ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Wednesday, April 29, 2009

မိုး.....ရင်ခွင်တစ်ခုဆီသို့တမ်းချင်း


ပြိုမယောင် ရွာမဲ့မိုး
ချိန်းသံတွေပေးလို့
ထစ်ချုန်းတော့မဲ့အလား
လျှပ်တ၀င်းဝင်းနဲ့မို့
စိုးကြောက်မိဒီရင်မှာ
ချောက်ချားစွာနဲ့
ခိုပုန်းရာမဲ့လို့
တမ်းတစွာဖွေရှာနေခဲ့မိ
ဟိုစဉ်ခါကရင်ခွင်တစ်ခုဆီ
ဘယ်ဆီများရောက်ရှိနေခဲ့လိမ့်

ခိုးကိုးရာမဲ့စွာနဲ့
အခန်းထောင့်လေးတစ်နေရာ
အားငယ်စွာငိုရှိုက်နေမိသံ
ခံစားကြားသိနိုင်ရဲ့လား
ဒီထစ်ချုန်းသံများအောက်
ချစ်သူ....
မင်းလည်းထပ်တူရှိနေခဲ့မယ်ဆိုရင်
-----------------------------------------------------------
ရေးသားသူ
ယဉ်ကျေးငယ်

Monday, April 27, 2009

စွန့်လွှတ်သူတို့ နှလုံးသား။

စွန့်လွှတ်သူတို့ နှလုံးသား။

ဘုရားရှင်၏ အလောင်းတော်ဘ၀ ပါရမီဖြည့်ခဲ့စဉ် ကြည်ညိုဖွယ်ကောင်းသော ဘ၀ဖြစ်စဉ်နှစ်ခုကို စာရေး
သူတွေးနေမိပါသည်။ထိုဘ၀နှစ်ခုစလုံမှာလည်းမျောက်ဘ၀များ သာဖြစ်နေပါသည်။ဤသို့တွေးမိခြင်းမှာမလေး
ရှားနိုင်ငံပီနန်းမြို့ရှိ မြန်မာ ဗုဒ္ဓဘာသာ ကျောင်းတိုက်အတွင်း ရေးဆွဲထားသောနံရံဆေးရေး ပန်ချီပုံ တစ်ခုကို
တွေ့လိုက် ရခြင်း ကြောင့်ဖြစ်ပါသည်။ကြိုးတစ်စကို ခါးမှချည် အခြားကြိုးစတစ်စကို တစ်ဘက်ကမ်း သစ်ပင်မှာ ချည်ထားပြီး လက်နှစ်ဖက်က သစ်ကိုင်း သစ်ခက်များကို ဆွဲလျှက် အားမာန်တင်းထားသော ပုံကိုကြည့်နေမိရင်း
ငယ်စဉ်က သင်ကြားဖတ်ရှုခဲ့ရသော အထက်ပါဖြစ်ရပ် အကြောင်းအရာများကို ပုံဖော် ခံစားတွေးတောနေမိ
ပါသည်။ ခေါင်းဆောင်ကောင်း ပီသစွာ ဖြစ်ပေါ်လာမည့် အန္တရာယ် ရန်စွယ်တို့ကိုကြိုတင် တွက်ဆမိသည်။ မြစ်ကမ်းဘက် ထွက်ကျနေသော သရက်ကိုင်း တွင် သရက်သီး အဖြစ် မရောက်မည် သရက်ဖူး သရက်ပွင့် အဖြစ်ရှိစဉ်ကပင် လက်အောက်ငယ်သားများကို ချိုးယူ ချေမွ ဖျက်ဆီးခိုင်းခဲ့သည်။သို့သော် ကံကြမ္မာက သူတို့ကိုမျက်နှာသာမပေး ခဲ့ပါ။ခါချဉ်အုံ အတွင်းရောက်နေသော သရက်သီးတစ်လုံးကိုသူတို့ မတွေ့မမြင်ခဲ့သော ကြောင့် အချိန်တန်၍ သရက်သီးရင့်မှည့်လာသောအခါမြစ်ကမ်းနားသို့ ကြွေကျ၍ တစ် ယောက်သော သူက ဆယ်ယူရရှိခဲ့လေသည်။

သရက်သီး၏ အရသာ လွန်စွာချိုမြိန်လှသောကြောင့် ဆုလာဘ်ရရှိရန်ဘုရင့်ထံသို့ သွားရောက်ဆက်ကပ်
လေသည်။ချိုအေးမွှေးလှသော သရက်သီး၏ အရသာကိုသိရ ပြီးနောက် ဘုရင်လည်း မုဆိုးတို့၏ အကူအညီဖြင့် သရက်သီးရှိရာကို သွားရောက်ဖို့ ဆုံးဖြတ်လိုက်လေသည်။မျောက်မင်းတို့ နေသော တောအုပ်သို့ ဘုရင်နှင့် အဖွဲ့သားများ ၊မုဆိုးများ ရောက်လာသည်ကို သိလိုက်ရသောအခါ သူတို့ မျောက်မျိုးနွယ်စုတစ်ခုလုံးကြီး
စွာသော ဒုက္ခ ရောက်တော့မည်ကို သူသိလိုက်ပြီ။ခေါင်းဆောင်တစ်ဦး၏ စိတ်ဓာတ် သည် သာမာန်အချိန်မှာ ထူခြားမှု ရှိချင်မှ ရှိမည် ဖြစ်သော်လည်း အရေးအကြောင်းကြုံ လာသောအခါ ခေါင်းဆောင်ပီသသူတို့၏
စိတ်ဓာတ်ကို ထင်ရှားစွာသိမြင်ခွင့်ရကြလေ သည်။ ဘုရင်နှင့် မှူးမတ်များ ပထမနေ့ရောက်လာသောအချိန်
သည် မိုးချုပ်နေ၀င်ကာနီး အချိန်ဖြစ်သောကြောင့် သရက်သီးခူးချိန်မရ၊ သရက်ပင်တွင်မျောက်များကို တွေ့မြင် သွားသောကြောင့် သရက်သီလည်းခူး မျောက်များကိုလည်း သတ်ဖြတ်ရန် သူတို့စီစဉ် ကြလေသည်။လူအများ
ရောက်လာလျှင် သူတို့ မျောက်အပေါင်း အန္တရာယ်ကျရောက် တော့မည်ကို သိသော မျောက်များသည် ဘုရား
လောင်းမျောက်မင်းထံ သွားရောက် အ ကူအညီတောင်းခံကြလေသည်။

“သင်တို့တတွေ ဘာမှ မစိုးရိမ်နဲ့ ငါအသက် ရှင် နေသရွေ့ သင်တို့ အသက်ကို ကယ် တင်ဖို့ ငါအစွမ်းကုန် ကြိုးစားကယ်တင်မယ် ”

သူ့နှလုံသား သူ့စိတ်ဓာတ် သူ့ အတွေးအာရုံ အားလုံးသည် သူတို့မျိုးနွယ်များလွတ်မြောက်စေရန်အတွက်
ဖြစ်သည်။သူ့အသက်ခန္ဓာတို့၏ ဖြစ်တည်နေမှုသည် သူတို့ မျိုး နွယ်စုတို့၏ ဖြစ်တည်မှုနှင့် တသားတည်း ဟု
သူခံယူထားသည်။ကြီးစွာသော အဟုန် ဖြင့် တဘက်ကမ်းသို့ သူခုန်ကူးလိုက်သည်။သူတို့မျိုးနွယ်တစုလုံးမှာ ထိုသို့ ခုန်ကူးနိုင် သည်မှာ သူတစ်ဦးတည်းသာဖြစ်သည်။အကွာအဝေးကိုတခါတည်း မှန်းဆလိုက်ပြီး တဘက်
ကမ်းရှိ ခြုံတစ်ခုမှ နွယ်ကြိုးတစ်ချောင်းကို ဖြတ်လိုက်သည်။ ယင်းနောက် နွယ်ကြိုးကိုခါးမှာ ချည်၍ သူတို့နေ
ထိုင်ရာ ဘက်ကမ်းဆီသို့ ပြန်လည် ခုန်ကူးလိုက်သည်။ မျိုးနွယ်စုတို့ ကယ်တင်ဖို့အရး သူ့စိတ်က စောနေသော
ကြောင့် လား၊ကံကြမ္မာက ထိုသို့ဖြစ်ရန် အကြောင်းဖန်ပေးလိုက်သည်လား မသိ ခါးတွင်ချည် မည့် နွယ်ကြိုး အတိုင်းတာကိုမေ့လျော့ခဲ့သောကြောင့် တဘက်ကမ်းသို့ လွတ်လွတ် ကျွတ်ကျွတ် ရောက်မလာနိုင်ပဲ ကမ်းစပ်
တွင်ရှိသော သစ်ပင်ကိုင်းကိုသာ ဆွဲကိုင်နိုင် လိုက်လေသည်။ထို့ကြောင့် ခါးကို ချည်လျက်ဖြင့် ကြိုးတန်းလန်း ဖြစ်လျက်ရှိ လေ သည်။အချိန်ကလည်း မရှိတော့ပြီမို့ ထိုသို့ ပင်ပန်းသော အနေအထားဖြင့်ပင် မျောက် အပေါင်း ကို စကားဆိုလိုက်သည်။

“ အို ငါ၏ ဆွေမျိုးအပေါင်းတို့ သင်တို့ အသက်ဆက်လက်ရှင်သန်ရေးအတွက် ငါ၏ ခန္ဓာကိုယ်ပေါ်မှ ဖြတ်သန်းပြီး ကြိုးတန်းပေါ်မှ ဆက်လက်လျှောက်လှမ်း သွားကြပါ တော့ သင်တို့ အသက် ရှင်သန်ရေးအတွက် တစုံတရာ တုံ့ဆိုင်းတွေဝေမနေလင့်ကြ နှင့်”

မျောက်အပေါင်းတို့သည် မျောက်မင်းကို ရှိခိုး၍ အတတ်နိုင်ဆုံး သာယာဖြေးညှင်းစွာနင်းလျှောက်ဖြတ်
ကူးကြလေသည်။သို့သော် အရေအတွက်ကလည်းများ ပင်ပန်းဆင်းရဲ သော အနေအထားဖြင့် အချိန်ကြာမြင့်စွာ နေခဲ့ရသောဒဏ်ကြောင့် မျောက်မင်းမှာ ပြင်းပြ နာကျင်သော ဝေဒနာများကို ကြိတ်မှိတ်ခံစားနေရရှာလေ
သည်။ ယင်းသို့ အခိုက်အတန့် အတွင်း မှာပင် မျောက်မင်း အပေါ် အငြိုးထားသော ဒေ၀ဒတ်အလောင်း မျောက်သည် ငါ့ရန်သူ၏ သေကျေပျက်စီးရမည့် ဘေးကို ငါယနေ့ မြင်တွေ့ရပြီဟူသော ၀မ်းသာ အားရ
အကြံအစည်ဖြင့် အလွန်မြင့်သော သစ်ပင်ခေါင်ထိပ်သို့တက်၍ မျောက် မင်း၏ ခန္ဓာကိုယ်ပေါ်သို့ အရှိန်
ပြင်းစွာခုန်ချလိုက်လေသည်။ မျောက်မင်းမှာ မချိမဆန့်ဝေဒနာကို ခံစားရင်းနွယ်ကြိုးတန်လန်းဖြင့်တကောင်
တည်းကျန်ရစ်ခဲ့လေသည်။ထိုအခြင်းအရာကို ဗာရာဏသီမင်းနှင့် ပရိတ်သတ်အပေါင်း တို့ တွေ့မြင်ကြသော
ကြောင့်မျောက်မင်းကို အန္တရယ်မပြုစေပဲ အသာအယာအောက် ကိုချ၍ ဆီ နံ့သာတို့ဖြင့်လိမ်းနယ်ပေးကြ
လေသည်။ဘုရင်ကလည်း ကရုဏာသက်စွာ ဖြင့် သင်နှင့် ဘယ်လို ဆွေမျိုးတော်စပ်သောကြောင့် ထိုမျောက်
အပေါင်းကို ကယ်တင် ရသလဲဟု မေး မြန်းလေသည်။ဘုရားလောင်းမျောက်မင်းကြီးက ပြန်ဖြေလိုက်သည်။

“ထိုမျောက်အပေါင်းသည် ငါ၏ဆွေမျိုးများမဟုတ်ကြပါ သို့သော်ငါသည် ထိုမျောက် အပေါင်း၏ အကြီးအကဲ ခေါင်းဆောင်ဖြစ်သည်။ခေါင်းဆောင်ဟူသည် အရေးကိစ္စ ကြုံ လာခဲ့သော လက်အောက်ငယ်သားတို့ကို ထားရစ်ခဲ့၍ ကိုယ်လွတ်ရုံးကာ ထွက်ခွါမ သွားသင့်၊ ကိုယ့်အသက်ကိုပေး၍ လက်အောက်ငယ်သားတို့၏ အသက်ကိုကာကွယ် ရမည်။ဒါမှ သာ ခေါင်းဆောင်ပီသမည်။ သင်မင်းကြီးလည်း တိုင်းသူပြည်သားတို့ကို ခေါင်းဆောင်ပီသစွာ အုပ်ချုပ်နေရစ်ပါ”ဟု ဆုံမစကားပြောရင်း အသက်ကုန်လေသည်။ စာရေးသူသည် အထက်ပါ သာဓက ကို ပြန်ပြောင်းတွေးတောမိရင်းမိမိ ကိုယ်ကို ပြန်လည် သုံးသပ်နေမိသည်။မိမိ နိုငံတော်နှင့် အမျိုးဘာသာ သာသနာတော်အတွက် ဘယ်လောက် အလုပ်လုပ်ပြီးပြီလဲ ဘာတွေ အပင်ပန်းခံဆောင်ရွက်ခဲ့
တာရှိသလဲ အခု ရော ဘာတွေ လုပ်နေသလဲ ၊နောင်ကိုရော ဘာတွေလုပ်ဖို့ အစီအစဉ်ရှိသလဲ ပြန်မေး
ကြည့်သောအခါ မျောက်မင်းကြီး၏ စွန့်လွှတ်တတ်သောနှလုံသားကို အားကျနေသော အခြေအနေမှာသာ ရှိနေပါသည်။ စာဖတ်သူရော ဘယ်အခြေအနေရှိနေပြီလဲ စာရေးသူ သိခြင်ပါသည်။

ဒုတိယ စာရေးသူအားကျကြည်ညိုမိသော နှလုံသားမှာလည်း ဘုရားလောင်း မျောက်မင်း၏စွန့်လွှတ်တတ်သော အခြားဘ၀တစ်ခုဖြစ်ပါသည်။လူသား(ပုဏ္ဏား) တစ်ယောက် တောထဲကို ဖြတ်သန်းလာရင်း ချောက်ထဲကို ကျနေသည်မှာ ရက် အ တော်ကြာခဲ့ပြီ။ကယ်တင်မည့်သူမရှိ အစာရေစာကလည်း ပြတ်လတ်သောကြောင့်
ထိုအတိုင်း ဆက်လက်သွားလျှင် အသက်ဆုံးဖို့ ပင်ရှိလေသည်။ထိုအချိန်ဘုရားလောင်း မျောက်မင်းက သူ့ကို
တွေ့လိုက်သည။်ကယ်တင်ဖို့ ဆုံးဖြတ်လိုက်သည်။ နွယ်ကြိုးတစ်ချောင်းရှာပြီး နွယ်ကြိုးကို ချောက်ကမ်းပါးထိပ်က သစ်ပင်မှာ ချည်၍ အောက်ကို တွဲလောင်းခိုဆင်းလာခဲ့သည်။ထို့နောက်လူသားကို သူ့ကျောမှာပိုးစေလျက် ချောက်ကမ်းပါး ထိပ်သို့ရောက်အောင်သယ်ဆောင်လာခဲ့သည်။ဤသို့ဖြင့်လူသား၏ အ သက်ကိုကယ်တင်လိုက်
နိုင်သည်။မျောက်တစ်ကောင်အနေဖြင့် လူတစ်ယောက်ကို မတ်စောက်သောချောက်ကမ်းပါးမှာထမ်းပိုးလာ
ခဲ့ရသောကြောင့် လွန်စွာမောဟိုက် သွားသည်။ထို့ကြောင့်လူသား၏ပေါင်ပေါ်မှာ အနားယူအပန်းဖြေမှေးစက်ရန် ခွင့်တောင်း လိုက်သည်။မလေးလံသော မိမိ၏ ဦးခေါင်းလေး တင်ရုံမျှဖြင့် လူသားအတွက် မပင်ပန်းတန်ကောင်း
ဘူးဟု အထင်ရှိခြင်းနှင့် လူသားတစ်ယောက်အတွက် ကျေးဇူးဆပ်ခွင့်ရရန် ဖန်တီးလိုက်ခြင်းလည်း ဖြစ်တန်
ကောင်းပါသည်။ သို့သော်သူကယ်တင်ကယ်ခဲ့သော လူသားသည် လူသားမဆန်သည့် ကျေးဇူးမသိ တတ်သူ
ဖြစ်နေခဲ့ပါသည်။ဘုရားလောင်းမျောက်ကို ပေါင်ပေါ်မှာတင်ထားရင်း အိမ်ပြန် ရန် အစီအစဉ်ကိုတွေးနေမိ
သည်။အိမ်ပြန်ခရီးတွင် ဘာတစ်ခုမျှ မပါပဲ သွားခဲ့သော အိမ် က ဇနီးမယားငြိုငြင်မည်ကို စိုးသောကြောင့် တစ်ခုခု ပါသွားရန်စဉ်းစားနေခိုက်ပေါင်ပေါ် တွင် အိပ်နေသော ဘုရားလောင်းမျောက်ကို ချက်ချင်းသတိရ
လိုက်သည်။ကျေးဇူးရှင် ကို ဟင်းလျာလုပ်စားရန် ဆိုးရွားသော အတွေးတို့ သူ့မှာဝင်လာခဲ့သည်။ထို့ကြောင့် အနီးမှာရှိသော ကျောက်တုံးဖြင့် မျောက်မင်း၏ ဦးခေါင်းကို မညှာမတာ ထုလိုက်သည်။ မျောက်မင်းလန့်နိုးလာ
ရင်း ဦးခေါင်းမှာ သွေးစိမ်းရှင်တို့ စီးကျလျက်ဖြင့် အနီးရှိသစ်ပင် ပေါ်သို့ ခုန်တက်လိုက်သည်။ သူအလွန်အံ့
သြသွားသည်။ စိတ်အစဉ်မှာ မယုံကြည်ခြင်းနှင့် အတူ လူသားကို သ နားမိ သွားသည်။ဤလူသားသည် အိမ်ပြန်လမ်းကို ယခုတိုင်မသိသေး သူသာ လမ်းမပြ လျှင် တောထဲမှာ အစာရေစာ ပြတ်ပြီးသေဆုံးနိုင်သည်။

ထို့ကြောင့် လမ်းဆက်ပြနိုင်ရန် သူကြိုးစားရလေသည်။သူက သစ်ပင်ပေါ်ကသွားမည်။ သူ၏သွေးစက်ကျရာ
လမ်းကို ကြည့်၍ နောက်က လိုက်ခဲ့ရန် ပြောလိုက်သည်။လူသား၏ အနီးကိုတော့ သူမကပ်နိုင်တော့ လူသားကို
သူမယုံတော့ခြင်းကြောင့် ဖြစ်သည်။ မယုံကြည်သည့်တိုင် နောက်ဆုံး အခြေနေထိ ကယ်တယ်ရန် သူဆုံးဖြတ်ခဲ့
လေသည်။

ဤနေရာ၌ စာရေးသူ စဉ်းစားနေမိပါသည်။ကိုယ်ကယ်တင် ကူညီခဲ့သူတစ်ယောက် က ကိုယ့်ကိုယခုလို
ဆိုးရွားစွာ တုံ့ပြန်ခဲ့သော် ဘယ်လိုခံစားကြမလဲ ဘယ်လိုတုန့်ပြန် ပြောဆိုကြမလဲ ကျေးဇူးမသိတတ်လိုက်တာ၊
လုပ်ရက်လိုက်တာ ၊ကျေးဇူးရှိမှကျေးစွပ် တယ်ဆိုတာ ဒါမျိုးပေါ့ စသည်ဖြင့် လွန်စွာ ထိခိုက်ပေါက်ကွဲကြပေ
မည်။တနုံ့နုံ့ခံစား ရင်း အကြိမ်ကြိမ် ရေရွတ် မြည်တမ်း ကြပေမည်။ယခု ဘုရားလောင်းမျောက်မင်းက တော့ ကရုဏာသက်စွာဖြင့် အိမ်ပြန်လမ်းကို ရောက်အောင် လိုက်ပို့နိုင်ခဲ့လေသည်။ ဘုရားလောင်းမျောက်မင်းကဲ့သို့ စွန့်လွှတ်တတ်သော ခွင့်လွှတ်သော နှလုံသား ပိုင်ရှင်လူသားများလည်း ခေတ်အဆက်ဆက် ၌ ပုံသဏ္ဍန် အမျိုးမျိုးဖြင့် ပေါ်ပေါက် ခဲ့ပါသည်။ထိုပုဂ္ဂိုလ်များအနက် စာရးသူလေးစား အားကျမိခ့သော ပုဂ္ဂိုလ်များမှာ မာသာထရီစာ ။ဗိုလ်ချုပ်အောင်ဆန်း၊အေဗရာဟန်လင်ကွန်း ၊ မာတင်လူသာ ကင်း စသောပုဂ္ဂိုလ်တို့
ဖြစ်ပါသည်။ ထိုသို့သော ပုဂ္ဂိုများသည် ယခုလည်း ပေါ်ပေါက်နေဆဲ နောင်လည်း ပေါ်ပေါက် ဦးမည်ဖြစ်ပါသည်။ ထိုသူတို့၏နှလုံသားသည် လောက ကို သာယာလှပစေပါသည်။ငြိမ်းချမ်းအေးမြစေ ပါသည်။ထိုထိုသို့သော စွန့် လွှတ် နှလုံး သားပိုင်ရှင်များကို အားကျလေးစားမိရင် မိမိတို့ လည်း သူတို့ကဲ့သို့ ဖြစ်လာနိုင်စေရန် ကြိုးစား
ကြပါစို့ဟု တိုက်တွန်း အားပေးရင်း------

ဂန္ထလုလင် (ဘိုကလေး)

Saturday, April 25, 2009

၂၇ နှစ်မြှောက်မွေးနေ့မှ...........


လေကရဲ့နိယာမတရား
ဘယ်အရာကမှန်နေလို့
ဘယ်အရာကမှားနေခဲ့လဲ
ငါ.....
တကယ်ကိုမသိနိုင်ခဲ့....
ဒီ ၂၇ နှစ်မြောက်ငါ့မွေးနေ့မှာ
ရရှိခဲ့တဲ့ဆုမွန်တွေထဲ
တချို့ကဖေန်မှုတွေလွန်ကဲလို့
တချို့ကချီးမြှောက်မှုများစွာနဲ့
ဘယ်သူတွေကမှန်နေခဲ့လို့
ဘယ်သူတွေကမှားယွင်းနေခဲ့တာလဲ
ငါ.......
တကယ်ကိုမတွေးတတ်နိုင်ခဲ့တော
့ဖြတ်သန်းလာခဲ့ရပြီးတဲ့ငါ့သက်တမ်းတစ်လျှောက်
ရေးမှတ်ထားခဲ့တဲ့ဒိုင်ယာရီတွေထဲ
မူပိုင်မဲ့ခဲ့တဲ့ရင်ခုန်သံတွေနဲ့
တည်ငြိမ်မှုမဲ့နေခဲ့တဲ့ခံစားမှုများစွာက
အချိန်ကာလတွေနဲ့ထပ်တူကျစွာ
ပြောင်းလဲတတ်ခြင်းသဘောကိုဆောင်နေလို့
မှန်ခြင်း မှားခြင်းအရာ
ငါ့ထံပါးမှာပင် ငါ........
ရှာမရနိုင်ခဲ့တော့ ....
လောကရဲ့နိယာမတရား
ဘယ်အရာကမှန်နေလို့
ဘယ်အရာကမှားနေခဲ့လဲ
ငါ..........
တကယ်ကိုမတွေးချင်မိတော့........။


Saturday, April 11, 2009

အမြတ်ဆုံးလမ်း။

ကိုဒေါင်းမင်းကဗျာ တစ်ပုဒ်ရေးပေးလိုက်ပါတယ်။လွန်ခဲတဲ့ ခုနစ် နှစ်ကျော် ကရေးထားတာပါ ။ဓ္မရံသီကဗျာ မှာလည်းပါပြီးသားပါ။
ကဗျာ က စကားပြေ ပြန်စရာ မလိုအောင်ရှင်းနေပါတယ်။ ၄ ၃ ၂ စပ်နည်းနဲ့စပ်ထားတာပါ။ဘ၀ အခြေအနေနဲ့ ဖြစ်ပေါ်လာတဲ့ အတွေးတွေကို အခြေခံပြီးရေးထားတာပါ။ ဦးဇင်း အမေ က ဦးဇင်း ငယ်ငယ် တုံးက ဦးဇင်းကို ဆရာဝန်ဖြစ်စေခြင်းကြောင်း ခန ခနပြောဘူးပါတယ်။ဦးဇင်းလည်း ဖြစ်ချင်ပါတယ်။( ၇))တန်းထိ အတန်းအားလုံးမှာ အဆင့်တစ် အမြဲတန်းရခဲ့ပါတယ်။ ဒါပေမယ့်မထင်မှတ်ပဲ ဘုန်းကြီးဖြစ်လာခဲ့ပါတယ်။ကိုယ်နဲ့ အတူတူ ကျောင်းတက်ခဲ့တဲ့သူငယ်ချင်းတွေက ဆယ်တန်းအောင် ၊ဘွဲ့တွေရ ၊ အလုပ်တွေလုပ် ၊ တချို့ဝန်ထမ်း၊တချို့ စီးပွါးရေးလုပ်၊နဲ့ လောကထဲမှာ ကျင်လည်နေကြုပေါ့ အဆင်ပြေတဲ့ လူတွေ ကို တွေ့လာရတဲ့ အခါ အမှန်အတိုင်းပြောရရင်အားကျမိတယ်ပေါ့။အဲဒီတော့ သာသနာ့ဘောင်ကို ရွေးချယ်လိုက်တာ ငါမှားသွားသလားဒီလို တွေးမိတာတွေလည်း ရှိတယ်။ဒါနဲ့ ကိုယ့်လက်ရှိဘ၀ က ဘာတွေအားသာချက်ရှိလဲ ။ဘာတွေ အားနည်းချက်ရှိလဲ စဉ်းစားရင်းနဲ့ ဒီကဗျာလေးကိုရေးဖြစ်သွားတာပါ။ကိုယ်နဲ့ ဘ၀တူရှိနေတဲ့ သူငယ်ချင်းတွေကိုလည်း အားပေးရင်းကိုယ့် ကိုကိုယ်လည်း အားပေးနိုင်ဖို့ ဒီကဗျာလေးကို ခနခန ဖတ်မိနေပါတယ်။ကိုယ်ဒေါင်းမင်းရဲ့ ဘလော့ ပရိတ်သတ်တွေကို မျှဝေပေးလိုက်ပါအုံး။
...................................................................

ဦးဇင်း ဦးပဏ္ဍိတ ( ဂန္ထလုလင် ဘိုကလေး )
..................................................................
အမြတ်ဆုံးလမ်း။
ငါသည်ကား
ဘိုင်အို ကမ် မ်စီ၊ ပထ၀ီဆိုင်းရင့် စ်
အဆင့်မြင့်ခေတ်မှာ၊ တန်းဆင့်စာကို
လေ့လာခွင့်ရေး ၊ လှည့်မပေးရ၊
ငါ့ဘ၀။
ဂျီတီအိုင်ဟာ၊ ရေအိုင်ပြာလား
အာအိုင်တီဟာ၊ ရေကြည်ပြာလား
မေဂျာကိုမျှ၊ မသိခဲ့ရ
ငါ့ဘ၀။

ဘီအေ အမ်မ်အီး၊ ဘွဲ့သီးသီးကို
အနီးပင်မသီ ၊ သွေဖီဝေးတော့
ပိုင်းလော့ဒေါက်တာ၊ ဖြစ်မလာရ
ငါ့ဘ၀။
ငါသည်ကား
ရှင်တော်မြွက်ဟ၊ ပိဋကကို
စာချမဟာ ၊ ထေဆရာနှင့်
သေချာကျန၊ သင်ကြားရ၏။
ဘ၀နေနည်း၊ နိဿျည်းနှင့်
လောင်မီးလွတ်ရန်၊ မြတ်နိဗ္ဗာန်၏
အမှန်လမ်းအား၊ ငါသိထား၏။
သံယောဇဉ်တန်း ရှင်းပယ်ခန်းကာ
ရဟန်းဘ၀၊ ပြုခွင့်ရ၍
နှေင်မှဝေးစွ၊ အေးချမ်းလှ၏။
ငါသည်ကား
လောကအလယ်၊ စည်းစိမ်ကြွယ်လျက်
ချစ်ဖွယ်ဇနီး ၊ သားသမီးနှင့်
ယှဉ်ပြီးနေရ၊ ထိုဘ၀ထက်
ဗုဒ္ဓသားစစ်၊ ရဟန်းဖြစ်သည်
အနှစ်သာရ ၊ ပြည့်ဝလွန်ကောင်း
ယုံကြည်ကြောင်းဖြင၊့် နှစ်ထောင်းအားရ
ရှိပေလှ၏။
ဂန္ထလုလင် ( ဘိုကလေး ) 18.9.2001

Saturday, April 4, 2009

မိုးသည်းနေ့များ ဒဏ္ဏာရီ

မိုး .......
သည်းသည်းနိုင်လွန်း ဒီမိုးအောက်မှာ
တို့တွေဆုံတွေ့ မမေ့နိုင်စွာ
ကဗျာဆန်လှ ဒီလမ်းလေးပေါ်
စိန်ပန်းပွင့်နီ မြေမှာခယ ဖွေးဖွေးလှုပ်လို့..............
မိုး......
ဖြိုင်ဖြိုင်ရွာသွန်း ဒီမိုးထဲမှာ
ထပ်မံဆုံတွေ့ ရင်းနှီးခဲ့ပြီ
နှီးနှောဖလုယ် ဆိုမိစကား
ရွှင်ပျစွာဖြင့် ရှိနေခဲ့ပြီ မိုးစဲချိန်ထိ.......
မိုး............
သည်းထန်နိုင်လွန်း ရွာမစဲလေ
ဒီမိုးအောက်မှာ ပြေးလွှားကျီစယ်
ဟစ်ကာသီကျူး မိုးသီချင်းလေ
မိုးလေထဲမှာ လွင့်ကာပျံ့လို့
မိုးစက်တွေထဲ မိုးပေါက်ထဲလည်း
တို့များချစ်ခြင်း ရင်တွင်းသံစဉ် ကာရံထပ်လို့
သံစဉ်ညှိရင်း သီကာကျူးရင်း
ရွှင်မြူးမဆုံး ပျော်မဆုံးမို့
စိန်ပွင့်နီတောင် သက်ဝင်ခဲ့လို့ ရယ်နေခဲ့ပြီ.......။
မိုး........
စွေစွေနိုင်လွန်း တိတ်မစဲလေ
ဒီမိုးအောက်မှာ ခုများတော့ဖြင့် ငါတစ်ယောက်ထဲ
မိုးစက်များအောက် ထိုင်ကာရှိုက်ရင်း ငိုကြွေးမိစဉ်
မြင်ယောင်ခဲ့ပြန် ခွဲခဲ့ရက်လေ ထိုမိုးနေ့အား
ယုံမရစွာ နာကျည်းမိရင်း
ထာဝရတွက် ခွဲသွားရက်သူ ချစ်သူ့ကိုလေ
ယောင်ယမ်းကာတမ်း ယောင်ကာတမ်းရင်း
အထီးကျန်လှ စိန်ပန်းလမ်းမှာ
ငါ........ချမ်းလို့တုန်နေခဲ့ပြီချစ်သူ။
.....................................................
................................................................
ရေးသားသူ
ယဉ်ကျေးငယ်

Thursday, April 2, 2009

အခန်း(၂)သစ္စာတရားနှင့် ကြားသိတွေးမိသမျှ

အခန်း(၂)သစ္စာတရားနှင့် ကြားသိတွေးမိသမျှ
ပထမဦးစွာ သစ္စာတရားနှင့် စပ်လျဉ်းသော သာဓကများကို ဦးစွာတင်ပြလိုပါသည်။ မဟာဇနကဇာတ်တော် တွင် နောင်တော်အရိဌဇနကမင်းသည် ညီတော်ပေါလဇနကအိမ်ရှေ့ မင်းသားကို သူ၏မင်းစည်းစိမ်ကို လုယူ မည်ဟု အထင်မှားကာ ချုပ်နှောင်ထားလေသည်။ အောက်လူတို့ ၏ ဂုန်းချောစကားကို အထင်မှားပြီး ထိုကဲ့သို့  ချုပ်နှောင်ထားခြင်းဖြစ်လေသည်။ ရက်လအတန်ကြာသည်အထိ နောင်တော်က လွှတ်ပေးမည် အရိပ်အယောင်မပြလာသည့် အခါ ပေါလဇနကသည် နောက်ဆုံးအားကိုးရာအဖြစ် သစ္စာဆိုဖို့ ရန် ဆုံးဖြတ် လိုက်လေသည်။

“ငါသည် ငါ၏နောင်တော်ဘုရင် အထင်မှားနေသကဲ့သို့ နောင်တော်၏ ထီးနန်းစည်းစိမ်ကို လုယူဖို့ ရန် စိတ် နှင့်မျှ မပြစ်မှားခဲ့ပါ။ ဤသည်မှာ မှန်ပါသည်။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် ငါ့အားယခုတုပ်နှောင် ထားသော အနှောင်အဖွဲ့ အားလုံးမှ ယခုချက်ချင်း လွတ်မြောက်ပါစေသတည်း”
ထိုကဲ့သို့  သစ္စာဆိုပြီးသည်နှင့် တပြိုင်နက် တုပ်နှောင်ထားသော သံခြေချင်း၊ သံကွင်းစသော အနှောင်အဖွဲ့  အားလုံးတို့ သည် “ဖွမ်း” ကနဲ့ မြည်ကာ အားလုံးပြုတ်ထွက်ကုန်လေသည်။ ထို့ နောက် အသင့်ပွင့်နေသော နှောင်အိမ်တံခါးမှ အပြင်သို့ ထွက်လိုက်သည်။ နှောင်အိမ်အပြင်ဝတွင် စောင့်နေသော အစောင့်များသည် ပေါလဇနကမင်းသာကို လုံးဝမမြင်ကြပဲ ပကတိအတိုင်းသာ ရပ်လျှက်ရှိကြလေသည်။ နောက်ဆုံးတွင်
ပေါလဇနကမင်းသားမှာ အပြင်သို့ လွယ်ကူစွာ ရောက်ရှိလာခဲ့လေသည်။

ထေရ၀ါဒဗုဒ္ဓသာသနာတော်အတွက် လွန်စွာ ကျေးဇူးများသော သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင် သစ္စာတရားနှင့် စပ်လျဉ်းသည့်ထူးခြားသော ဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ဘူးပါသည်။ သီရိဓမ္မာသောက မင်းကြီးတိုင်းခန်းလှည့်လည်စဉ်အတွင်း တနေရာရောက်၍ ခဏတာစခန်းချ ညအိပ်ရပ်နားစဉ် နံနက်မိုးလင်း ချိန်ရောက်သောအခါ မင်းကြီး၏ ယာယီသစ်တဲနန်း ပတ်လည်တွင် ရေအလျဉ်များ တသွင်သွင်စီးဆင်းကာ တက်လာနေသည်ကို တွေ့ ကြရလေသည်။ တစ်ခါတရံ လှိုင်းတံပိုးများပင် ထလာလျှက်ရှိပေသည်။ ရက် အတန
်ကြာသည်အထိ ရေကျနိုင်မလားဟူသော မျှော်လင့်ချက်ဖြင့် စောင့်ဆိုင်းနေကြသော်လည်း ရေကျ မည့် အရိပ်
အယောင်အနည်းငယ်မျှ မတွေ့ ရပေ။ထို့ ကြောင့်မင်းကြီးသည် ထိုအရေးကို ဖြေရှင်းနိုင်ရန်အတွက်ပညာရှိ
မူးမတ်များ၊ သေနာပတိများနှင့် တိုင် ပင်ရလေသည်။ သို့ သော် ထိုးအရေးကို ဖြေရှင်းနိုင်မည့်သူ မည်သူမျှ
ပေါ်ပေါက်မလာပေ။ ယင်းအချိန်တွင် မထင်မရှားတနေရာတွင် ရှိနေသော ပြည့်တန်ဆာမတစ်ယောက်က ဖြစ်ပေါ်လျှက်ရှိသော ရေဘေး အန္တရာယ်ကို သူမ ဖြေရှင်းနိုင်သည့်အကြောင်း မင်းကြီးထံလျှောက်တင်လိုက်
လေသည်။ ထိုအခါ မင်းကြီးက“သင်က ထိုအရေးကို ဖြေရှင်းနိုင်မည် ဆိုရအောင် စုံးကဝေမတစ်ယောက် ဖြစ်
နေလို့ လား သို့ တည်းမဟုတ် နာနာဘာဝတစ်ယောက်ဖြစ်နေလို့ လား” ဟုမေးတော်လိုက်ပါသည်။
“မဟုတ်ပါ အရှင် ကျွန်တော်မျိုးမဟာ သာမန်လူသားတစ်ယောက်ဖြစ်ပါတယ်။ သို့ သော် ယခုအရေးကိစ္စကို အမှန်တကယ် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းကိုတော့ အရှင်မင်းကြီးထံ လျှောက်တင်အပ်ပါတယ်။
ထို့ နောက် ပြည့်တန်ဆာမသည် ယာယီသစ်တဲနန်းမှ ဆင်းကာ ရေစပ်အထိရောက်အောင် သွားလိုက်ပြီး နှုတ်မှ တစ်စုံတရာကို ခပ်တိုးတိုးရွတ်ဆိုလျှက် ရှိပေသည်။ ခဏမျှကြာလိုက်သည် ရေအလျဉ်တို့ သည် တ ဖြည်းဖြည်း သိသာစွာ နိမ့်ဆင်းလျှောကျနေသည်ကို အားလုံးတွေ့ မြင်နေကြရလေသည်။ ပြည့်တန်ဆာမကို ကောင်းချီးပေး
ဖို့ ထက် ရင်သပ်ရှုမောကာ အထူးအဆန်း လူသားသဖွယ် အံ့သြကြည့်ရှုနေကြလေသည်။ မင်းကြီးကိုယ်တိုင်
ကပင် ပြည့်တန်ဆာမကို ရှေ့ တော်သို့ သွင်းစေကာ “သာမန်လူသားတစ်ယောက်ဖြစ်တဲ့ သင့်အနေနဲ့ တန်ခိုးရှင်တို့ သာ တတ်နိုင်သည့် ယခုလို အရေးအခင်းမျိုးကို ဘာအကြောင်းကြောင့် ဖြေရှင်း နိုင်တယ်ဆိုတာ ငါ့ကို ရှင်းလင်းစွာ လျှောက်တင်ပါ” မိန့် ဆိုလိုက်လေသည်။

“ကျွန်တော်မျိုးမဟာ ယခုအရေးအခင်းကို သစ္စာတရားကို အသုံးပြုပြီး ဖြေရှင်းနိုင်ခဲ့တာပါ အရှင်မင်းကြီး”
“အို သင့်လို သူများ လင်သား သားယောင်္ကျားများနှင့် ကာမဂုဏ်တောမှာ ပျော်မွေ့ အသက်မွေးနေသူတစ် ယောက်မှာ အဘယ်သို့ သော သစ္စာတရားများက တည်ကိန်းနိုင်မှာလဲ ငါ့ကို အမှန်တိုင်းရှင်းလင်းစွာ လျှောက်တင်ပါ”

“မှန်လှပါ အရှင်မင်းကြီး ကျွန်တော်မျိုးမဟာ သူတစ်ပါး လင်သား သားယောင်္ကျားများနဲ့ ပျော်ပါးအသက်မွေး သူ ဖြစ်ပါတယ်။ သို့ သော် ကျွန်တော်မျိုးမမှာ အကျိုးမပျက်စောင့်ထိန်းထားသော ကျင့်ဝတ် တစ်ခုရှိပါတယ်။ ယင်းမှာ ကျွန်တော်မျိုးမထံသို့ ပျော်ပါးဖို့ ရန် ရောက်လာသော မည်သည့် အမျိုးသားကို မဆို ကျွန်တော်မျိုးမ သတ်မှတ်ထားသော အဖိုးအခကို ရရှိမည်ဆိုပါက မင်းသား၊ သူဌေး၊ ဆင်းရဲသား စသည်ဖြင့် မည်သူ့ မဆို အဆင့်အတန်း ခွဲခြားမှု မရှိပဲ တန်းတူအခွင့်အရေးပေးကာ ပြုစုဆက်ဆံလေ့ရှိပါတယ်။ ကျွန်တော်မျိုးမဆိုခဲ့ သော သစ္စာမှာ ထိုကျင့်ဝတ်ကို အရင်းခံပြီးဆိုခဲ့ခြင်းဖြစ်ပါတယ် အရှင်မင်းမြတ်”
ပြည့်တန်ဆာမ၏ လျှောက်တင်မှုကို ကြာသိလိုက်ရသောအခါ အသောကမင်းတရားကြီးသည် သစ္စာ၏ အသုံးဝင်ပုံနှင့် အစွမ်းထက်မြတ်ပုံကို ကောင်းစွာနားလည်လိုက်လေသည်။

သစ္စာတရားနှင့်စပ်လျဉ်းသော အခြားသော သာဓကများစွာကို ဆက်လက်လေ့လာကြည့်လိုက်လျှင်လည်း ယနေ့ ခေတ်အချိန်တွင် စာရေး သူတို့ အတွက် အသုံးချနိုင်မှုများစွာ ရှိနေသည်ကို တွေ့ ရှိရပါသည်။ ဋညသုတ် ပရိတ်တော်တွင် ဘုရား အလောင်းတော် ငုံးမင်းလေးဆိုခဲ့သော သစ္စာမှာလွန်စာ စိတ်ဝင်စားဖွယ်ကောင်းလှ
ပါသည်။ တောမီးကြီး လောင်လာသောအခါ ငုံးမင်းလေးက “ငါ့မှာ အတောင်နှစ်ဖက်ရှိပါသည်မပြန်နိုင်ပါ။
ခြေနှစ်ချောင်းရှိပါသည် မသွားနိုင်ပါ။ မိဘတွေကလည်း ခွဲခွါ ထွက်ပြေးသွားကြပါသည်။ ငါ့မှာ သစ္စာတရား
မှလွဲ၍ အားကိုးရာမရှိပါ။ ဤသည်မှာ မှန်ပါသည်။ ဤသို့ မှန် ကန်သော သစ္စာစကားကြောင့် တောမီးသည် ငြိမ်းအေးပါစေသား”

ယင်းသို့ ဆိုလိုက်သည်နှင့် တပြိုင်နက် တောမီးသည် ရေနှင့် ဖြန်းလိုက်သကဲ့သို့ ငြိမ်းအေးမှု ရသွားပါသည်။ အထက်ပါ ငုံးမင်း သာဓကကို ကြည့်လျှင် သစ္စာတရားနှင့် ပတ်သက်၍ တစုံတရာဖြည့်ကျင့်စရာမလိုကြောင်း မှန်ကန်သော အချက်အလက်ဖြစ်ဖို့ သာ အဓိကဖြစ်ကြောင့်း တွေ့ နိုင်ပါသည်။ ယင်းသို့ မှန်ကန်သော အချက်အလက်ဖြစ်ဖို့ သာ အဓိကဖြစ်သည်ဆိုလျှင် တန်ပြန်မေးခွန်းများ မေးလာဖွယ်ရှိပါသည်။ ကျွန်ုပ်သည် လူတစ်ယောက်ကို သတ်ချင်စိတ်အားကြီး၍ အလွန်မုန်းတီးသောစိတ်ဖြင့် မသေမချင်းသတ်လိုက်ပါသည်။ ဤသည်မှာ မှန်ပါသည်။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် လူသတ်မှုမှ လွတ်ရစေသားဟုဆိုလျှင် လွတ်နိုင်ပါမည်လားဟု မေးလာလျှင် မလွတ်နိုင်ပေ။ မှန်ကန်သော စကားကို ဆိုပါလျှက် မလွတ်နိုင်ခြင်းမှာ မှန်ကန်သော အကြောင်းအရာ အချက်အလက် မဟုတ်သောကြောင့်ဟု ဖြေဆိုရပါမည်။ လူသတ်လျှင် ယင်း လူသတ်မှုနှင့် လျော်ညီသော လောကအပြစ် သံသရာအပြစ်ကို ခံရမည်မှာ သစ္စာတရားဖြစ်ပါသည်။

လူသတ်ပြီးနောက် လူသတ်မှုက လွတ်အောင် သစ္စာဆိုခြင်းမှာ သစ္စာတရားကို သစ္စာဖောက်ခြင်း ဖြစ်ပါ သည်။ ယင်းသို့  မကောင်းမှု ကျုးလွန်သည့်နေရာ၌ သစ္စာဆိုလို့ မရနိုင်ဘူး ဆိုလျှင် အများကို မထိခိုက်သော ကိုယ်ရေးကိုယ်တာ ချမ်းသာရေးကိစ္စများတွင် သစ္စာဆိုလို့ ရနိုင်ပါသလား ဥပမာအားဖြင့် ဆိုလျှင်
“ကျွန်ုပ်သည် ဒေါ်လာတစ်သန်းကို လိုချင်နေသည်မှာ အမှန်ဖြစ်ပါသည်။ ဤစကြ၀ဠာသည် အဆုံးမဲ့ ကျယ် ပြောသည်မှာ မှန်ကန်ပါသည်။ ဤသို့ မှန်ကန်သော သစ္စာစကာားကြောင့် ကျွန်ုပ်လိုချင်သော ဒေါ်လာတစ် သန်းသည် လျင်မြန်စွာ ရရှိလာနိုင်ပါစေသတည်း” ဟုဆိုလိုက်လျှင် ရနိုင်ပါမလား ဟူမူ မရနိုင်ပါ။ အကုသိုလ် အလုပ်မဟုတ်ပဲ မှန်သောစကားကို ဆိုပါလျှက် အဘယ်ကြောင့် မရနိုင်သလဲ ဟူမူ သစ္စာဆိုနိုင်သော အချိန် အခါမဟုတ်သောကြောင့်ဟု ဖြေဆိုရပါမည်။

ဖော်ပြခဲ့ပြီးသော အထက်သာဓက များကို လှမ်းမျှော်ကြည့်လိုက်လျှင် သစ္စာဆိုသော အချိန်အခါသည် သစ္စာ တရားကလွဲ၍ တခြားအားကိုးရာ မရှိသည့် အချိန်အခါတွင်မှ ဆိုခဲ့ကြသည်ကို တွေ့ ရမည်ဖြစ်ပါသည်။ ယင်း သို့ သစ္စာတရားသာလျှင် နောက်ဆုံး အားကိုးရာအဖြစ် ရှိနေသည့် အချိန်တွင်မှ ဆိုလိုက်သော အမှန်တရား သစ္စာစကားများသည် အမြဲတန်း အကျိုးပေးမှန်ကန်ကြောင်း တွေ့ ရမည်ဖြစ်ပါသည်။ ထို့ ကြောင့် စာဖတ်သူ များသည် သစ္စာတရားကို မှန်ကန်အကျိုးရှိစွာ အသုံးချနိုင်မည်ဆိုလျှင် ဘ၀ထွက်ပေါက် အဖြေကောင်းစွာရရှိ ပေသည်။ သစ္စာတရားကို အသုံးချနိုင်သောကြောင့် အန္တရာယ်ဘေးမှ လွတ်မြောက်ခဲ့သော မျက်မှောက် ခေတ် သာဓကတစ်ခုကို ပြောပြလိုက်ပါသည်။

တောရွာ တစ်ရွာမှာ မိန်းကလေး တစ်ယောက်သည် ရန်ကုန်မြို့ ရှိ ဆွေမျိုးနီးစပ်ဖြစ်သော အိမ်တစ်အိမ်တွင် အိမ်ဖော်အဖြစ် လုပ်ကိုက်လျှက်ရှိပါသည်။ တစ်နေ့ တွင် ထိုအိမ်၌ ရွှေဆွဲကြိုး တစ်ကုံးပျောက်ဆုံးမှု ဖြစ်ပွားခဲ့ ပါသည်။ အိမ်ရှင်နှင့် တကွ အိမ်နီးချင်းများ မိသားစုဝင်များက အိမ်ဖော်မိန်းကလေး ခိုးယူသည်ဟု သံသယရှိ နေကြပါသည်။ ထို့ ကြောင့် အိမ်ရှင်မျိုးသမီးက ထိုအိမ်ဖော်မိန်းကလေးကို အကြိမ်ကြိမ်စစ်မေးလေသည်။ မိန်းကလေးကလည်း သူမ မခိုးကြောင်း ငြင်းဆိုပါသည်။ နောက်ဆုံး နှုတ်ဖြင့် စစ်မေး၍ မရသောအခါ ရိုက်နှက်စစ်မေးသာ ပုံစံသို့ ရောက်လာတော့သည်။ အိမ်ဖော်မိန်းကလေးကလည်း ငြင်းမြဲ ငြင်းနေပါတော့ သည်။ ရိုက်နှက်စစ်မေးလို့ မရသောအခါ တရားရုံးသို့  တိုင်ရန် အိမ်ရှင်အမျိုးသမီးကြီးက ပြောလာပါသည်။
အိမ်ဖော်မိန်းကလေးလည်း ကြံရာမရသည့် အဆုံးကြားဖူးနားဝရှိထားသော သစ္စာတရားကို အသုံးပြုရန် သတိရလာပါသည်။ ထို့ ကြောင့် ဘုရားစင်ရှေ့ သို့ သား၍ လက်အုပ်ချီ၊ ဘုရားအာရုံပြုကာ အောက်ပါ အတိုင်း သစ္စာဆိုလိုက်ပါသည်။

“ဘုရားတပည့်တော်မသည် ယခုပျောက်ဆုံးလျှက် ရှိသော ရွှေဆွဲကြိုးကို ခိုးယူခြင်းမရှိပါ။ ထိုသို့  မခိုးယူ ကြောင်း ဘုရားတပည့်တော်မ ကိုယ်တိုင်သိပါသည်။ ဤစကားမှန်ကန်ပါသည်။ ဤသို့ မှန်သော သစ္စာ စကားကြောင့် ယခုရွှေဆွဲကြိုး ပျောက်ဆုံးသော အမှုသည် အမှန်အတိုင်း ပေါ်ပေါက်ပါစေသား အရှင်ဘုရား”
ယင်းသို့  သစ္စာဆိုပြီးသည်နှင့် တပြိုင်နက် အိမ်ရှင်အမျိုးသမီးကြီး၏ သမီးသုံးယောက်အနက် သမီးအလတ် သည် ချက်ချင်း သွေးအန်လေတော့သည်။ ထို့ နောက် ပျောက်ဆုံးသော ရွှေဆွဲကြိုးကို သူမယူထားကြောင်း ၀န်ခံလေတော့သည်။ ဤသည်မှာ သစ္စာတရားကို မှန်ကန်စွာ အသုံးချနိုင်သောကြောင့် သူခိုးစွပ်စွဲခံရမည့် အန္တရာယ်မှ လွတ်မြှောက်ခဲ့သော မျက်မှောက်ခေတ် သာဓကတစ်ခုဖြစ်ပါသည်။

ဘုရားအလောင်းတော် ပါရမီဖြည့်ဆည်းခဲ့သော သုဝဏ္ဏသာမဇတ်၊ နာရဒဇာတ်၊ ရတနသုတ်လာ၊ ဘုရားရှင် လက်ထက် ဝေသာလီပြည် ကပ်ဘေးဖြစ်ရပ်ကြီးနှင့် တကွ မျက်မှောက်ခေတ် ဖြစ်ရပ်များ၏ ၀စီသစ္စာ အောင်ပွဲဖြစ်ရပ်များကို ဆန်းစစ်ကြည့်လျှင် သစ္စာဆိုဖို့ ရန်အတွက် နားလည်ထားရမည့် အချက်များမှာ
၁။ တစုံတရာ ဖြည့်ကျင့်ဖွယ်မလိုပဲ မှန်ကန်သော အကြောင်းအရာဖြစ်ဖို့ သာ လိုအပ်ခြင်း။
၂။ မကောင်းမှု အကုသိုလ်ကိစ္စရပ်များအတွက် ဆက်စပ်ပတ်သက် အသုံးချမှု မဟုတ်ရခြင်း။
၃။ သစ္စာတရားသာလျှင် နောက်ဆုံး အားကိုးရာအဖြစ် ရောက်နေသည့် အချိန်ဖြစ်ရခြင်းတို့ ဖြစ်ပါသည်။

ဦးသုခ ကိုယ်တိုင် သူ၏ ရာမာခရစ်ရှနား စာအုပ်တွင် သူ၏ ကိုယ်တွေ့ ကို ဆက်လက်ဖော်ပြထား သည်မှာ သူနှင့်အတူ အခြားနာမည်ကြီး စာရေးဆရာတစ်ယောက်တို့  ဂျပန်ခေတ် လေယာဉ်ပျံ ဗုံးလာချစဉ် ကြောက်လန့် အားကြီးစွာဖြင့် နှစ်ယောက်သား ပြေးလွှားခဲ့ရပုံ ယင်းနောက် ထိုစာရေးဆရားကြီးက ဘေး အန္တရာယ်မှ လွတ်မြောက်ရန်အတွက် သစ္စာဆိုဖို့ သတိရပုံ၊ မည့်သည့်အကြောင်းအရာကို သစ္စာဆိုရန် တော် တော်နှင့် စဉ်းစားလို့ မရပုံ၊ နောက်တွင်မှ ဘ၀တသက်တာအတွင်း လူမသတ်ခဲ့ဖူးကြောင်း သတိရကာ
“ကျွန်ုပ်သည် သိတတ်သည့် အရွယ်မှ စ၍ ဘ၀တသက်တာအတွင်း လူမသတ်ခဲ့ပါ။ ဤစကားမှန်ကန်ပါ သည်။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သူတစ်ပါးလုံ့ လ ပယောကနှင့် မသေရပါစေသား” ဟူ၍ သစ္စာဆိုခဲ့ပုံ။ ယင်းသို့ သစ္စာဆိုပြီးသည့်နောက်တွင် နှစ်ယောက်သား ရဲဝံ့စွာ သွားလာနေထိုင်ရဲပုံ တို့ ကို ဖော်ပြထားပါသည်။

ထို့ ကြောင့် ကျွန်ုပ်တို့ သည် မိမိတို့ အတွက် ဘေးအန္တရာယ် တစ်စုံတရာကျရောက်လာခဲ့သော် သစ္စာတရား သာလျှင် နောက်ဆုံး အားကိုးရာအဖြစ် ရောက်လာသည့် အချိန်တွင် မှန်ကန်သော သစ္စာစကားကို ဆိုဖို့ ရန် လိုအပ်လှပါသည်။ မိမိက သူတစ်ပါးတို့ ကို အနိုင်ကျင့် နှိပ်စပ် ဘေးဖြစ်အောင် မလုပ်မိဖို့ လိုအပ်သလို မိမိ က ရိုးသားကောင်းမွန်စွာ နေထိုင်ပါလျှက် အများတကာတို့ ၏ အနိုင်ကျင့် နှိပ်စပ်မှုများ၊ ရေဘေး၊ လေဘေး၊ မီးဘေးစသော သဘာဝ ဘေးအန္တရာယ်ဆိုးများ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးစသော အခက်အခဲအကျပ် အတည်းများ ပေါ်ပေါက်လာပါက အထက်ပါတင်ပြခဲ့သော သစ္စာဆိုဖို့ ရန် အချက်အလက်များနှင့် ပြည့်စုံ ပါက ၀စီသစ္စာကို အသုံးပြုပြီး မိမိတို့ ကြုံတွေ့ လျှက်ရှိသော ဘေးဆိုး အန္တရာယ်ဆိုးနှင့် အခက်အခဲ အကျပ် အတည်းများမှ လျင်မြန်စွာ လွတ်မြောက်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။ မသိသူကျော်သွား သိသူဖော် စားဟူသော ဆိုရိုးစကားလည်းရှိပါသည်။

ဂန္ထလုလင် (ဘိုကလေး)