျယ်ကြီးထဲတွင် တွေ့လိုက်ရခြင်းဖြစ်ပါသည်။စာရေးသူခန့် မှန်းမိသလောက် အဆောင်ပေါင်း ၅၀၀ ကျော်လောက်ရှိမည်ထင်ပါသည်။ကျောင်းကလေးများသည် လွန်စွာ သပ်ရပ်ကောင်းမွန်၍ အဆောင်တိုင်းတွင်ခြင်လုံစ်ကာ ၊ရေချိုးခန်း ကုဋီများ ပါရှိပါသည်၊ကုတင်တစ်လုံးစီနှင့် စားပွဲတစ်လုံးလည်း စီစဉ်ပေးထားပါသည်။ရိပ်သာ ခေတ္တနားချိန်ဖြစ်၍ နိုင်ငံခြားသား ရဟန်းတော်များရော ထိုင်းရဟန်းတော်များပါ အဆောင်အသီးသီး၌ တွေ့ရပါသည်။လိုက်ပို့သော သီလရှင်က ဒကာ တစ်ယောက် နှင့် အတူ အဆောင်များကို နေရာချထားပေးပြီး ရိပ်သာစည်းကမ်းများကို အင်္ဂလိပ်လို ရှင်းပြပါသည်။အထူး သဖြင့် ယောဂီတိုင်း ရှစ်ပါသီလ စောင့်ထိန်းရန်နှင့် တရားထိုင်ချိန် ဘုရားရှိခိုးချိန် စားသောက်ချိန်များကို ရှင်း ပြခြင်း ဖြစ်ပါသည်။

စာရေးသူနှင့် ဒေဗ် ကို အဆောင် မျက်နှာချင်းဆိုင် နေရာချပေး၍ လိုက်ပို့သော သီလရှင်နှင့် ဒကာတို့ ပြန်သွားပါသည်။ယင်းနောက် ဒေ့ဗ်က ရှစ်ပါးသီလတွင်ပါဝင်သော ညစာ မစားဖို့ ၀ိကာလ ဘေဇနာ သိက္ခာ ပုဒ်ကို ဘ၀မကျသဖြင့် လာရောက်ဆွေးနွေးပါသည်။တရားထိုင်လိုက်ပြီဆိုရုံဖြင့် ဘာကြောင့် ဒါကို ပညတ် ရသလဲ ဟု မေးလာပါသည်။ စာရေးသူက နံပါသုံး သိက္ခာပုဒ်ဖြစ်သော အဗြဟ္မာစိရိယ ( မေထုန်မမှီဝဲရခြင်း) သိက္ခာပုဒ်ကို စောင့်ထိန်းဖို့ အထောက်အကူ ဖြစ်စေရန်ပြောပြပါသည်။ရုပ်ပိုင်းဆိုင်ရာ အားအင်ပြည့်လာလျှင် စိတ်ပိုင်းဆိုင်ရာလည်း ဖောက်ပြန်လာနိုင်ကြောင်း ရှင်းပြပါသည်။ သို့သော် သူ က လက်ခံပါ။သူ့အနေဖြင့် ည စာစားလျှင်လည်း စိတ်ဖောက်ပြန်ဖို့ မရှိကြောင်း စောဒက တက်လာပါသည် ထို့ကြောင့်စာရေးသူက တရား ထိုင်ဖို့ ရည်ရွယ်ထားပြီဆိုလျှင် ယင်းအလုပ်တစ်ခု တည်း၌သာ စိတ်နှစ်ထားရကြောင်း ပြင်ပ အပိုအလုပ်တွေ ကို တတ်နိုင်သမျှ ရှောင်ကြဉ်ထားရကြောင်း စားသောက်ရေးကိစ္စ ၌ပင် အရသာရှိဖို့ အင်အားဖြစ်ဖို့ထက် တရား အလုပ်လုပ်နိုင်ဖို့သာ ရည်ရွယ်ချက်ထား၍ စားရကြောင်း၊ယခု ညစာ မစားပဲလည်း တရားထိုင်နိုင် ကြသောကြောင့် အပိုအလုပ်ဖြစ်သော ညစာ စားခြင်းအလုပ်ကို ရှောင်ကြဉ်ရကြောင်း ပြောပြလိုက်တော့ မှ ဘ၀င်ကျသွားပါသည်။

ညနေပိုင်း ရောက်သောအခါ ကျောင်းတိုက်ဆရာတော်ကြီးနှင့် သွားရောက်တွေ့ဆုံ သြ၀ါဒခံရန် သီလရှင် မှလာရောက် ခေါ်ဆောင်ပါသည်။ဆရာတော်ကြီးကျောင်းဆောင် နားတွင် ယနေ့မှ အသစ်ရောက်သော၊လူ ယောဂီ ရဟန်းယောဂီ ၂၀ ခန့် တွေ့ရပါသည်။နိုင်ငံခြားသားများရော ထိုင်းလုမျိုးများရော အစုံအလင်တွေ့ရ ပါသည်။ဆရာတော်ကြီးကို တွေ့ဆုံရန် အလှည့်ကျ စောင့်ဆိုင်းနေကြခြင်း ဖြစ်ပါသည်။ စာရေးသူတို့ အလှည့် ရောက်သော အခါ သီလရှင်က ဆရာတော်ကြီးမှာ မြန်မာပြည် ရိပ်သာများတွင် ၂နှစ်ခန့် သီတင်းသုံးဖူး၍မြန် မာစကား အနည်းငယ်ပြောနိုင်ကြောင်း အသိပေးလာပါသည်။ဆရာတော်ကြီးမှာ သက်တော် ၈၀ခန့်ရှိနေပြီ ဖြစ်၍ ကျန်းမာရေး သိပ်ကောင်းပုံ မရပါ သတိတော့ လွန်စွာ ကောင်းပုံရပါသည်။ရှေးဦးစွာ စာရေးသူတို့ အကြောင်းကို သီလရှင်က ထိုင်းဘာသာဖြင့် ရှင်းပြမိတ်ဆက်ပေးပါသည်။ဆရာတောကြီးက စာရေးသူကို မြန်မာစကား အနည်းငယ်ဖြင့် မိတ်ဆက် မေးမြန်းပါသည်။ပါဠိလိုလည်း အနည်းငယ်ပြောပါသည်။ထိုင်းပါဠိ စကားမှာ မြန်မာ အသံဖြင့် အတော်အသင့် လေသံကွဲ၍ အားစိုက်နားထောင်ရပါသည်။စာရေးသူကို ရိပ်သာ ရောက်တုံးရောက်ခိုက်တရား ထိုင်သွားပါလားဟု တိုက်တွန်းပါတော့သည် ။စာရေးသူကလည်း အခုတစ် ခေါက် ဧည့်သည်ကို လာပို့ခြင်း ဖြစ်၍ မနက်ဖြန်ပြန်ရမည် ဖြစ်ကြောင်း နောင် အဆင်ပြေသောအခါ လာ ရောက်တရားထိုင်ရန် အစီအစဉ် ရှိပါကြောင်း ပြန်လည် လျှောက်ထားရပါသည်
မစ္စတာ ဒေ့ဗ်နှင့်စာရေးသူ
ဆရာတော်ကြီး အဆောင်မှ ပြန်လာပြီနောက် ဆွမ်းစားကျောင်းများ ဓမ္မာရုံများ အတွင်း သို့ သွားရောက် လေ့လာဖြစ်ပါသည်။ဆွမ်းစားကျောင်းတွင် မြန်မာ သီလရှင်တစ်ပါးလည်းရှိကြောင်း လိုက်ပို့သော သီလရှင်က ပြောပြ၍ အားတက်မိပါသည်။ တရားထိုင် ဓမ္မာရုံများတွင် မြန်မာပြည်က မဟာစည် ဆရာတော်ကြီး၏ ဓာတ် ပုံများ ချိတ်ဆွဲထားသည် ကို ထပ်မံတွေ့လိုက်ရ၍ စာရေးသူ အံ့သြခြင်း ၀မ်းသာခြင်း ဂုဏ်ယူခြင်းများ ဖြစ်ခဲ့ ကြရပါသည် ဒေ့ ကိုလည်း ဒါက ငါတို့ မြန်မာပြည်က ဆရာတော်ကြီးဟု ဂုဏ်ယူစွာပြောပြရပါသည်။အမိမြန် မာပြည်သည် ဆင်းရဲနိမ့်ကျနေသော်လည်း တိုးတက်နေသော ထိုင်းနိုင်ငံ၏ ပရိယတ္တိရော ပဋိပတ္တိပါ မြန်မာ ပြည်က ဆရာတော်များကို အလေးထား ဂါရ၀ ပြုနေရဆဲဖြစ်ကြောင်း တွေးမိတိုင်း ကြက်သီးထသည်အထိ ဂုဏ်ယူနေမိပါသည်။ပဋိပတ္တိနေရာတွင် ယခုလို အထင်ကရ ရိပ်သာကြီများတွင် မဟာစည် ဆရာတော်ကြီး ၏ ပုံတော်များကို ဖူးတွေ့ရသကဲ့သို့ ပရိယတ္တိ နေရာတွင်လည်း လန်ပန်း ၀ပ်ထာ့မအိုကျောင်းတိုက်မှဆရာ တော် ဦးဓမ္မာနန္ဒ ၊ မုတ်ကျွန်းဆရာတော် ၊မဟာချူလောင်လောင်ကွန်တက္ကသိုလ်မှ ဆရာတော် ဦးကေဏ္ဍည စသော ဆရာတော်တို့မှာ ထိုင်းတနိုင်ငံလုံး လျှမ်းလျှမ်းတောက် နာမည်ကြီး မြန်မာ ဆရာတော်များဖြစ်ကြပါ သည်။

နောက်တစ်နေ့ မနက် အာရုံဆွမ်းစားသွားသောအခါ လူနှင့်ရဟန်းတော်များကို ဆွမ်းစားကျောင်းတစ် ကျောင်း စီ ခွဲထားသည်ကို တွေ့ရပြီး ရဟန်းတော်များ ဆွမ်းစားကျောင်းတွင် ဝေယျာဝေစ္စ လုပ်နေသော မြန်မာ သီလရှင်တစ်ပါးကို တွေ့လိုက်ရပါသည်။အသက် ၄၀ ကျော် ၅၀ ခန့်ရှိပြီး ခေတ္တဒုလ္လဘ ၀တ်စဉ် ဆရာတော်ကြီးက လူမထွက်ဖို့ရန်နှင့်ကျောင်းတိုက်၌ တရားအားထုတ်ရင်း ဝေယျာဝေစ္စကူညလုပ်ီဖို့ မေတ္တာ ရပ်ခံသောကြောင့် မြန်မာပြည်မှာလည်း သားသမီးများ လက်လွတ်ကုန်ပြီဖြစ်သောကြောင့် သီလရှင်ဘ၀ မြဲသွားကြောင်း သူ့ဘ၀ ကို အကျဉ်းချုပ်ပြောပြပါသည်။ ယင်းမြန်မာ သီလရှင်သည် လည်း အင်္ဂလိပ်လို ကောင်းစွာ ပြောတတ်သောကြောင့် ဒေ့ဗ်နှင့် မိတ်ဆက်ပေးပြီး လိုအပ်တာများ ကူညီဖို့ ပြောပြရပါသည်။ ဒေ့ဗ်၏ အခြေအနေကိုလည်း အနည်းငယ် ရှုင်းပြရပါသည်။

ယင်းနေ့တစ်နေ့လုံးတွင် ဒေ့ဗ် က တရားထိုင်ချိန်ဆိုလျှင် သွားထိုင်လိုက် စာရေးသူကအဆောင်မှာ နေခဲ့လိုက် ပြန်လာလျှင် စကားပြောဆွေးနွေးရင်း ၄င်း နေသားကျစေရန် အဖော်လုပ်ပေးလိုက်ဖြင့် တစ် နေ့တာ ကုန်လွန်စေပါသည်။ဤနေရာ၌ အလျဉ်းသင့်၍ ဒေဗ့် ၏ စိထာ်းကောင်းမွန်မှုများကို အနည်းငယ် ပြောပြလိုပါသည်။ရိပ်သာတစ်ခု ရောက်ပြီဆိုလျှင် အခမဲ့နေထိုင်ဖို့ စိတ်ကူး လုံးဝမရှိပဲ ဘယ်လောက်ပေး ရမလဲ ဟူသည်ကို အရင်ဆုံး မေးမြန်းပါသည်။သူတစ်ပါးထံက ဘယ်အရာမှ အလကားရယူဖို့ စိတ်မ၀င် စားပဲ တန်ရာတန်ကြေး စနစ်၊ကိုယ့်အားကိုယ်ကိုးစနစ် အမြစ်တွယ်နေခြင်းဖြစ်ပါသည်။ယင်း ရိပ်သထဲ တွင် ဆောက်လက်စ အဆောက်အဦးများ ရှိရာ ပန်းရံလုပ်နေသော အလုပ်သမားများ၏ ကလေးများကို သူ စားရသော မုန့်များ စားစရာများ သွားရောက်ကျွေးမွေးပြီး ကျွန်တော်တို့ကတော့ သူတော်ကောင်းအလုပ် လုပ်နေတယ် ဆိုပြီး အစားကောင်းတွေ စားရတယ် ၊သူတို့မှာ ကျွန်တော်တို့လို အစားကောင်းတွေ စားရမယ် မထင်ဘူး ကျွန်တော်တို့ရဲ့ စားသောက်နေထိုင်မှုဟာ တရားမျှတပါ့မလားဟု စာရေးသူကို ဆွေးနွေးလာပါ သည် စာရေးသူကလည်း လူအားလုံး သူ့ကံနှင့် သူ့ဘ၀ အခြေအနေနှင့် လာကြသည်ဖြစ်၍ ကိုယ်ဖန်တီးလို့ မရသည့် ကိစ္စတွေမှာ စိတ်ဆင်းရဲ ပြီး တွေးပူမနေဖို့ ဖျောင့်ဖျရပါသည်။သူသည် သူဖတ်ဖူးသော ဒါဝင် သီအိုရီ အတိုင်း လူသားဝါဒကို လွန်စွာတန်ဖိုးထားကြောင်းတွေ့ရပါသည်။အင်ဒိုနီးရှားရောက်စဉ်က လယ်သမားများ ကို ငွေကြေးကူညီပေးခဲ့ပြီး ထိုစဉ်က သူလည်း အဆင်ပြေနေ၍ နောက်လည်းကူညီအုံးမည် ဟု ကတိပေးခဲ့ ကြောင်း ထိုကိစ္စ ကို ယခု အချိန်မှာ မတတ်နိုင်၍ စိတ်မကောင်း ဖြစ်ရကြောင်း သူတို့တတွေက သူ့ကို မျှော် လင့်နေမည် ထင်သောကြောင့် စိတ်မချမ်းသာကြောင်း ပြော၍ ဖြေသိမ့် ပေးရပြန်သည်။ဘာသာရေး အသိ ဖြင့် သိရှိခြင်းမျိုး မဟုတ်သည့်တိုင် မရှိဆင်းရဲချို့တဲ့သူများကို အလှူဒါန လုပ်ဖို့ စေတနာ ထက်သန်ကြောင်း လည်း တွေ့ရပါသည်။

ငွေကြေး ချမ်းသာသည် ဖြစ်စေ ချို့တဲ့သည်ဖြစ်စေ ၊ဘ၀ကို ခမ်းခမ်းနားနား နေထိုင်ချင်စိတ်မရှိပဲ တော ရွာ လယ်ကွင်း စသည်နေရာများတွင် ငါးမျှားရင်း သီးနှံစိုက်ပျိုးရင်း ဘ၀ကို ကုန်လွန်ချင်ကြောင်းပြောပြပါ သည်။အမေရိကန်ကို မုန်းတီးပြီး အမေရိကန် မဆန်သော ထူးထူးဆန်းဆန်း အမေရိကန်လူမျိုးတစ်ယောက် ဟုပင် စာရေးသူ မှတ်ချက်ချလိုက်မိပါသည်။ညနေပိုင်းတွင် စာရေးသူ ပြန်ရမည် ဖြစ်သောကြောင့် မြန်မာသီလရှင်က ကားလက်မှတ် လိုက်ဖြတ်ပေးပါသည်။ဒေ့ဗ်ကတော့ မျက်နှာ သိပ်မကောင်းပါ။သို့ သော် တရားသဘောကို အတော်အသင့် သက်ဝင်နေပြီ ဖြစ်သောကြောင့် ပုံမှန်နီးပါးပြန်ဖြစ်နေပြီဖြစ်ပါသည်။တရား ပြပေးသော ထိုင်းဆရာတော်မှာလည်း အင်္ဂလိပ်လို ကျွမ်းကျင်၍ သူနှင့် လွန်စွာ အဆင်ပြေမှုရှိကြောင်းသိရ၍ ၀မ်းသာရပါသည်။မိုးချုပ်၍ စာရေးသူပြန်မည်လုပ်သောအခါ သူ၏ တရားထိုင်ချိန်နှင့် နီးကပ်နေသော ကြောင့် ကျောင်းအပေါက်ဝ အထိသာ လိုက်ပို့နိုင်ခဲ့ပါသည်။

နောက်ပိုင်း စာရေးသူထံ ဖုန်းဆက်၍ သိရသည်မှာ ကျုံထောင်ရိပ်သာတွင် ၁၂ ရက်တိုင်တိုင်နေခဲ့၍ ရိပ် သာတွင် နေထိုင်စဉ် အီးမေး ဖွင့်ကြည့်ရာ ဟောင်ကောင်မှ မူလ သူလက်လွတ်ခဲ့သော အလုပ်က ပြန်လည် ခေါ်ထားကြောင်းနှင့် မကြာခင် စင်္ကာပူမှ တဆင့် ဟောင်ကောင်ကို သွားရမည်ဖြစ်ကြောင်း သတင်းကောင်း ပါးလာပါသည်။စာရေးသူလည်းဝမ်းသာကြောင်းနှင့်ကျန်းမာရေးဂရုစိုက်ဖို့၊စိတ်ကို တည်ကြည်ငြိမ်းချမ်းအောင် ဆောက်တည်နိုင်ဖို့ ၊စာရေးသူနှင့် ရိပ်သာဆရာတော်များ သင်ကြားပေးသော မြတ်ဗုဒ္ဓတရားတော် အသုံးချ နည်း များကို လက်တွေ့ကျင့်သုံးဖို့ သတိလက်မလွတ်ပဲ အခါအားလျော်စွာ အလေ့အကျင့်လုပ်တရားထိုင်ဖို့ ပြောကြားပေးရပါသည်။ယခု စာရေးနေချိန်တွင်တော့ ဒေ့ဗ်တစ်ယောက် ဟောင်ကောင်မှာ အဆင်ပြေစွာရှိ နေပြီဖြစ်ပါသည်။ထိုင်းနိုင်ငံတွင် နေထိုင်စဉ် အတွင်း အမှတ်တရ ဖြစ်ရပ်များစွာထဲမှ အမှတ်တရ ဖြစ်ရပ်တစ် ခုကို စာဖတ်သူများထံ မျှဝေလိုက်ခြင်း ဖြစ်ပါသည်။


ဂန္ထလုလင် ( ဘိုကလေး )


ဆက်လက်၍ ကမ္ဘေဒီယား အမှတ်တရ နှင့် ထိုင်းနိုင်ငံရောက် အမှတ်တရ ဖြစ်ရပ်များ ရေးသားပါအုံးမည်။