ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Friday, December 18, 2009

နမောတေ ဂါထာ ၏အကျိုး

နမောတေ ဂါထာ - ပါဠိ
၁။နမော တေ ဗုဒ္ဓ ၀ီရတ္ထု၊
ဝိပ္ပမုတ္တော သိ သဗ္ဗဓိ၊
သမ္ဗာဓပ္ပဋိပန္နော သ္မိ၊
တဿ မေ သရဏံ ဘ၀။
၂။တထာဂတံ အရဟနံ္တ၊
စန္ဒိမာ သရဏံ ဂတော
ရာဟုစန္ဒံ ပမုဉ္စဿု၊
ဗုဒ္ဓါ လောကနု ကမ္ပကာ။ ။
ပါဠိအနက် -
၁။ဝီရ၊ လုံ့လ ကြီးမားတော်မူသော။ ဗုဒ္ဓ၊ ရှင်တော်မြတ်ဘုရား။ တေ၊ သုံးဘုံကျော်ကြား ရှင်တော်မြတ်ဘုရားအား။ နမော၊ ကာယ၀စီ မနောချီလျက် နှစ်သက်မြတ်နိုး ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေသတည်း။ တွံ၊ ဘေးရန်ကင်းငြား ရှင်တော်မြတ်ဘုရားသည်။ သဗ္ဗဓိ၊ အလုံးစုံသော အနှောင်အဖွဲ့မှ။ ၀ိပ္ပမုတ္တော၊ ပါရမီတန်ခိုးနှင့် ပယ်နှိမ်ချိုးသဖြင့် လွယ်လင့်တကူ လွတ်မြောက်တော်မူသည်။ အသိ၊ ဖြစ်ပေ၏။ တွံ၊ ရှင်တော်မြတ်ဘုရားသည်။ တဿမေ၊ ထိုဘုရား တပည့်တော်၏။ သရဏံ၊ ဘေးရန်ကင်းပ ချမ်းသာရကြောင်း မြတ်သော မှီခိုရာသည်။ ဘ၀၊ ကရုဏာမိုး သွန်းကာဖြိုးလျက် နှစ်သက်ကြည်ဖြူ ဖြစ်တော်မူပါ အရှင်ဘုရား။
၂။ရာဟု=အိုရာဟုအသူရိန်။စန္ဒိမာ=လနတ်သားသည်။အရဟန္တံ=ပူဇော်အထူးကိုခံတော်မူထိုက်သော။
တထာဂတံ=မြတ်စွာဘုရားကို။သရဏံ=မှီခိုအားထားကိုးစားစရာဟူပြီးမှီဝဲဆည်းကပ် သိမှတ်ပါ၏။စန္ဒံ=လဗိမာန်
ကို။ပမုဉ္စဿု=လွတ်လိုက်ပါလော့။ဗုဒ္ဓါ=ဘုရားရှင်တို့မည်သည်။လောကာနုကမ္ပကာ=လူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါဟူ
သမျှကိုသနားသမှုကြောင့်ကြပြု၍ ဂရုစိုက်တော်မူကြပေ၏။။ရာဟု=ရာဟုအသူရိန်နတ်။တွံ=သင်သည်။
စန္ဒံ=လဗိမာန်ကို။ပမုဉ္စ=လွတ်လိုက်ပါလော့။
အထူးမှတ်ချက်။ ။စန္ဒိမာနေရာတွင် မိမိ၏အမည်ကိုအစားထိုး၍ရွတ်ဖတ်ပါ။

ဒီနမောတေ ဂါထာကို နက္ခတရောင်ခြည်မဂ္ဂဇင်း(အမှတ်၂၄၉၊ ဧပြီလ၊ ၂၀၀၇)မှာ ရေးသားခဲ့သူကတော့ ဦးအုန်းမြင့်(ဟင်္သာတ) ဖြစ်ပါတယ်။စာရေးသူအဆိုအရကတော့ လူတွေဟာ ပါပဂြိုလ်ဆိုး တစ်ခုခုကိုရောက်ရင် အဆင်မပြေတတ်ကြဘူးပါဘူးတဲ့ တနင်္ဂနွေပါပဂြိုလ်၊ အင်္ဂါပါပဂြိုလ်၊ စနေပါပဂြိုလ်၊ ရာဟုပါပဂြိုလ် စတာတွေရှိကြပြီး အဲဒီဂြိုလ်တွေကိုကျရောက်လာရင် ဆိုးကျိုးတွေနဲ့ ကြုံလာရတတ်ပါတယ် ဂြိုလ်တစ်ခုချင်းရဲ့ ဆိုးကျိုးတွေကိုသူတင်ပြထားတာတွေက များလို့ဒီမှာတော့မရေးပြတော့ပါဘူး... အကယ်၍သိချင်ကြရင်တော့ သီးသန့်ထပ်တင်ပေးပါ့မယ်...အဲဒီလိုပါပဂြိုလ်ဆိုးတွေကို ကြုံလာရင် ဒါမှမဟုတ် ဆိုးကျိုးတွေကို ပြေပျောက်စေဖို့ဆိုရင်-
၁။ မိမိကြုံတွေ့ရောက်ရှိနေတဲ့ ပါပဂြိုလ်ရဲ့ ထောင့်အရပ်ကနေပြီး ဘုရားရှင်ကို ပန်း၊ ရေ၊ ဆီမီး၊ နံ့သာတိုင်များနဲ့ ပူဇော်လှူဒါန်းပါ။၂။ မိမိရောက်ရှိနေတဲ့ ပါပဂြိုလ်ရဲ့ အညွန့်နံပန်းကို သက်စေ့ပူဇော်ပါ။၃။ နမောတေ ဂါထာတော်နဲ့ မိမိရောက်ရှိနေတဲ့ ပါပဂြိုလ်ရဲ့ ဂြိုလ်သက်အတိုင်း ပုတီးစိပ်ပါ။၎။ မိမိရောက်ရှိနေတဲ့ ပါပဂြိုလ်ကြီးနဲ့ သူ့ရဲ့အခြံအရံများကို မေတ္တာပို့ပါ။၅။ ဆုတောင်းခြင်း၊ အမျှဝေခြင်းကို ပြုပါ။
အဲဒါကို ပါပဂြိုလ်ရဲ့ဂြိုလ်သက်အတိုင်း ဆောင်ရွက်ပေးရမယ် ဒါဆိုရင်မိမိရောက်ရှိနေတဲ့ ပါပဂြိုလ်ရဲ့ဆိုးကျိုးတွေဟာ သက်သာသွားမှာပါ၊ကောင်းကျိုးချမ်းသာတွေ ရလာမှာပါတဲ့။
မင်းဘာများ ဤဂါထာတော်ကို ရွတ်ဆိုခြင်း၊ ပုတီးစိပ်ခြင်း များပြုလုပ်၍ မိမိတို့အတွက်သာမက မြန်မာပြည်သူပြည်သား များအတွက်ပါ မေတ္တာပို့ ဆုတောင်းကြပါစို့လား... မြန်မာပြည်သူ ပြည်သားအပေါင်းတို့ ခပ်သိမ်းသောဘေးရန်အပေါင်းမှ ကင်းဝေးနိုင်ကြပါစေ။

Friday, October 9, 2009

တွေ့ရှိသူများ အကြောင်းကြားပေးကြပါရန်


ရှမ်းပြည်နယ်က ကျောင်းသူလေး
********************************
တောင်ကြီးမြို့ မှ နန်းယမင်းဆိုတဲ့ကောင်မလေး ပျောက်နေလို့ ပါခင်ဗျာ..
ပျောက်သွားတာ ၄ ရက်မြောက်ရှိသွားပြီလို့ သိရပါတယ်
အဆောင်မှာ ဖျားလို့ တယောက်တည်း ကျန်နေရင်းကပျောက်သွားတယ်လို့ လဲသိရပါတယ် ..။
သူငယ်ချင်းတို့အနေနဲ့ ကိုယ်တိုင်မတွေ့ခဲ့ရင်တောင် နီးစပ်ရာသူငယ်ချင်းတွေကို မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ် ။

ဆက်သွယ်ရန်လိပ်စာ
ဦးစံဖူး+ဒေါ်အေးခမ်း
အမှတ် (၁၉/365 )၊ အဝေရာလမ်း
ဖုန်း-082-23367

လားရှိုးမြို့။ ။

**တစ်ယောက်အားဖြင့် မစွမ်းသော်လည်း ၊ စုပေါင်းအားဖြင့် အောင်မြင်နိုင်မည်**ဟုမျှော်လင့်မိပါတယ် ။။
Forwarded message;

အဝေးဆီကမလေးရောက်ခရီးသည်ဆီမှ..ကူးယူဖော်ပြပါသည်။
ဒေါင်းမင်း



Get more done like never before with Yahoo!7 Mail. Learn more.

Tuesday, August 11, 2009

အမေရိကန်နိုင်ငံသား မစ္စတာ ဒေ့ဗ်နှင့် တွေ့ဆုံခြင်း အခန်း (၂)ဇာတ်သိမ်းပိုင်း


မစ္စတာဒေ့ဗ် အနေဖြင့် သူသောက်နေကျ အရက်ကိုသောက်နေသော်လည်း ဗုဒ္ဓဘာသာဘုန်းကြီးဖြစ်သော စာရေးသူကို ရှက်ရွံ့အားနာ၍ မမြင်ကွယ်ရာမှာ သောက်နေသောကြောင့် သိသာသိသော်လည်း မမြင် ချင်ယောင် မသိချင်ယောင် ဆောင်၍ နေလိုက်ရပါသည်။အမေရိကန်နှင့် အနောက်နိုင်ငံသား အမျးစုသည် ကိုယ်ပိုင် ပုဂ္ဂလိက လွတ်လပ်မှုကို အလေးထား၍ အခြားလူကို အားနာခြင်း၊ ဂရုစိုက်ခြင်းအားနည်း ကြောင်းစာရေးသူသိထားပါသည်။ ထို့ကြောင့် တရားထိုင်ဖို့လာတာတောင် အရက်သောက်နေရသေးလား ဟု သူ့ကို အပြစ် မတင်ရက်တော့ပဲ ကိုယ့်ကို လေးစားသည့်အနေဖြင့် မမြင်ကွယ်ရာမှာသောက်နေသည်ကို ပင် ကျေးဇူးတင်နေမိပါသည်။

ဟိုတယ်သို့ရောက်ပြီး ၁၅ မိနစ်ခန့်ကြာသောအခါ စာရေးသူက သူ့ကို စကားစလိုက်ပါသည်။

ကဲ ဒေ့ဗ် ရေ ငါတို့ လာရင်း အလုပ်စလိုက်ကြရအောင် ငါလည်း တရားထိုင်နည်းကိုသာသိထားပြီး တရား မထိုင်ဖြစ်တာကြာပြီ။ အခုငါ့တွက်လည်း တရားထိုင်အလေ့အကျင့် ပြန်လုပ်ရင်း မင်းကိုလည်းသင်ပေးရင်း ငါတို့ တရားထိုင်ကြရအေင် ပြောလိုက်ပါသည်။ သူကလည်း ကောင်းပြီဟု ဆိုကာ စာရေးသူ ပြောတာကိုနား ထောင်ရင်း တရားထိုင်ဖို့ပြင်ဆင်လိုက်ပါသည်။

တရားမထိုင်ခင် လက်ရှိသူခံစားနေရသော စိတ်ကျဝေဒနာအတွက် အကြောင်းအရင်းကိုမေးလိုက်ပါ သည်။သူပြောပြ၍ သူ့အကြောင်းသိရသည်မှာသူ့တွင် ညီအစ်ကို ငါးယောက်ရှိပြီးလေးယောက်မြောက်ဖြစ် ပါ သည်။အမေရိက ကနေ အာရှကို ထွက်လာတာ ( ၇ )နှစ်ရှိပြီ ဖြစ်ပါသည်။မစ္စတာဒေ့ဗ် ၏ ရင်ထဲအမေရိကန် မုန်းတီးရေး စိတ်ဓာတ်များ ကိန်းအောင်းနေသည်ကိုလည်း သူ၏ပြောစကားများအရသိနေရပါသည်။ အမေ ရိကန်မုန်းတီးရေး စိတ်ဓာတ်ရှိသော အမေရိကန်လူမျိုးတစ်ယောက်ကို ရှားရှားပါးပါးတွေ့နေရခြင်းဖြစ်ပါသည်။ အခြားလူမျိုးတို့ အမေရိကန်ကို မုန်းတီးခြင်းမှာ ယင်းတို့၏ နိုင်ငံရေး လူမှုရေး ယဉ်ကျေးမှုများနှင့် ဆန့်ကျင် ဖက်ဖြစ်ခြင်းကြောင့် မုန်တီးခြင်းဖြစ်ပြီး၊မစ္စတာ ဒေ့ဗ် ၏ အမေရိကန်မုန်းတီးခြင်းစိတ်ဓာတ်မှာတော့ သူ၏ ကိုယ်ကျိုးစီးပွါးကို အကြီးအကျယ်ထိခိုက်သောကြောင့် မုန်းတီးခြင်း ဖြစ်ပါသည်။
မစ္စတာ ဒေ့ဗ်နှင့်စာရေးသူ
သူ၏ဇာတိဖြစ်သော ဖလော်ရီဒါပြည်နယ် မိုင်ယာမီ၌ နေထိုင်စဉ် တစ်နေ့သောအခါ ယဉ်တိုက်မှု ဖြစ်ခဲ့ပါ သည်။အမျိုးသမီးတစ်ယောက်ကို တိုက်မိခြင်းဖြစ်ပြီး အသက်မသေသော်လည်း ဆေးရုံကို အတော်ကြာကြာ တက်လိုက်ရကြောင်းပြောပါသည်။ထိုကိစ္စ အတွက် တရားရုံးကို ရောက်ရှိသွားပြီး တရားလိုအမျိုးသမီး၏ရှေ့ နေက တရားမမျှတလွန်းစွာ သူ့ထံမှ လျော်ကြေးအဖြစ် ဒေါလာ သိန်းနဲ့ ချီ ရအောင်ကြံဆောင်ခဲ့ပါသည်။သူ့ အနေဖြင့် ၄င်း အမှုကို တရားသဖြင့် ဖြစ်စေရေးအတွက် ရှေ့နေငှါးရမ်းခဲ့သော်လည်း သှူုငှားခဲ့သောရှေ့နေက တရားခံ အကျိုးဆောင် ရှေ့နေနှင့် ပူးပေါင်းခဲ့ပြီးသူ၏ငွေကြေးများကို ရယူရန်ကြံစည်ခဲ့ကြပါသည်။ ထိုအချိန်တွင် ဒေ့ဗ်သည် ကုမ္ပဏီတစ်ခုတွင် စီမန်ခန့်ခွဲရေး မန်နေဂျာအဖြစ် ထမ်းဆောင်နေသောကြောင့် အလုပ်တစ်ဖက်နှင့် အမှုကို ရင်ဆိုင်နေရခြင်းဖြစ်ပ်ါသည်။



ယင်းသို့ ရှေ့နေနှစ်ယောက်က မသမာ လုပ်နေသောကိစ္စုကို လွှတ်တော် အမတ်တစ်ဦးကိုတင်ပြတိုင် တန်းခဲ့ရာ ယင်းလွှတ်တော် အမတ်က မူလတွင် တရားသဖြင့် ဖြစ်စေရန်ဆောင်ရွက်ပေးမည်ဟု ကတိပြု ခဲ့ပြီး နောက်ပိုင်း ယင်းလွှတ်တော် အမတ်ကလည်း ရှေ့နေနှစ်ယောက်နှင့် ပေါင်းပြီး သူ့ထံမှ ဒေါ်လာ သန်းနှင့်ချီ ၍ တောင်းကာ စည်းစိမ်ပြုတ်အောင် လုပ်ခဲ့ကြပါသည်။သူပြောပြသော ဖြစ်စဉ်မှာ အတန်ငယ် ရှည်လျားသော် လည်း အကျဉ်းချုပ်မှာ ထိုအတိုင်းပင်ဖြစ်ပါသည်။စီးပွါးပျက် စည်းစိမ်ဥစ္စာပြုတ်ပြီး အမေရိက တွင် နေလို့မဖြစ် တော့ပဲ သူကိုယ်တိုင်လည်း နေချင်စိတ် မရှိတော့ပဲ အာရှသို့ ထွက်လာခဲ့ရာ ဟောင်ကောင်တွင် ၅ နှစ် ထိုင်း နိုင်ငံ တွင် ၂ နှစ် စာရေးသူနှင့် တွေ့သည့် အချိန်တွင် အားလုံး ခုနနှစ်ရှိနေပြီဖြစ်ကြောင်းသိရပါသည်။

သူ၏ ဘ၀ဇတ်လမ်းကို နားထောင်ပြီးသည့်နောက် သူ့ဝေဒနာမှာ မသေးလှကြောင်း စာရေးသူ ခန့်မှန်း မိ ပါသည်။နာကျည်းချက်များ အမုန်းတရားများ စိတ်ဓာတ်ကျဆင်းမှုများ နှင့် ပြည့်နှက်နေကြောင်းတွေ့ရပါသည် ထို့နောက် သူနှင့် ကိုက်ညီမည်ထင်သော အာနပါန ကမ္မဌာန်းနှင့် မေတ္တာ ကမ္မဌာန်းတို့ကို ပေး၍ စာရေးသူ ကိုယ်တိုင်လည်း တရားထိုင် ၊သူ့ကိုလည်း နည်းပေးကာ တရားထိုင်စေပါသည်။ တည်းခိုသော ဟိုတယ်သည် အတန်ငယ် တိတ်ဆိတ် ငြိမ်သက်မှု ရှိသောကြောင့် တရားထိုင်ရသည်မှာ လွန်စွာ အဆင်ပြေပါသည်။မစ္စတာ ဒေ့ဗ်သည် မေတ္တာ ကမ္မဌာန်းထက် အာနာပါန ကမ္မဌာန်းကို ပို၍ သဘောကျကြောင်း တွေ့မြင်ရပါသည်။သို့ သော် တရားကို ကြာကြာထိုင်၍ မရပါ။ ၁၅ မိနစ်ခန့်ထိုင်ပြီးလျှင် သက်ပြင်း ရှည်ကြီးချသံများကြားရပြီး အပြင် ထွက်လိုက် ပြန်ထိုင်လိုက်ဖြင့် ဂနာမငြိမ် ဖြစ်နေသည်ကို သတိပြုမိပါသည်။စာရေးသူက တစ်ခါ ထိုင်လျှင် တစ်နာရီ အနည်းဆုံး အာရုံရစွာ ထိုင်လိုက်ပါသည်။ စာရေးသူ တရားထိုင်ပြီးတိုင်း စာရေးသူကို ကြည့်၍ ဦး ပန် သိပ်ထိုင်နိုင်တာပဲ အလွန်ငြိမ်းချမ်းတာပဲ သူပြောလေ့ရှိပါသည်။

အာရုံဆွမ်း နေ့ဆွမ်း စားချိန်မှ လွဲ၍ သူနှင့် တရားစကားပြောလိုက်၊တရားထိုင်လိုက်ဖြင့် အချိန်ကို ကုန် လွန်စေပါသည်။သူမေးသော အကြောင်းအရာများမှာ သူသည် စာကို အတော်များများဖတ်ဖူးခဲ့ကြောင်းအထူး သဖြင့် ဘာသာရေးစာပေများကိုဖတ်ဖူးခဲ့ကြောင်း ဘာသာရေးတွင် ၊ယေရှုခရစ်ကလည်း သူသာမှန်ကြောင်း သူ့ အယူဝါဒကို လိုက်နာစေလိုကြောင်း ၊ ထို့အတူ ဂေါတမ ဗုဒ္ဓကလည်း သူ့တရားကို လိုက်နာစေလိုကြောင်း မိုဟာမက်တို့ ၊ရှီဝ တို့ကလည်း သူတို့ ကိုသာ ကိုးကွယ်စေလိုကြောင်း ၊ထို့အပြင် ဒါဝင်ကလည်း လူသားဝါဒ ကိုဖော်ထုတ်ခဲ့ပြီး သူ့အဆိုသာလျှင် မှန်ကန်ကြောင်း ထိုအယူ ၀ါဒတွေထဲမှာဒါဝင်ကို သူအလွန်သဘောကျ ကြောင်း ပြောပြပါသည်။

စာရေးသူက ဘာသာအားလုံး သူဟာနှင့်သူ အားလုံးမှန်ကန်သည်ဟု ပြောကြကြောင်း သို့သော် အခြား ဘာသာ များမှာ သူတို့ကိုကိုးကွယ်ရန် တွန်းအားပေးပြီး ဗုဒ္ဓဘာသာကတော့ကိုးကွယ်ဖို့ထက် လိုက်နာဖို့ကို ပို ပြီး ဦးစားပေထားကြောင်း လက်ရှိဘ၀ ငြိမ်းချမ်မှုရရှိရန်နှင့် ဘ၀ကုန်ဆုံးရာကို အဖြေရှာ၍ သံသရာ ဘ၀ လွတ်မြောက်ဖို့ရန်ကို အဓိက ညွှန်ကြားထားကြောင်း ငြိမ်းချမ်းမှုကို လိုချင်လျှင် မည်သူမဆို ဘရားရှင်၏ တရားတော်ကို လိုက်နာဖို့ လိုအပ်မှာ ဖြစ်ကြောင်းရှင်းလင်းပေးပါသည်။ညဘက်အိပ်သောအခါ စာရေးသူ က တရားထိုင်လိုက် အိပ်လိုက်ဖြင့် အဆင်ပြေစွာ နေနိုင်သော်လည်း ဒေ့ဗ်မှာ ကောင်းမွန်စွာ မအိပ်နိုင်ကြောင်း ထိုအခါ တွင်မှ သိရလေသည်။၎င်းတစ်ယောက်တည်း စကားတွေပြောလိုက် ၊ဆဲဆိုလိုက် ၊ မကျေမနပ်ရေ ရွတ်လိုက်ဖြင့် အိပ်ရသည်မရှိပဲ တညတာ ကုန်လွန်ရပါသည်။

စာရေးသူမှာ ဒေ့ဗ် ကို ဖျောင့်ဖျ တရားဟောလိုက်၊စည်းကမ်းထား၍ အကျပ်ကိုလိုက်ဖြင့် အဆင်ပြေ အောင်ထိန်းသိမ်းရပါသည်။ ညဘက်တွေမှာ အိပ်မရသည်မှာ အတော်ကြာခဲ့ပြီ ဖြစ်ကြောင်း သူပြောပြမှ သိရလေသည်။ နေ့ခင်းဘက်အခါတွင်တော့ အနည်းငယ် အိပ်၍ ရကြောင်းတွေ့ရပါသည်။ဒုတိယနေ့ရောက် လာသောအခါ အနည်းငယ် အသားကျလာ၍ ပြောရ ဆိုရသည်မှာ အဆင်ပြေမှု ရှိလာပါသည်။ပထမနေ့ တုံးက ကဲ့သို့ မျက်နှာမှာ အားငယ်မှုများ သိပ်မတွေ့ရတော့ပဲ အနည်းငယ် လန်းဆန်းလာပါသည်။၎င်း နေ့တွင်လည်း စာရေးသူက တရားထိုင်လိုက် သူ့ကို တရားပြပေးလိုက်ဖြင့် အချိန်ကုန်လွန်စေပါသည်။ ညနေ ပိုင်း အနည်းငယ် လမ်းလျှောက် ထွက်ကြပါသည်။ ညပိုင်း ရောက်လသော အခါ ပထမညထက် ပိုပြီး အိပ်လို့ ရလာကြောင်းသိရ၍ စာရေးသူရော သူပါ ၀မ်းသာရပါသည်။တရားထိုင်သောအခါ ယခင်၁၅ မိနစ်ခန့် ထိုင်နေ ရာမှ နာရီဝက်ခန့်ထိုင်နိုင်အောင် သူလည်း လိုက်ပါကြိုးစာထိုင်လာပါသည်။

နှစ်ညအိပ်ပြီးနောက် သုံးရက်မြောက် ညနေပိုင်းတွင် ချင်းမိုင်ကိုသွားရန် စီစဉ်ကြရပါသည်။ချင်းမိုင်ရှိ တရား ရိပ်သာတစ်ခုတွင် ဒေ့ဗ်ကို ပို့ဆောင်ပေးရန်ဖြစ်ပါသည်။ ဟိုတယ်တွင် ရေရှည်နေမည်ဆိုလျှင် အလုပ် မရှိသေးသော သူ့အတွက် စရိတ်ကြီးမားခြင်းနှင့် စာရေးသူမှာလည်း ကိုယ်ရေးကိုယ်တာ ကိစ္စများရှိနေခြင်း ကြောင့် ရိပ်သာပို့ရန်စီစဉ်ရခြင်း ဖြစ်ပါသည်။ စာရေးသူ၏ မိတ်ဆွေဖြစ်သော လန်းပန်း ၀ပ်ထာ့မအို့ မြန်မာ ကျောင်း တိုက်မှ ဆရာတော် ဦးဇနက ၏ စုံစမ်းပေးမှုဖြင့် ချင်းမိုင်ကို သွားရခြင်းဖြစ်ပါသည်။ချင်းမိုင်သွားရန် ကားကို အယုဒ္ဓယရှိ ခရီးသွားအေဂျင်စီမှ စီစဉ်ခြင်း ဖြစ်ရာ ကားတစ်စီးလုံးတွင် အာရှသားဟူ၍ စာရေးသူနှင့် ဂျပန်လူမျိုး တစ်ယောက်သာပါပြီး ကျန်ပုဂ္ဂိုလ်အားလုံးမှာ အမေရိကန် အာဖရိကန်နှင့် ဥရောပ ကမ္ဘာလှည့် ခရီးသွားများ ဖြစ်ကြလေသည်။ကမ္ဘလှည့်ခရီးသွားတိုးရစ်စ်များကြားမှာ စာရေးသူက ဘုန်းကြီးအဖြစ်သီး ခြား ပါနေ၍ စိတ်ထဲမှာ သင့်တော်ပါ့မလား ဟူသောခံစားမှုမျိုးက ၀င်ရောက်နေသေးသည်။ ကိုယ့်အလုပ်ကိုယ် လုပ်တာပဲ ဟု ဖြေသိမ့်ပြီး လိုက်ပါလာခဲ့ရပါသည်။

ဒေ့ဗ်ကတော့ အနီးရှိ ခရီးသွားများနှင့် စာရေးသူကို ခရီးတစ်ထောက်ရပ်နားတိုင်း မိတ်ဆက်စကားပြော စေပါသည်။ စာရေးသူကို သူကု အတိုကောက် ဦးပန် ဟုခေါ်ပါသည်။မြန်မာပြည်က ဘုန်းကြီးပါ ဦးပန်လို့ခေါ် ပါတယ် ၊ တရားပြသိပ်တော်ပါတယ် ခုလည်း ကျွန်တော့ကို တရားထိုင်ဖို့ ရိပ်သာ လိုက်ပို့ပေးမလို့ပါဟု စကား စ၍ မိတ်ဆက်ပေးပါသည်။စာရေးသူက မင်းနှင့်ငါနဲ့က ရေစက်ဆုံလို့ တွေ့ရတာ ငါပြောတဲ့စကားနဲ့ မင်းစိတ်နဲ့ ကိုက်ညီလို့ တော်တယ်လို့ ထင်ရတာပါ သူများတွေကို တော်တယ်လို့ပြောပြီး မိတ်မဆက်ပါနဲ့ဟု မေတ္တာရပ်ခံ ရပ်ါသည်။မနက်မိုးလင်းသောအခါ ချင်းမိုင်ကားဂိတ်သို့ ရောက်ရှိပြီး စားသောက်ဆိုင်တစ်ခုသို့သွားကာ မနက် စာစားကြပါသည်။ ယင်းနောက်ကားငှား၍ စွန်ပဋိပတ်ဟု ခေါ်သော ရိပ်သာသို့ သွားရောက်ကြရပါသည်။ရိပ် သာသို့ ရောက်ရှိချိန်တွင် ဆရာတော် တရားပြနေသော အခါနှင့် ကြုံနေ၍ ဧည့်ခန်းမှာ ထိုင်စောင့်နေကြရပါ သည်။ရိပ်သာဆရာတော်မှာ မြန်မာပြည် ပခုက္ကူတွင် ၁၅ နှစ်ခန့် ပရိယတ္တိစာပေသင်ကြားဘူးသော ထိုင်းဆ ရာတော်ဟု ဦးဇနက ၏ ကြိုတင် ပြောပြချက်အရ သိထားခဲ့ပါသည်။

၎င်းရိပ်သာသည် နေရာ အဆောက်အဦး ပတ်ဝန်းကျင်လွန်စွာ ကောင်းမွန်သင့်တော်သော အနေအထား ကို တွေ့ရပါသည်။အဆောက်အဦးများ ခန့်ထည် သပ်ရပ်ခြင်း၊ပတ်ဝန်းကျင် အသံတိတ်ဆိတ်ခြင်း၊ ရိပ်သာဝင်း ထဲတွင် တစ်ပါးနေကျောင်းကလေးများ သပ်ရပ်စွာ တည်ဆောက်ထားခြင်း၊၊ခမ်းနားကြီးကျယ်သော ဓမ္မာရုံ၊ သစ်ပင် ပန်းမန် ရေကန် ဆရာတော်သီတင်းသုံးသော ကျောင်း ၊ဆွမ်းစားကျောင်း ၊ဧည့်ဆောင် အားလုံးလို အပ်တာ မရှိရအောင် ပြည့်စုံကောင်းမွန်နေသည်ကို တွေ့ကြရပါသည်။ဧည့်ဆောင်တွင်စောင့်နေရင်း ရိပ်သာ ၏ ယောဂီလက်ခံပုံအနေအထားကို ကောင်တာရှိ သီလရှင်အား မေးမြန်းကြရပါသည်။သီလရှင်ကြီးက ရှင်း ပြသည်မှာ ဒေ့ဗ်တို့လို နိုင်ငံခြားသားတွေ အတွက် ဆရာတော်ကသာ စီစဉ်ဆုံးဖြတ်ရကြောင်း နေထိုင်ခွင့်ရ လျှင် ကောက်ခံကြေးဆိုတာ မရှိပဲ မိမိ စေတနာရှိသလိုသာ အလှူငွေထည့်ဝင်နိုင်ကြောင်း သိရပါသည်။

ယင်းနောက် ဆရာတော် တရားပြပြီးသောအခါ ဆရာတော်အဆောင်သို့ သွားကြရပါသည်။ဆရာတော် မှာ သက်တော် ၅၀ ကျော် ၆၀ခန့်ရှိ၍လွန်စွာဖော်ရွေပါသည်။မြန်မာပြည်တွင် အနေကြာခဲ့ရာ မြန်မာစကားကို မြန်မာ လူမျိုး တစ်ယောက်ကဲ့သို့ ကျွမ်းကျင်စွာပြောတတ်သောကြောင့် လွန်စွာ အဆင်ပြေပါသည်။ဆရာ တော် ကျောင်း ခေါင်းရင်း ဘက်တွင် မဟာစည် ဆရာတော် ဘုရားကြီးဓာတ်ပုံကို ဖူးတွေ့လိုက်ရ၍ လွန်စွာ အားရှိသွားပါသည်။ဒေ့ဗ် ကို လက်ခံရန် အတွက်မှာ ၎င်းတို့ရိပ်သာ၌ လောလောဆယ် ဘာသာပြန်သူ အခက် အခဲ ရှိနေ၍ နိုင်ငံခြားသားများကို လက်မခံနိုင်ကြောင်း ပြောပါသည်။ယင်းသို့ သိလိုက်ရ၍ ဒေ့ဗ်လည်း တော် တော် စိတ်ဓာတ်ကျသွားပုံရပါသည်။ယင်းရိပ်သာ၌ပင် နေ့ဆွမ်း စားချိန်ရောက်လာ၍ ဆရာတော်နှင့် အတူ နေ့ ဆွမ်း စားကြပါသည်။နေ့ဆွမ်းဘုန်းပေးရင်း စကားစမြည် ပြောကြရာ ဆရာတော်သည် မြန်မာပြည်၌ဓမ္မာ စရိယ တန်းအောင်သည် အထိ စာပေသင်ကြားခဲ့ပြီး မြန်မာပြည် အောက်ပိုင်း အထက်ပိုင်း နေရာစုံ ရောက်ဖူး ကြောင်းသိရပါသည်။ ဒေ့ဗ်အတွက် ကိုလည်း သီးခြားနေ့လည်စာ စီစဉ်ပေး၍ နေ့လည်စာစားပြီးနောက် ရိပ် သာမှ ထွက်လာခဲ့ပါသည်။သူ့အနေဖြင့် ထိုရိပ်သာအနေအထားကို လွန်စွာ သဘောကျနေ၍ သိပ်တော့ကျေ နပ်ဟန်မတူပါ။စာရေးသူက နောက်ထပ် စုံစမ်းရန် ရိပ်သာ တစ်ခုရှိသေးကြောင်း ယင်းရိပ်သာမှာ နိုင်ငံတကာ လူမျိုးပေါင်း စုံကို လက်ခံရာ အင်တာနေရှင်နယ် ရိပ်သာ ဖြစ်ကြောင်း ရှင်းပြရပါသည်။ ယင်း ရိပ်သာသည် လည်း လန်ပန်းက ဆရာတော် ဦးဇနက ၏ သတင်းပေးမှုကြောင့် သိရခြင်းဖြစ်ပါသည်။

စွန်ပဋိပတ်ရိပ်သာမှ နှစ်နာရီကျော်ခန့် ကားစီးသော အခါ စာရေးသူတို့သွားမည့် ကျုံထောင်ရိပ်သာသို့ ရောက်ရှိလာပါသည်။ယောဂီစာရင်း လက်ခံသောနေရာကို သီလရှင်တစ်ပါးကလိုက်ပါပို့ဆောင်ပေးပါသည်။ အပြင်ဘန်း အနေအထားဖြင့် ကြည့်လျှင် သာမန် ဘုန်းကြီး ကျောင်း တစ်ကျောင်းဟု ထင်ရသော်လည်း အထဲ ၀င်လိုက်သောအခါတွင် အင်တာနေရှင်နယ် ရိပ်သာ ပီသစွာ လွန်စွာကျယ်ဝန်းကြောင်းတွေ့ရပါသည်။ သန့်ရှင်း သပ်ရပ်မှုကတော့ စွန်ပဋိပတ်ကို မမှီပါ။ယောဂီစာရင်းလက်ခံသောနေရာမှာလည်း သီလရှင်များသာ ဖြစ်၍ ဘာသာစကားတော်တော်များများ ကျွမ်းကျင်ကြောင်းတွေ့ရပါသည်။တချို့ ဂျာမန် အင်္ဂလိပ် စသည်ဖြင့် ဘာသာစကားနှစ်မျိုးသုံးမျိုး ပြောနိုင်ကြောင်း တွေ့ရပါသည်။ပြောဆိုဆက်ဆံမှု ရင်းနှီး ဖော်ရွေမှုတို့မှာ စွန်ပဋိ ပတ် ထက် သာလွန်ကြောင်း တွေ့ရပါသည်။

စာရေးသူက ဒေ့ဗ်နှင့် ဆုံတွေ့ပုံ အကျဉ်းနှင့် ဒေ့ဗ်၏ စိတ်အခြေအနေကိုရှင်းပြပါသည်။သီလရှင်များကစာ ရေးသူကိုလည်း သူတို့ရိပ်သာမှာ တရားထိုင်မှာလားဟုမေးလာပါသည် စာရေးသူက အစီဉ်အစဉ် မရှိကြောင်း လောလောဆယ်ဒေ့ဗ် ကိုသာ လိုက်ပို့ခြင်းဖြစ်ကြောင်း တည အိပ်ပြီးလျှင်ပြန်မည်ဖြစ်ကြောင်းပြောပြပါသည်။ ဒေ့ဗ် အတွက် စာရင်းသွင်းလိုက်ပါသည်။စာရေးသူတို့ပတ်စပို့များကို သိမ်းထားလိုက်ပြီး နေရမည့် အဆောင် များသို့ လိုက်ပါပို့ဆောင်ပေးပါသည်။ချင်းမိုင်ရာသီဥတုက အတန်ငယ်အေးသည် ဖြစ်သောကြောင့် စောင်များ အိပ်ယာခင်းများကို လေးငါးထည်ထုတ်ပေးပါသည်။ ဒေဗ့်အတွက်ကိုလည်း ယောဂီဝတ်စုံအဖြူသုံးစုံနှင့် စောင်များအိပ်ယာခင်းများ ထုတ်ပေးပါသသည်။ တည်းခိုမည့် အဆောင်ကို လိုက်ပို့ရင်းဖြင့် သီလရှင်က ဆွမ်းစားဆောင် ၊ ဘုရားဝတ်တက်ဆောင်တို့ကို တစ်ပါတည်း ပြ သ ပေးပါသည်။အဆောက်အဦးများသည် တည်းခို ဆောင်သို့ သွားသည့် နေရာရောက်သော အခါတွင်မှ ယင်းရိပ်သာ၏ ကျယ်ဝန်းပုံကို တွေ့ရပါသည်။ စွန်ပဋိပတ်ကဲ့သို့ လွင်ပြင်ကျယ်ထဲ၌ သပ်ရပ်စွာ ဆောက်ထားခြင် မဟုတ်သောကြောင့် ထိုမျှလောက် ကျယ် ၀န်းကြောင်း မူလက မသိရခြင်းဖြစ်ပါသည်။အဆောက်အဦးများမှာ အတော်အသင့်ကောင်းမွန်သော်လည်း တစ်ခုနှင့် တစ်ခု ပြွတ်သိပ်စွာ တည်ဆောက်ထားခြင်းဖြစ်ပါသည်။

ဆွမ်းစားကျောင်းများ ဓမ္မာရုံများ၊ သီလရှင်များနေသောကျောင်းများကို ကျော်လွန်တော့မှ ရဟန်းတော် များနေထိုင်ရန် တစ်ပါးနေကျောင်းများကို လွင်ပြင်ကျယ်ကြီးထဲတွင် တွေ့လိုက်ရခြင်းဖြစ်ပါသည်။စာရေးသူခန့် မှန်းမိသလောက် အဆောင်ပေါင်း ၅၀၀ ကျော်လောက်ရှိမည်ထင်ပါသည်။ကျောင်းကလေးများသည် လွန်စွာ သပ်ရပ်ကောင်းမွန်၍ အဆောင်တိုင်းတွင်ခြင်လုံစ်ကာ ၊ရေချိုးခန်း ကုဋီများ ပါရှိပါသည်၊ကုတင်တစ်လုံးစီနှင့် စားပွဲတစ်လုံးလည်း စီစဉ်ပေးထားပါသည်။ရိပ်သာ ခေတ္တနားချိန်ဖြစ်၍ နိုင်ငံခြားသား ရဟန်းတော်များရော ထိုင်းရဟန်းတော်များပါ အဆောင်အသီးသီး၌ တွေ့ရပါသည်။လိုက်ပို့သော သီလရှင်က ဒကာ တစ်ယောက် နှင့် အတူ အဆောင်များကို နေရာချထားပေးပြီး ရိပ်သာစည်းကမ်းများကို အင်္ဂလိပ်လို ရှင်းပြပါသည်။အထူး သဖြင့် ယောဂီတိုင်း ရှစ်ပါသီလ စောင့်ထိန်းရန်နှင့် တရားထိုင်ချိန် ဘုရားရှိခိုးချိန် စားသောက်ချိန်များကို ရှင်း ပြခြင်း ဖြစ်ပါသည်။

စာရေးသူနှင့် ဒေဗ် ကို အဆောင် မျက်နှာချင်းဆိုင် နေရာချပေး၍ လိုက်ပို့သော သီလရှင်နှင့် ဒကာတို့ ပြန်သွားပါသည်။ယင်းနောက် ဒေ့ဗ်က ရှစ်ပါးသီလတွင်ပါဝင်သော ညစာ မစားဖို့ ၀ိကာလ ဘေဇနာ သိက္ခာ ပုဒ်ကို ဘ၀မကျသဖြင့် လာရောက်ဆွေးနွေးပါသည်။တရားထိုင်လိုက်ပြီဆိုရုံဖြင့် ဘာကြောင့် ဒါကို ပညတ် ရသလဲ ဟု မေးလာပါသည်။ စာရေးသူက နံပါသုံး သိက္ခာပုဒ်ဖြစ်သော အဗြဟ္မာစိရိယ ( မေထုန်မမှီဝဲရခြင်း) သိက္ခာပုဒ်ကို စောင့်ထိန်းဖို့ အထောက်အကူ ဖြစ်စေရန်ပြောပြပါသည်။ရုပ်ပိုင်းဆိုင်ရာ အားအင်ပြည့်လာလျှင် စိတ်ပိုင်းဆိုင်ရာလည်း ဖောက်ပြန်လာနိုင်ကြောင်း ရှင်းပြပါသည်။ သို့သော် သူ က လက်ခံပါ။သူ့အနေဖြင့် ည စာစားလျှင်လည်း စိတ်ဖောက်ပြန်ဖို့ မရှိကြောင်း စောဒက တက်လာပါသည် ထို့ကြောင့်စာရေးသူက တရား ထိုင်ဖို့ ရည်ရွယ်ထားပြီဆိုလျှင် ယင်းအလုပ်တစ်ခု တည်း၌သာ စိတ်နှစ်ထားရကြောင်း ပြင်ပ အပိုအလုပ်တွေ ကို တတ်နိုင်သမျှ ရှောင်ကြဉ်ထားရကြောင်း စားသောက်ရေးကိစ္စ ၌ပင် အရသာရှိဖို့ အင်အားဖြစ်ဖို့ထက် တရား အလုပ်လုပ်နိုင်ဖို့သာ ရည်ရွယ်ချက်ထား၍ စားရကြောင်း၊ယခု ညစာ မစားပဲလည်း တရားထိုင်နိုင် ကြသောကြောင့် အပိုအလုပ်ဖြစ်သော ညစာ စားခြင်းအလုပ်ကို ရှောင်ကြဉ်ရကြောင်း ပြောပြလိုက်တော့ မှ ဘ၀င်ကျသွားပါသည်။

ညနေပိုင်း ရောက်သောအခါ ကျောင်းတိုက်ဆရာတော်ကြီးနှင့် သွားရောက်တွေ့ဆုံ သြ၀ါဒခံရန် သီလရှင် မှလာရောက် ခေါ်ဆောင်ပါသည်။ဆရာတော်ကြီးကျောင်းဆောင် နားတွင် ယနေ့မှ အသစ်ရောက်သော၊လူ ယောဂီ ရဟန်းယောဂီ ၂၀ ခန့် တွေ့ရပါသည်။နိုင်ငံခြားသားများရော ထိုင်းလုမျိုးများရော အစုံအလင်တွေ့ရ ပါသည်။ဆရာတော်ကြီးကို တွေ့ဆုံရန် အလှည့်ကျ စောင့်ဆိုင်းနေကြခြင်း ဖြစ်ပါသည်။ စာရေးသူတို့ အလှည့် ရောက်သော အခါ သီလရှင်က ဆရာတော်ကြီးမှာ မြန်မာပြည် ရိပ်သာများတွင် ၂နှစ်ခန့် သီတင်းသုံးဖူး၍မြန် မာစကား အနည်းငယ်ပြောနိုင်ကြောင်း အသိပေးလာပါသည်။ဆရာတော်ကြီးမှာ သက်တော် ၈၀ခန့်ရှိနေပြီ ဖြစ်၍ ကျန်းမာရေး သိပ်ကောင်းပုံ မရပါ သတိတော့ လွန်စွာ ကောင်းပုံရပါသည်။ရှေးဦးစွာ စာရေးသူတို့ အကြောင်းကို သီလရှင်က ထိုင်းဘာသာဖြင့် ရှင်းပြမိတ်ဆက်ပေးပါသည်။ဆရာတောကြီးက စာရေးသူကို မြန်မာစကား အနည်းငယ်ဖြင့် မိတ်ဆက် မေးမြန်းပါသည်။ပါဠိလိုလည်း အနည်းငယ်ပြောပါသည်။ထိုင်းပါဠိ စကားမှာ မြန်မာ အသံဖြင့် အတော်အသင့် လေသံကွဲ၍ အားစိုက်နားထောင်ရပါသည်။စာရေးသူကို ရိပ်သာ ရောက်တုံးရောက်ခိုက်တရား ထိုင်သွားပါလားဟု တိုက်တွန်းပါတော့သည် ။စာရေးသူကလည်း အခုတစ် ခေါက် ဧည့်သည်ကို လာပို့ခြင်း ဖြစ်၍ မနက်ဖြန်ပြန်ရမည် ဖြစ်ကြောင်း နောင် အဆင်ပြေသောအခါ လာ ရောက်တရားထိုင်ရန် အစီအစဉ် ရှိပါကြောင်း ပြန်လည် လျှောက်ထားရပါသည်
မစ္စတာ ဒေ့ဗ်နှင့်စာရေးသူ
ဆရာတော်ကြီး အဆောင်မှ ပြန်လာပြီနောက် ဆွမ်းစားကျောင်းများ ဓမ္မာရုံများ အတွင်း သို့ သွားရောက် လေ့လာဖြစ်ပါသည်။ဆွမ်းစားကျောင်းတွင် မြန်မာ သီလရှင်တစ်ပါးလည်းရှိကြောင်း လိုက်ပို့သော သီလရှင်က ပြောပြ၍ အားတက်မိပါသည်။ တရားထိုင် ဓမ္မာရုံများတွင် မြန်မာပြည်က မဟာစည် ဆရာတော်ကြီး၏ ဓာတ် ပုံများ ချိတ်ဆွဲထားသည် ကို ထပ်မံတွေ့လိုက်ရ၍ စာရေးသူ အံ့သြခြင်း ၀မ်းသာခြင်း ဂုဏ်ယူခြင်းများ ဖြစ်ခဲ့ ကြရပါသည် ဒေ့ ကိုလည်း ဒါက ငါတို့ မြန်မာပြည်က ဆရာတော်ကြီးဟု ဂုဏ်ယူစွာပြောပြရပါသည်။အမိမြန် မာပြည်သည် ဆင်းရဲနိမ့်ကျနေသော်လည်း တိုးတက်နေသော ထိုင်းနိုင်ငံ၏ ပရိယတ္တိရော ပဋိပတ္တိပါ မြန်မာ ပြည်က ဆရာတော်များကို အလေးထား ဂါရ၀ ပြုနေရဆဲဖြစ်ကြောင်း တွေးမိတိုင်း ကြက်သီးထသည်အထိ ဂုဏ်ယူနေမိပါသည်။ပဋိပတ္တိနေရာတွင် ယခုလို အထင်ကရ ရိပ်သာကြီများတွင် မဟာစည် ဆရာတော်ကြီး ၏ ပုံတော်များကို ဖူးတွေ့ရသကဲ့သို့ ပရိယတ္တိ နေရာတွင်လည်း လန်ပန်း ၀ပ်ထာ့မအိုကျောင်းတိုက်မှဆရာ တော် ဦးဓမ္မာနန္ဒ ၊ မုတ်ကျွန်းဆရာတော် ၊မဟာချူလောင်လောင်ကွန်တက္ကသိုလ်မှ ဆရာတော် ဦးကေဏ္ဍည စသော ဆရာတော်တို့မှာ ထိုင်းတနိုင်ငံလုံး လျှမ်းလျှမ်းတောက် နာမည်ကြီး မြန်မာ ဆရာတော်များဖြစ်ကြပါ သည်။

နောက်တစ်နေ့ မနက် အာရုံဆွမ်းစားသွားသောအခါ လူနှင့်ရဟန်းတော်များကို ဆွမ်းစားကျောင်းတစ် ကျောင်း စီ ခွဲထားသည်ကို တွေ့ရပြီး ရဟန်းတော်များ ဆွမ်းစားကျောင်းတွင် ဝေယျာဝေစ္စ လုပ်နေသော မြန်မာ သီလရှင်တစ်ပါးကို တွေ့လိုက်ရပါသည်။အသက် ၄၀ ကျော် ၅၀ ခန့်ရှိပြီး ခေတ္တဒုလ္လဘ ၀တ်စဉ် ဆရာတော်ကြီးက လူမထွက်ဖို့ရန်နှင့်ကျောင်းတိုက်၌ တရားအားထုတ်ရင်း ဝေယျာဝေစ္စကူညလုပ်ီဖို့ မေတ္တာ ရပ်ခံသောကြောင့် မြန်မာပြည်မှာလည်း သားသမီးများ လက်လွတ်ကုန်ပြီဖြစ်သောကြောင့် သီလရှင်ဘ၀ မြဲသွားကြောင်း သူ့ဘ၀ ကို အကျဉ်းချုပ်ပြောပြပါသည်။ ယင်းမြန်မာ သီလရှင်သည် လည်း အင်္ဂလိပ်လို ကောင်းစွာ ပြောတတ်သောကြောင့် ဒေ့ဗ်နှင့် မိတ်ဆက်ပေးပြီး လိုအပ်တာများ ကူညီဖို့ ပြောပြရပါသည်။ ဒေ့ဗ်၏ အခြေအနေကိုလည်း အနည်းငယ် ရှုင်းပြရပါသည်။

ယင်းနေ့တစ်နေ့လုံးတွင် ဒေ့ဗ် က တရားထိုင်ချိန်ဆိုလျှင် သွားထိုင်လိုက် စာရေးသူကအဆောင်မှာ နေခဲ့လိုက် ပြန်လာလျှင် စကားပြောဆွေးနွေးရင်း ၄င်း နေသားကျစေရန် အဖော်လုပ်ပေးလိုက်ဖြင့် တစ် နေ့တာ ကုန်လွန်စေပါသည်။ဤနေရာ၌ အလျဉ်းသင့်၍ ဒေဗ့် ၏ စိထာ်းကောင်းမွန်မှုများကို အနည်းငယ် ပြောပြလိုပါသည်။ရိပ်သာတစ်ခု ရောက်ပြီဆိုလျှင် အခမဲ့နေထိုင်ဖို့ စိတ်ကူး လုံးဝမရှိပဲ ဘယ်လောက်ပေး ရမလဲ ဟူသည်ကို အရင်ဆုံး မေးမြန်းပါသည်။သူတစ်ပါးထံက ဘယ်အရာမှ အလကားရယူဖို့ စိတ်မ၀င် စားပဲ တန်ရာတန်ကြေး စနစ်၊ကိုယ့်အားကိုယ်ကိုးစနစ် အမြစ်တွယ်နေခြင်းဖြစ်ပါသည်။ယင်း ရိပ်သထဲ တွင် ဆောက်လက်စ အဆောက်အဦးများ ရှိရာ ပန်းရံလုပ်နေသော အလုပ်သမားများ၏ ကလေးများကို သူ စားရသော မုန့်များ စားစရာများ သွားရောက်ကျွေးမွေးပြီး ကျွန်တော်တို့ကတော့ သူတော်ကောင်းအလုပ် လုပ်နေတယ် ဆိုပြီး အစားကောင်းတွေ စားရတယ် ၊သူတို့မှာ ကျွန်တော်တို့လို အစားကောင်းတွေ စားရမယ် မထင်ဘူး ကျွန်တော်တို့ရဲ့ စားသောက်နေထိုင်မှုဟာ တရားမျှတပါ့မလားဟု စာရေးသူကို ဆွေးနွေးလာပါ သည် စာရေးသူကလည်း လူအားလုံး သူ့ကံနှင့် သူ့ဘ၀ အခြေအနေနှင့် လာကြသည်ဖြစ်၍ ကိုယ်ဖန်တီးလို့ မရသည့် ကိစ္စတွေမှာ စိတ်ဆင်းရဲ ပြီး တွေးပူမနေဖို့ ဖျောင့်ဖျရပါသည်။သူသည် သူဖတ်ဖူးသော ဒါဝင် သီအိုရီ အတိုင်း လူသားဝါဒကို လွန်စွာတန်ဖိုးထားကြောင်းတွေ့ရပါသည်။အင်ဒိုနီးရှားရောက်စဉ်က လယ်သမားများ ကို ငွေကြေးကူညီပေးခဲ့ပြီး ထိုစဉ်က သူလည်း အဆင်ပြေနေ၍ နောက်လည်းကူညီအုံးမည် ဟု ကတိပေးခဲ့ ကြောင်း ထိုကိစ္စ ကို ယခု အချိန်မှာ မတတ်နိုင်၍ စိတ်မကောင်း ဖြစ်ရကြောင်း သူတို့တတွေက သူ့ကို မျှော် လင့်နေမည် ထင်သောကြောင့် စိတ်မချမ်းသာကြောင်း ပြော၍ ဖြေသိမ့် ပေးရပြန်သည်။ဘာသာရေး အသိ ဖြင့် သိရှိခြင်းမျိုး မဟုတ်သည့်တိုင် မရှိဆင်းရဲချို့တဲ့သူများကို အလှူဒါန လုပ်ဖို့ စေတနာ ထက်သန်ကြောင်း လည်း တွေ့ရပါသည်။

ငွေကြေး ချမ်းသာသည် ဖြစ်စေ ချို့တဲ့သည်ဖြစ်စေ ၊ဘ၀ကို ခမ်းခမ်းနားနား နေထိုင်ချင်စိတ်မရှိပဲ တော ရွာ လယ်ကွင်း စသည်နေရာများတွင် ငါးမျှားရင်း သီးနှံစိုက်ပျိုးရင်း ဘ၀ကို ကုန်လွန်ချင်ကြောင်းပြောပြပါ သည်။အမေရိကန်ကို မုန်းတီးပြီး အမေရိကန် မဆန်သော ထူးထူးဆန်းဆန်း အမေရိကန်လူမျိုးတစ်ယောက် ဟုပင် စာရေးသူ မှတ်ချက်ချလိုက်မိပါသည်။ညနေပိုင်းတွင် စာရေးသူ ပြန်ရမည် ဖြစ်သောကြောင့် မြန်မာသီလရှင်က ကားလက်မှတ် လိုက်ဖြတ်ပေးပါသည်။ဒေ့ဗ်ကတော့ မျက်နှာ သိပ်မကောင်းပါ။သို့ သော် တရားသဘောကို အတော်အသင့် သက်ဝင်နေပြီ ဖြစ်သောကြောင့် ပုံမှန်နီးပါးပြန်ဖြစ်နေပြီဖြစ်ပါသည်။တရား ပြပေးသော ထိုင်းဆရာတော်မှာလည်း အင်္ဂလိပ်လို ကျွမ်းကျင်၍ သူနှင့် လွန်စွာ အဆင်ပြေမှုရှိကြောင်းသိရ၍ ၀မ်းသာရပါသည်။မိုးချုပ်၍ စာရေးသူပြန်မည်လုပ်သောအခါ သူ၏ တရားထိုင်ချိန်နှင့် နီးကပ်နေသော ကြောင့် ကျောင်းအပေါက်ဝ အထိသာ လိုက်ပို့နိုင်ခဲ့ပါသည်။

နောက်ပိုင်း စာရေးသူထံ ဖုန်းဆက်၍ သိရသည်မှာ ကျုံထောင်ရိပ်သာတွင် ၁၂ ရက်တိုင်တိုင်နေခဲ့၍ ရိပ် သာတွင် နေထိုင်စဉ် အီးမေး ဖွင့်ကြည့်ရာ ဟောင်ကောင်မှ မူလ သူလက်လွတ်ခဲ့သော အလုပ်က ပြန်လည် ခေါ်ထားကြောင်းနှင့် မကြာခင် စင်္ကာပူမှ တဆင့် ဟောင်ကောင်ကို သွားရမည်ဖြစ်ကြောင်း သတင်းကောင်း ပါးလာပါသည်။စာရေးသူလည်းဝမ်းသာကြောင်းနှင့်ကျန်းမာရေးဂရုစိုက်ဖို့၊စိတ်ကို တည်ကြည်ငြိမ်းချမ်းအောင် ဆောက်တည်နိုင်ဖို့ ၊စာရေးသူနှင့် ရိပ်သာဆရာတော်များ သင်ကြားပေးသော မြတ်ဗုဒ္ဓတရားတော် အသုံးချ နည်း များကို လက်တွေ့ကျင့်သုံးဖို့ သတိလက်မလွတ်ပဲ အခါအားလျော်စွာ အလေ့အကျင့်လုပ်တရားထိုင်ဖို့ ပြောကြားပေးရပါသည်။ယခု စာရေးနေချိန်တွင်တော့ ဒေ့ဗ်တစ်ယောက် ဟောင်ကောင်မှာ အဆင်ပြေစွာရှိ နေပြီဖြစ်ပါသည်။ထိုင်းနိုင်ငံတွင် နေထိုင်စဉ် အတွင်း အမှတ်တရ ဖြစ်ရပ်များစွာထဲမှ အမှတ်တရ ဖြစ်ရပ်တစ် ခုကို စာဖတ်သူများထံ မျှဝေလိုက်ခြင်း ဖြစ်ပါသည်။


ဂန္ထလုလင် ( ဘိုကလေး )


ဆက်လက်၍ ကမ္ဘေဒီယား အမှတ်တရ နှင့် ထိုင်းနိုင်ငံရောက် အမှတ်တရ ဖြစ်ရပ်များ ရေးသားပါအုံးမည်။

Saturday, July 11, 2009

ထိုင်းနိုင်ငံရောက် အမှတ်တရများ။

ထိုင်းနိုင်ငံရောက် အမှတ်တရများ။ အယုဒ္ဓယနှင့် ယိုးဒယားတို့၏မြန်မာတို့အပေါ်ပစ္စက္ခအမြင်

စာရေးသူသည် ခရစ်နှစ် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ တွင်စာရေးသူနေထိုင်ရာ စမွတ်စခွန် ခရိုင် ၀ပ်ဘန်ဖိုင်တိယကျောင်းမှ အယုဒ္ဓယ သို့ အလည်သွားရောက်ဖြစ်ခဲ့ပါသည်။ အယုဒ္ဓယ အကြောင်း ကိုအေးအေးဆေးဆေးလေ့လာရန်နှင့် အချိန်လည်း ရနေသောကြောင့် နှစ်ရက်ခန့်နေဖို့ရန် စီစဉ်ခဲ့ပါ သည်။မည်သူမှ စစ်မထိုးနိုင်သော အဓိပ္ပါယ်ဖြင့်အယုဒ္ဓယ ဟူ၍ အမည်မှည့်ခေါ်ခဲ့သော ထိုနေရာသည် မြန်မာတို့၏ ရဲစွမ်းသတ္တိနှင့်ဇွဲလုံ့လတို့ကြောင့် စစ်ရှုံခံနယ်မြေအဖြစ် သမိုင်းဝင်နေသည်မှာ ထိုနေရာသို့ ရောက်ရှိလာသူအားလုံး လက်တွေ့မျက်မြင်ဖြစ်နေပေသည်။

သို့သော် ယနေ့ မြန်မာနိုင်ငံသည် ၄င်းတို့နိုင်ငံအောက် ဆင်းရဲနိမ့်ကျ နေသည်ဖြစ်သောကြောင့် မြန်မာတို့၏စစ်အောင်နိုင်မှုသည် ဂုဏ်ယူစရာအဖြစ်ရှိမနေတော့ပဲ ရက်စက်ကြမ်းကြုတ်မှု၊မတရားနယ် ချဲ့မှု ၏ ပြရုပ်များ အဖြစ် သူတို့က အမြဲတစေ ပြောဆိုနေလေ့ရှိသည်ကို ကြားသိနေရပေသည်။ကမ္ဘာ လှည့် ခရီးသွားတော်တော်များများသည် ရှေးဟောင်း အဆောက်အဦး အပြိုအပျက်များကို အထုး စိတ် ၀င်စားကြသည်ဖြစ်ရာ ရှေးဟောင်း အဆောက်အဦးများ တည်ရှိရာ ထိုအယုဒ္ဓယသို့ နိုင်ငံခြားသား ခရီး သွား ဧည့်သည်များများပြားစွာ လာရောက်ကြသည်ကို တွေ့နေရပါသည်။

ထိုသို့ လာရောက်သော ခရီးသွားများကို သူတို့ နိုင်ငံသား ( Tour Guide ) များက အဆောက်အ ဦးပျက်များကို လက်ညှိုးထိုး၍ မြန်မာစစ်သည်တို့၏ ရက်စက်ပုံ ဖျက်ဆီးလုယက်ပုံ၊ တို့ကို ရေပက်မ၀င် အောင်ရှင်းပြနေသည် ကို မကြာခဏ တွေ့နေရပေသည်။ ထိုသို့ တွေ့မြင်ကြားသိရတိုင်း စာရေးသူ ရင်ထဲ မှာ ဂုဏ်ယူရတော့မလို အားနာ ရှက်ရွံ့ ရတော့မလို ၊သူတို့နှင့်ငြင်းခုန်ရန်ဖြစ်ရတော့မလို စိတ်ထွေပြား မှုများ ဖြစ်ခဲ့ရပါသည်။ တကယ်တော့ ကမ္ဘာ့နိုင်ငံသားအများစုသည် ပစ္စုပ္ပန် အခြေအနေကိုသာ အဓိကထား သုံသပ်ကြ သည်ကို တွေ့မြင်နိုင်ပါသည်။အတိတ်က အကောင်းအဆိုးများကို ရုပ်ရှင်ထဲ သမိုင်းစာအုပ်ထဲလောက် သာ မှတ်တမ်းပြုသိမ်းထားကြပါသည်။မြန်မာတို့ကို ကဲ့ရဲ့ရှုတ်ချသော ထိုင်းနိုင်ငံသားများသည် ယ နေ့မြန်မာနိုင်ငံသာ အမေရိကန်နိုင်ငံလောက် သို့မဟုတ် ဂျပန်နိုင်ငံလောက် ဖွံ့ ဖြိုးတိုးတက်နေခဲ့ပါ လျှင် ဤမျှလောက် ရှုတ်ချပြောဆိုလိမ့်မည် မဟုတ်ပေ။

ဂျပန်သည် တစ်ချိန်က ဖက်ဆစ်ဖြစ်ခဲ့ပါသည်။ ဂျာမနီသည် တစ်ချိန်က နာဇီနိုင်ငံဖြစ်ခဲ့ပါသည်။အမေရိကန်သည် တချိန်က လူရိုင်းဓားပြများ နေထိုင် ရာနိုင်ငံ အဆင့်မျှသာ ရှိခဲ့ပါသည်။သို့သော် ထိုနိုင်ငံများကို အတိတ်က သူတို့၏အခြေအနေဆိုးရွားမှု များကို ကြည့်၍ ယနေ့ မည်သူမျှ အထင်မသေးရဲပါ။ နှိမ့်ချဆက်ဆံခြင်း မပြုရဲပါ။ ဘယ်နိုင်ငံကလာသလဲလို့ မေးလိုက်လျှင် ရင်ကော့၍ မိမိဇာတိနိုင်ငံကို ဂုဏ်ယူစွာပြောကြားနိုင်ကြပါသည်။

မြန်မာသည် တစ်ချိန်က အရှေ့တောင်အာရှတွင် ရွှေထီးဆောင်းနိုင်ခဲ့သည်။အထူးသဖြင့်ယိုးဒယား လိုနိုင်ငံမျိုးကို အပေါ်စီးမှ ငုံကြည့်ကာ အမြဲတမ်း လွှမ်းမိုးနိုင်ခဲ့သည်။သို့သော် ယနေ့အချိန်တွင် မြန်မာ နိုင်ငံသား အများစုသည် သူတို့နိုင်ငံမှာ အောက်ခြေအလုပ်များကို ဈေးပေါပေါနှင့်လုပ်ကိုင်ပေးနေရ သည်။ ယင်းသို့လုပ်ကိုင် နိုင်ဖို့ရန်အတွက် ကိုတောင် တရားဝင်နည်းလမ်းဖြင့် လာနိုင်သည်မဟုတ်ပဲ နောက်ဖေးပေါက်မှ ခိုးကြောင်ခိုးဝှက်ဖြင့် ရောက်လာကြရခြင်းဖြစ်သည်။ ထိုအတွက် အဖမ်းခံကြရ၊ အောက်ကြခံကြရ ၊မတရားအနိုင်ကျင့်ခံကြရ၊ သတ်ဖြတ်ခံကြရသည့် သတင်းများ ကမျက်စိမဆန့် နားမဆန့် အောင်ကြား နေကြရသည်။

ဒီလို အခြေ အနေမျိုးမှာ ဘယ်ထိုင်းနိုင်ငံသားကမှ တစ်ချိန်က မြန်မာတို့ ၏အောင်နိုင်မှု၊အစွမ်းရှိ မှုကို အသိအမှတ်ပြုလိမ့်မည် မဟုတ်၊ တရားဝင် လာနိုင်သူများပင် ထိုအဖိနှိပ်ခံလူအများစုကြီးနှင့် တစ်နိုင်ငံတည်းသာချင်း ဖြစ်နေသောကြောင့် မြန်မာဟု ပြောရမှာ ရှက်ရွံ့နေကြသည်ကို တွေ့မြင် နေ ရပါ သည်။ ထို့ကြောင့် ယိုးဒယားတို့သည်တစ်ချိန်က မြန်မာတို့၏ အောင်နိုင်မှု ကို ရက်စက်ကြမ်း ကြုတ် မှု၊အတ္တကြီးအနိုင်ကျင့်မှုများအဖြစ် ဖော်ထုတ်တင်ပြလာကြပါသည်။

မည်သို့ပင်ဖြစ်စေ စာရေးသူကတော့ ကိုယ့်ဇာတိဒေသ နိုင်ငံကို ဘယ်သောအခါမျှ ထိန်ချမ်ကွယ် ၀ှက်ပြောဆိုခြင်း မရှိခဲ့ပါ။ဘယ်က လာသလဲမေးလျှင် မြန်မာပြည်က လာတယ်ဟုပင် အမြဲဖြေဆိုခဲ့ပါ သည်။ အထင်သေးမှုခံရခဲ့သည်များ၊ ပြဿနာတက်ခဲ့သည်များရှိသလို အထင်ကြီးသယောင် ဆက်ဆံ ခံခဲ့ရသည်များလည်း ရှိခဲ့ပါသည်။အထင်ကြီး အထင်သေးခံရခြင်းများကြောင့် ကိုယ့် ကိုယ်ရည် ကိုယ်သွေး ရုတ်လျော့ တိုးတက်မသွားသည်ကို သိမြင်နားလည်ထားသောကြောင့်ဖြစ်ပါသည်။

အမေရိကန်နိုင်ငံသား မစ္စတာ ဒေ့ ဗ် ( Dave ) နှင့် ဆုံတွေ့ခြင်း။ အယုဒ္ဓယတွင် ( ၂ ) ရက်တာ လည်ပတ်ခဲ့စဉ် အတွင်း အမှတ်တရ ဖြစ်ဖွယ်ရာ လူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ရပါသည်။ အထူးပြုမိတ်ဆွေဖွဲ့ကာ ဆုံတွေ့မှုမျိုးမဟုတ်ပဲနှင့် အမှတ်မထင် ဆုံတွေ့ခဲ့ရခြင်းဖြစ်ပါ သည်။ဝပ်မဟာထပ် ဟုခေါ်သော ရှေးဟောင်း ဘုန်းကြီးကျောင်း နေရာ တစ်ခုကို လေ့လာပြီးနောက် ရေသန့်ဘူး အအအေးဗူးများ၊ အမှတ်ရပစ္စည်းများ ရောင်းသောဆိုင်တွင် စားရေးသူနားလိုက်ပါသည်။ စာရေးသူကဲ့သို့ နိုင်ငံခြားသား ခရီးသွားများလည်း ထိုနေရာတ၀ိုက်တွင် ကိုယ့်အစုနှင့်ကိုယ် နားနေကြ ပါ သည်။

ထိုအခိုက် ယိုးဒယား လူမျိုးတစ်ယောက်က ကြိုးပုခက်များ လိုက်လံ ရောင်းချ နေပါသည်။ စာရေးသူ အနား ရောက်သောအခါတွင်လည်း ယိုးဒယားဘုန်းကြီးထင်၍ ယိုးဒယားလိုပြောဆိုရောင်းချ လာပါသည်။စာရေးသူက မယူချင်ဘူးဟူ၍အင်္ဂလိပ်လို ပြောဆိုလိုက်သောအခါ နိုင်ငံခြားသာ ဘုန်းကြီး မှန်းသိ၍ အင်္ဂလိပ်လို ပြောဆိုကာ ရောင်းပြန်တော့သည်။ဘယ်နိုင်ငံကလဲ မေးသောအခါ မြန်မာ လို့ ပင် ဖြေလိုက်ပါသည်။ ခုချိန်မှာ စာရေးသူ ဘယ်နိုင်ငံသား ဖြစ်သည်ဆိုတာ သူ့တွက် အရေးမကြီးပဲ သူ၏ ကြိုးပုခက်များ ရောင်းဖို့အရေးသာ စိတ်စောနေသောကြောင့် စာရေးသူအား တစ်ခုကို ထိုင်းဘတ် လေးဆယ်ပဲ ပေးပါ တစ်ဒေါ်လာ ကျော်ကျော်ပဲကျပါသည်ဟု ပြောလာပါသည်။ ပုခက်ကိုကြည့်လိုက်သောအခါ လွန်စွာ ခိုင်ခန့် ပုံရှိ၍ ၎င်း ပြောသောဈေးနှင့် လွန်စွာ ၀ယ်သင့်ကြောင်းတွေ့ရလေသည်။သို့သောစာရေးသူက မင်းပြောသောဈေးနှင့် ဆိုလျှင် ဒီပုခက်မှာ အများကြီးဈေးချိုသည်ကို သိမြင်ကြောင်း သို့သော် မိမိအ တွက် အသုံးမ၀င်၍ မ၀ယ်နိုင်ကြောင်း ပြန်ပြေလိုက်ပါသည်။သို့သော် ပုခက်ရောက်သူသည် သူ့ပုခက် ကို စာရေးသူ စိတ်ဝင်စားနေသည် ကို အကဲခတ်မိ၍ ထင်သည် တခြားနေရာသို့ဆက်လက်မသွား တော့ပဲ စာရေးသူကို သူ့ပုခက်ဝယ်ဖို့ကိုသာ တွင်တွင် ပြောလာနေပါသည်။စာရေးသူလည်း စိတ်မရှည် တော့ပဲ နောက်ဆုံးတွင် နိုး ဟု ပြောဆို၍ အပြတ်ဖြတ်လိုက်ပါသည်။ သို့သော် ပုခက်ရောင်းသူသည် လက်မလျှော့သေးပဲ စာရေးသူကို နားပူနားဆာတိုက်ကာ ဆက် လက်ရောင်းချနေပြန် ပါသည်။ထိုမြင်ကွင်းကို စာရေးသူ အနီးမှာရှိနေသော အီတလီလူမျိုး ခရီးသွား ဒကာ တစ်ယောက်က ကြည့်မရဖြစ်လာသည်နှင့် စာရေးသူကို ကပ်၍ ဒီလူက နိုး ဆိုတဲ့ အဓိပ္ပါယ်ကို နားမလည်ဘူးဟု ရွဲ့ကာပြောလိုက်ပါသည်။ပုခက်ရောင်းသူလည်း သူ့ကို ရွဲ့ပြောမှန်းသိ၍ စာရေးသူ အနီးက ထွက်ခွါသွားပါသည်။

ထိုအခါကျမှပင် စာရေးသူလည်း သူ့ကိုကျေးဇူးတင်ကြောင်းနှင့်ဘယ် နိုင်ငံက လာသလဲဟု မေးဖြစ်လိုက်ပါသည်။သူက ပြန်ဖြေသည်မှာ အီတလီက လာ၍ သူတို့မိသားစု အား လုံး ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာကို လွန်စွာ ကိုင်းရှိုင်းကြောင်းပြောပြပါသည်။ သူ့အစ်ကို တစ်ယောက်မှာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်၍ ကက်သလစ် ဘုန်းတော်ကြီးတို့ ၏ စည်းကမ်းကြီးပုံ ကသလစ် ခရစ်ယာန်ဝင်ဘုန်းကြီးသီလရှင် များသည် လူထွက်ခွင့်မရပုံအကြောင်း များကို ပြောပြပါသည်။ စာရေးသူလည်း စိတ်ဝင်စားစွာ နားထောင်၍ မသိတာများကို ပြန်လည်မေးမြန်းပြီး သူမေးလာ သော ဗုဒ္ဓဘာသာ အကြောင်းအရာများကိုလည်း ပြန်လည်ဖြေဆိုပေးပါသည်။ထိုသို့ပြောဆိုနေခိုက် စာရေးသူတို့ အနီးသို့ တခြားနိုင်ငံခြားသားတစ်ယောက်စိတ်ဝင်စားစွာလာရောက်နားထောင်နေပါ သည် ။

အထူးသဖြင့်စာရေးသူပြောသော ဗုဒ္ဓဘာသာ အကြောင်းအရာများကို စိတ်ဝင်စားစွာနားထောင် ရင်း တစ်ခါ တစ်ခါ သူက ၀င်ရောက်ဆွေးနွေးပြောဆိုလာပါသည်။ဤသို့ဖြင့် စာရေးသူနှင့်မူလက စကားပြောခဲ့သော အီတလီလူမျိုး ခရစ်ယံကြီးမှာ သူဆက်လက် လည်ပတ်မည့် နေရာများကို ထွက် သွားလိုက်ပြီး နောက်ရောက်လာသော နိုင်ငံခြားသားနှင့် စာရေးသူတို့ဆက်လက်ဆွေးနွေးပြောဆို ဖြစ်ပါသည်။သူ၏ အမည်မှာ Mr Dave Linehan ဖြစ်ပြီး အမေရိကန်နိုင်ငံ ဖလောရီဒါပြည်နယ် မိုင် ယာမီ မြို့ မှ ဖြစ်ကြောင်းသိရပါသည်။ သူနှင့်စကားပြောနေ့ရင်း သူ့ကို အကဲခတ်ရသည်မှာ သူ့တွင် စိတ်ကျဝေဒနာခံစားနေရကြောင်း သိလာရပါသည်။သူမေးသော အဓိက စကားလုံးမှာ ဗုဒ္ဓဘာသာတရားတော်က လူတွေကို စိတ်ချမ်း သာအောင် တတ်နိုင်သလားဟူ၍ ဖြစ်ပါသည်။စာရေးသူကလည်း တတ်နိုင်ကြောင်း ဗုဒ္ဓဘာသာတရား တော်ဟာ တခြားဘာသာလို ဘုရားက စိတ်ချမ်းသာအောင်ကယ်တင်မည်ဟူ၍ အာမခံခြင်းမျိုးမဟုတ် ပဲစိတ်ချမ်းသာစေမည့် တရားများကို ဟောပေးထားကြောင်း ထိုတရားများကို ကိုယ်တိုင်ကျင့်သုံးခြင်း ဖြင့် စိတ်ချမ်းသာမှုကို ကိုယ်တိုင်ရရှိခံစားနိုင်ကြောင်း ရှင်းပြပါသည်။

စိတ်မချမ်းသာခြင်း အကြောင်အရင်းမှာ ငါ ကိုယ် ယောက်ျား မိန်းမ ၀တ္ထု ပစ္စည်း စသည်အားဖြင့် အထင်မှားမှု စွဲလမ်းမှုကြောင့် ဖြစ်ရကြောင်း ထိုစွဲလမ်းမှုများကြောင့် လောဘ၊ ဒေါသ၊မောဟာ၊ မာန် မာန ၊ဣဿာ မစ္ဆရိယ ဖြစ်ရကြောင်း၊ယင်းလောဘ စသောတရားများရှိလာလျှင် လူတစ်ယောက်ဖြစ် စေ ၊မိသားတစ်စုဖြစ်စေ ၊နိုင်ငံတစ်ခုဖြစ်စေ မငြိမ်းချမ်းနိုင်တော့ကြောင်း ဥပမာ လူတစ်ယောက်ခိုးပြီ ဆိုလျှင် ဘာကြောင့်ခိုလဲ လောဘ စိတ်ရှိလို့ခိုးခြင်းဖြစ်ကြောင်း ၊လူတစ်ယောက်အခြားတစ်ယောက် ကိုသတ်ပြီဆိုလျှင် ဒေါသ ရှိ၍သတ်တ်ခြင်းဖြစ်ကြောင်းဤ ကမ္ဘပေါ်မှာရှိနေသော ဆင်းရဲ့မှု၊မငြိမ်းချမ်း မှုများသည်လောဘ ဒေါသ စသည်ကိလေသာများ အရင်ခံ၍ ဖြစ်ရကြောင်းစသည်ဖြင့်ရှင်းပြပါသည်။

ထိုအခါ Dave သည် လွန်စွာစိတ်ဝင်စားလာပြီး ဒါဆိုရင် လူမှာရှိနေတဲ့ လောဘ ဒေါသ များ ပျောက်ကင်းအောင် ဗုဒ္ဓဘာသာက ဘယ်လိုနည်းလမ်းပေးထားသလဲဟု မေးလာပါသည်။စာရေးသူက လောဘ ဒေါသ တရားများငြိမ်း ဖို့ဆိုရင် တရားထိုင်ဖို့လိုကြေင်း၊တရားထိုင်ခြင်း နှစ်မျိုးရှိကြောင်း၊ သမထ နှင့် ၀ိပဿနာ ဟူ၍ခေါ်ကြောင်း သမထ ဆိုတာ စိတ်တည်ကြည် ငြိမ်းချမ်းကြောင်း ဖြစ်ပြီး ၀ိပဿနာ ဆိုတာ မိမိဘ၀ ခန္ဓာကို အမှန်အတိုင်း ကြည့်ရှုသည့် နည်းဖြစ်ကြောင်း ၊ဦးစွာပထမ သမထ ကိုနားလည်ဖို့လိုကြောင်း ဘုရားရှင် ဟောခဲ့သော သမထ နည်းပေါင်းလေးဆယ်ရှိကြောင်း ထိုအထဲမှ စာရေးသူ အသုံးပြုလေ့ရှိသောနည်းမှာ မေတ္တာကမ္မဌာန်း နည်းဖြစ်ကြောင်းမေတ္တာ ကမ္မဌာန်ားနည်း သည် သြဓိသမေတ္တာ နည်း အနောဓိသနည်းဟူ ၍ နှစ်မျိုးရှိကြောင်းရှင်းပြပါသည်။

သူက ယင်းနှစ်မျိုးကို ရှင်းပြပါဟူ၍ ဆက်လက်တောင်းခံရာစာရေးသူက ယင်းနှစ်မျိုးတွင် သြဓိသ နည်းကို အများအားဖြင့် အသုံးပြုလေ့ရှိကြောင်း အနောဓိသ မေတ္တာနည်းကို လည်း ရံခါ အသုံးပြုလေ့ ရှိကြောင်းပြောပြပါသည်။မည်သည့်နည်းကို ဖြစ်စေ မေတ္တကမ္မဌာန်း ကို အသုံးပြုတော့မည်ဆိုလျှင် ဦး စွာပထမ ဆိတ်ငြိမ်သော နေရာတစ်ခုကို ရွေးချယ်ဖို့လိုအပ်ကြောင်း ပြီးလျှင် မိမိနှင့် ရင်းနှီးခင်မင်သူ တစ်ယောက်ကို စိတ်ထဲမှာ အာရုံယူရကြောင်း အမျိုးသားအချင်းချင်း အမျိုးသမီးအချင်းချင်း ဆိုလျှင် ပို၍ အဆင်ပြေကြောင်း ပြီးလျှင် သူ့ရဲ့ ပြုံနေတဲ့ ရုပ်သွင် စာရေးသူဆိုလျှင် စကားပြောသံများကိုပါ အကြား အာရုံပြု၍ ယူလေ့ရှိကြောင်း မေတ္တာပို့ချင်စဖွယ် ကိုယ့်မိတ်ဆွေ သူငယ်ချင်း၏ အာရုံ စိတ်ီနှလုံထဲထင် လာသည့် အချိန်တွင် ဒေါသခပ်သိမ်းတို့မှ ကင်းငြိမ်းနိုင်ပါစေ၊ ဘေးအန္တရာယ် ရန်စွယ်အပေါင်းတို့မှ ကင်းငြိမ်းနိုင်ပါစေ။ စိတ်၏ဆင်းရဲခြင်း ကိုယ်၏ဆင်းရဲ့ခြင်းတို့မှ ကင်းငြိမ်းနိုင်ပါစေ၊စိုးရိမ်ကြောင့်ကြဗျာ ပါဒတို့မှ ကင်းငြိမ်းနိုင်ပါစေ။ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းတို့နှင့်ပြည့်စုံနိုင်ပါစေ။ ကိုယ်စိတ် နှလုံး အေးချမ်းနိုင်ပါစေ စသည်ဖြင့် ကောင်းမွန်သော စိတ်ဆန္ဒများကို မိမိနှလုံးသာမှ ပို့လွှတ်ပေးရ ကြောင်း ရှင်းပြပါသည်။

သြဓိသမေတ္တာဆိုသည်မှာ တစ်ဦးတစ်ယောက် စသည်ကို ရည်ညွှန်းခြင်းဖြစ်ပြီး အနောဓိသ မေတ္တာဆိုသည် မှာ မရည်ညွှန်းပဲ စကြ၀ဠာ အနန္တအတွင်းသို့ မိမိ၏ နှလုံးသာစိတ်အစဉ်မှ သတ္တ၀ါ အားလုံးအတွက် ဒေါသ ခပ်သိမ်းကင်းငြိမ်းကြပါစေ စသည်ဖြင့် ပို့လွှတ်ပေးရခြင်းဖြစ်ကြောင်းမေတ္တာ ကမ္မဌာန်းကို ထိုသို့ အသုံပြုခြင်းဖြင့် လူမှုရေးနယ်ပယ်မှာလည်းဆက်ဆံရေး ချောမွေ့နိုင်သလို ဓမ္မရေး ရာ ကိစ္စတွင်လည်း စိတ်တည်ငြိမ်ဖို့ စိတ်ချမ်းသာဖို့ စိတ်အေးငြိမ်းဖို့ များစွာ အထောက်အကူဖြစ် ကြောင်း စာရေးသူ အတွေ့အကြုံအရဆိုလျှင် မေတ္တာ ကမ္မဌာန်းထိုင်ပြီး မိနစ် နှစ်ဆယ် နာရီဝက်ခန့် ဆိုလျှင် စိတ်တည်ငြိမ်မှု ရလာကြောင်း ပြောပြပါသည်။

ထိုသို့ စိတ်တည်ငြိမ်မှု ရလာလျှင် ၀ိပဿနာကမ္မဌာန်းနည်းကို ကူးပြောင်းဖို့လိုကြောင်း မိမိ၏ စိအစဉ် ရုပ်အစဉ်တို့ကို အမှန်အတိုင်းမြင်အောင် ကြည့်ရှုဖို့ရန်အတွက် တည်ငြိမ်သော စိတ်အစဉ် သတိတရားနှင့် ဥာဏ်တို့ကို အားပြုရခြင်းဖြစ်ကြောင်း မိမိဘ၀ခန္ဓာ အစဉ်ကို သုံးသပ် ဆင်ခြင်ကြည့် လျှင် လွန်ခဲ့သော ဆယ်နှစ်က နှင့် ယခု အချိန်မတူကြောင်း ၊မနှစ်ကနှင့်ဒီနှစ်လည်း မတူကြောင်း ၊မနေ့ ကနှင့်ဒီနေ့လည်း မတူကြောင်း ၊အမြဲတမ်းပြောင်းလည်းနေကြောင်း အဲဒီလိုပြောင်းလည်းတာသည် ဆယ်နှစ်ကြာမှ တစ်နှစ်ကြာမှ တစ်ရက်ကြာမှ ရုတ်တရက်ပြောင်းလည်းတာမျိုးမဟုတ်ပဲ အချိန်တိုင်း အချိန်တိုင်း နာရီတိုင်းနာရီတိုင်း မိနစ်တိုင်း စက္ကန့်တိုင်း စက္ကန့်ကို ထပ်စိတ်မယ်ဆိုရင် ထပ်စိတ်လို့ ရတဲ့ အချိန်တိုင်းဟာပြောင်းလည်း နေကြောင်း အဲဒီပြောင်းလည်းမှုကို အသိဥာဏ်ပါပါနှင့် မြင်အောင်ရှု ကြည့်ဖို့လိုကြောင်း အသိဥဏ်နှင့်တကွ မြင်လာပြီဆိုလျှင် ပြောင်းလည်းမှုဖြစ်စဉ်သက်သက်ကြီးကို သာတွေ့မြင်ရမှာ ဖြစ်ကြောင်း ငါဆိုတာလည်း မရှိတော့ကြောင်း ငါ့ဇနီးမယား သမီးသား ငါပိုင် ဥစ္စဆို တာ မတွေ့ရနိုင်တော့ကြောင်း ရုပ်တရားနာမ်တရား ဖြစ်စဉ်တွေသာ တွေ့ရမှာဖြစ်ပြီး ထိုရုပ်တရားတို့ရဲ့ မမြဲခြင်း ပြောင်းလည်းခြင်း အစိုးမရခြင်းတို့ကို သာ တွေ့ရမှာဖြစ်ကြောင်း ထိုသို့သိမြင်နားလည်လာပြီ ဆိုလျှင် ရုပ်နာမ်တရားတို့ကို မှီပြီးဖြစ်ပေါ်နေတဲ့ လောဘ ဒေါသ မောဟ မာန်မာန စသော တရားတွေ လည်း မည်သို့မျှ ဖြစ်ပေါ်နိုင်ခြင်း မရှိတော့ကြောင်း ထိုတရားဆိုးတွေ မရှိတော့လျှင် စိတ်ဆင်းရဲမှု စိတ် ညစ်မှုဆိုတာ မရှိတော့ပဲ ဘ၀ဟာ လွန်စွာ ငြိမ်းချမ်းလာမည်ဖြစ်ကြောင်း ပြောပြလိုက်ပါသည်။

မစ္စတာဒေ့ဗ် သည် စိတ်ဝင်စားစွာနားထောင်နေရင် သူလည်း တရားထိုင်ဖို့စိတ်ကူးထားကြောင်း ပြောပြပါသည်။တဆက်တည်း စာရေးသူနေသောနေရာကို မေးလာပါသည် စာရေးသူလည်း လိပ် စာ နှင့် ဖုန်းနံပတ်ကို ပေးလိုက်ပါသည်။ သူကလည်း သူ့ဖုန်းနံပတ်ကိုပေးလာပါသည်။ထို့နောက်နေ့ဆွမ်း စားဖို့ရန် အချိန်ရောက်လာသောကြောင့် ထမင်းဆိုင်တစ်ဆိုင်သို့သွားကာ နေ့ဆွမ်းစားဖြစ်ပါသည်။မစ္စ တာဒေ့ဗ် နှင့် အတူ အခြား အမေရိကန်နိုင်ငံသား သုံးလေးယောက်လည်း လာရောက်စားသောက်ကြ ပါသည်။စာရေးသူက အမေရိကန်နိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူစရာကောင်းကြောင်းဘယ်နေကိုသွား သွား သိက္ခာရှိ၍ လေးစားမှုခံရကြောင်း ပြောပြသောအခါ သူတို့က အမေရိကန်နိုင်ငံသည် အထင်ကြီး စရာမရှိကြောင်း အာရှက လူအများစုက အမေရိကန် ရုပ်ရှင်များကို ကြည့်၍ သက်သက် အထင်ကြီးနေ ကြခြင်းဖြစ်ကြောင်း ပြောပြ ကြပါသည်။

သူတို့စိတ်ထဲ တကယ်ရှိနေ၍လား စာရေးသူနှင့် လိုက်လျောညီ ထွေရှိရန် ပြောနေကြခြင်းလားဆိုသည်ကို စာရေးသူမသိနိုင်ခဲ့ပါ နေ့ဆွမ်း ဘုန်းပေးပြီးနောက် မစ္စတာ ဒေ့ဗ် နှင့် ရော သူတို့အားလုံနှင့်ပါ လမ်းခွဲ၍ ထွက်လာခဲ့ပါသည်။ ထိုနေ့ ညနေစောင်းသောအခါ စာရေးသူ သီတင်းသုံးရာ စမွတ်စခွန်ရှိ ၀ပ်ဘန်ဖိုင်တိယကျောင်း သို့ပြန်လည်ရောက်ရှိလာခဲ့ပါသည်။နောက်တစ်နေ့မနက်ရောက်သည်နှင့် မစ္စတာဒေ့ဗ်က ဖုန်းမက် ဆေ့ခ်ျ တစ်ခုပို့လာပါသည်။ ချင်းမိုင်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် သူတရားသွားရောက်အား ထုတ်မည် ဖြစ်ကြောင်း စာရေးသူကို လိုက်ပါပို့ဆောင်စေလိုကြောင်း ပြောလာပါသည်။ထိုသို့သွား ရောက်ခြင်း မပြုမီ အစမ်းအာဖြင့်တရားပြပေးရန်လည်း စာရေးသူကို အကူအညီတောင်း လာ ပြန်ပါသည်။ စာရေးသူလည်း မယုတ်မလွန် ဖြစ်စေရန် အဆင်ပြေတဲ့ အချိန် ပြတာပေါ့ဟု ပြန်ကြားလိုက်ပါ သည်။ ၄င်းနှင့်တွေ့ပြီး နှစ်ယောက်မြောက်နေ့တွင် စာရေးသူထံနောက်ထပ်ဖုန်း မက်ဆေ့ခ်ျ တစ်ခု ပို့လာပါ သည် သူက ယခု စာရေးသူကျောင်းသို့လာနေပြီဖြစ်ကြောင်း အယုဒ္ဓယ ခရီးသွား အေဂျင်စီ တစ်ခုက ဒရိုင်ဘာ တိုးဂိုက် တစ်ယောက်ကို ငှားလာကြောင်း ပြောလာပါသည်။

ထိုအချိန်တွင် စာရေးသူက ဘန်ကောက် သို့ ကိစ္စတစ်ခုဖြင့် သွားနေသည်ဖြစ်သောကြောင့် ကျောင်းလိပ်စာကိုသာ အေးဂျင့် အမျီုသမီးကိုသေချာစွာပြောပြပြီး မကြာခင်ပြန်လာမည်ဖြစ်ကြောင်း ပြောပြလိုက်ပါသည်။ကျောင်းတွင် စာရေးသူ၏ သူငယ်ချင်း ဦးတေဇ အမည်ရှိ ရခိုင်ဦးဇင်းတစ်ပါးရှိ နေ ၍ ၄င်းထံ ဖုန်းဆက်အကြောင်းကြားပြီး မစ္စတာ ဒေ့ဗ်တိုကို ဧည့်ခံစကားပြောပေးဖို့ ပြောပြ လိုက်ရ ပါသည်။နောက်ပိုင်း ဦးတေဇ ပြောပြ၍ သိရသည်မှာ မစ္စတာ ဒေ့ဗ်က စာရေးသူနှင့် တွေ့လိုစိတ်စော နေ၍ စာရေးသူ ဘန်ကောက်ကို ကိစ္စနှင့် သွားနေခြင်းသည် သူ့ကို မကူညီချင်၍ရှောင်ထွက်သွားသည် ဟုထင်နေပုံရကြောင်း သိရပါသည်။

စာရေးသူပြန်ရောက်လာသော အခါ စာရေးသူကျောင်းမှာပင် သူ့ ကို တရားပြပေးဖို့ တောင်းဆိုပါသည်။ စာရေးသူကလည်း ကျောင်းတိုက် အခြေအနေသည် တရားရိပ် သာမဟုတ်၍ သူ့ကို တရားပြပေးဖို့ရန်အတွက် ဆိတ်ငြိမ်မှု မရှိ၍ မသင့်တော်ကြောင်း တခြားသင့် တော်ရာ ကျောင်းတစ်ကျောင်းကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ရှင်ပြလိုက်ပါသည်။သို့သော် သူက လက်မခံပဲ စာရေးသူကို တွေ့ဆုံဖို့ရန် မျှော်လင်တကြီးဖြင့် ငွေကုန်ကျခံကာ သူလာခဲ့ရကြောင်း အယုဒ္ဓ ယ ကို စာရေးသူကိုတခါတည်း လိုက်ခဲ့စေလိုကြောင်း ၄င်းနေရာမှာရှိသော ဘုန်းကြီးကျောင်း တစ်ကျောင်း တွင် တည်းခို တရားပြလျှင် အဆင်ပြေမည်ဖြစ် ကြောင်း ပြောပြလာပါသည်။ သူနှင့် အတူပါလာသော ဒရိုင်ဘာအေးဂျင့် အမျိုးသမီးကလည်း သူမနှင့်သိသော ဘုန်းကြီး ကျောင်း တစ်ကျောင်း ရှိကြောင်း ထိုကျောင်းတွင်နေထိုင်ခွင့်ရရန် သူမ လျှောက်ထားကြည့်ပေးမည် ဖြစ်ကြောင်း ပြောလာပါသည်။

ဤသို့ဖြင့် စာရေးသူလည်း လွန်ခဲ့သော နှစ်ရက်ကမှ ပြန်လာသောအ ယုဒ္ဓယ သို့ ဒုတိယအကြိမ်ထပ်မံသွားရောက်ရပြန်ပါတော့သည်။အယုဒ္ဓယရောက်၍ ဒရိုင်ဘာအမျိုးသ မီးက သူနှင့် သိသော ဘုန်းကြီးထံ အဆင်ပြေမပြေ ဖုန်းဆက်ကြည့်ရာ ၄င်းတို့က အင်္ဂလိပ်စာ မတတ် ၍ ဆက်ဆံရေးခက်ခဲသောကြောင့် လက်မခံနိုင်ကြောင်း ပြောလာပါ သည်။ထို့ကြောင့်စာရေးသူလည်း မစ္စတာ ဒေ့ဗ် ကိုဘယ်လို စီစဉ်မလဲမေးသောအခါ ဟိုတယ် တစ်ခုကို သွားတာပေါ့ဟု ပြောလာပါ သည်။ဤသို့ဖြင့် နာရာယာ အမည်ရှိ ဟိုတယ်သို့ရောက်ဖြစ်ခဲ့ပါသည်။ ဟိုတယ်တွင် ၂ ရက်တာ တည်းခို တရားပြမည်ဖြစ်ပြီး ယင်းနောက် ချင်းမိုင်ရှိ ရိပ်သာတစ်ခုခုကို သွားရန် အစီအစဉ်ဆွဲရပါသည်။

ဟိုတယ်သို့ရောက်လျှင်ရောက်ချင်း မစ္စတာဒေ့ဗ် ကရေချိုးခန်းအတွင်း သို့ ၀င်သွားပါသည်။ထိုသို့ဝင်သွားရာ၌ သူ ဆောင်ယူနေကျ လွယ်အိတ် ကလေးပါ ယူသွားပါသည်။စာ ရေးသူလည်း ထူခြားသည်ဟုထင်ပြီး သတိထားနေလိုက်ပါသည်။ ခဏ အကြာ ရေချိုးခန်း အတွင်းမှ ပု လင်းသံ ကြားရပါသည်။ ၎င်း အရက် သောက်နေသည်ကို စာရေးသူသိ လိုက်ပါပြီ။

“ အပိုင်း(၂) အား ဆက်လက်ဖော်ပြပေးပါမည် ” ----- ကျေးဇူးတင်ပါသည်။

စာရေးသူ
ဂန္ထလုလင် ( ဘိုကလေး )

Friday, July 10, 2009

ဂုဏ်တော်ကိုးပါးလေးဆယ့်ငါး

ဂုဏ်တော်ကိုးပါးလေးဆယ့်ငါး

၁။အရဟံ+ဘဂ၀ါ
(ဂုဏ်တော်နှစ်ပါးကိုရွတ်ဆိုအာရုံပြုကာတစ်ရာ့ရှစ်လုံးပုတီးဖြင့်(၁၀)ပတ်စိပ်ပါ)
၂။သမ္မာသမ္ဗုဒ္ဓေါ+ဗုဒ္ဓေါ
(ဂုဏ်တော်နှစ်ပါးကိုရွတ်ဆိုအာရုံပြုကာတစ်ရာ့ရှစ်လုံးပုတီးဖြင့်(၁၀)ပတ်စိပ်ပါ)
၃။ဝိဇ္ဇာစရဏသမ္ဗန္နော+သတ္တာဒေ၀မနုသာနံ
(ဂုဏ်တော်နှစ်ပါးကိုရွတ်ဆိုအာရုံပြုကာတစ်ရာ့ရှစ်လုံးပုတီးဖြင့်(၁၀)ပတ်စိပ်ပါ)
၎။သုဂတော+အနုတ္ထရောပုရိသဓမ္မသာရထိ
(ဂုဏ်တော်နှစ်ပါးကိုရွတ်ဆိုအာရုံပြုကာတစ်ရာ့ရှစ်လုံးပုတီးဖြင့်(၁၀)ပတ်စိပ်ပါ)
၅။လောက၀ိဒူ
(ဂုဏ်တော်တပါးတည်းရွတ်ဆို
အာရုံပြုကာတစ်ရာ့ရှစ်လုံးပုတီးဖြင့်(၅)ပတ်စိပ်ပါ)

ခြေလေးချောင်းသားရှောင်နိုင်လျှင် ပိုကောင်းဧ။်
သက်သက်လွတ်စားနိုင်ပိုပြီး ကောင်းဧ။်..
သီလလုံရမည်ပုတီးစိပ်စဉ်အတွင်း...

--
ဒေါင်းမင်း

Monday, June 29, 2009

အဆိပ်သင့် ပင်စည်

အောက်ပါဝတ္ထုလေးကိုကျွန်တော်ကြိုက်နှစ်သက်လွန်းသောကြောင့်ပြန်လည်တင်ပြလိုက်ပါသည်။
ကျွန်တော်၏ဆရာတော်ရေးသားသောထိုဝတ္ထုလေးဖြင့်ဆရာတော်နှင့်ဝေးကွာနေမှုကိုပြန်လည်ဦးညွှတ်ရှိခိုး ဂါဝရပြုလိုက်ပါသည်။

ဒေါင်းမင်း

အဆိပ်သင့် ပင်စည်

ဤ၀တ္ထုတိုလေးသည်အဖြစ်ပျက်မှန်တစ်ခုအားအခြေခံပြီးခံစားရေးဖွဲ့ထားသောဝတ္ထုတိုတပုဒ်ဖြစ်ပါသည်။

......*......*....*....*......*.....*xxxxxxxxx......*.........*..........*.........*........*

ကိုယ်ထင်ရင်ကုတင်ရွှေနန်းလို့စကားပုံကဆိုခဲ့ပါသည်။အထင်သည်မမြဲခဲ့ပါ။ပြောင်းလဲခဲ့ရပါပြီ။ ဒီတော့ ကုတင်သည် ရွှေနန်းမဟုတ်ပဲသူမအတွက်အလျှံငြီးငြီးတောက်လောင်နေသော သံနှောင်အိမ်ဖြစ်ခဲ့ရပါလေပြီ။

"ချိုရယ်မင်းရဲ့ အပြစ်ကင်းတဲ့အပြုံးလေးရယ်၊ ၀ါဝင်းတဲ့အသားလေးရယ်ဟာ ကိုယ့်ကိုပထမဆုံးဖမ်းစား လိုက်တာပါပဲ"
ချစ်သူ၏နွေးထွေးသောစကားသံများသည်သူမအတွက်ငြိမ့်ညောင်းသောဂီတသံများဖြစ်ခဲ့ဖူး ပါသည်။
"မချိုရယ် ညည်းအိမ်ထောင်ကျ သိပ်ကံကောင်းတာပဲ"
ဘ၀တူမိန်းကလေးများ၏ချီးကျူးမှုကိုခံရသောအခါသူမမပွင့်တစ်ပွင့်ပြုံးပြခဲ့ပါသည်။ရင်ထဲမှာတော့
တိတ်တခိုးပီတိလှိုင်းတို့အလိပ်လိုက်တက်နေခဲ့ပါသည်။မင်္ဂလာဆောင်ပြီး နောက်တစ်နေ့မှာတော့
သူမ၏ပီတိလှိုင်းတို့စတင်ညစ်နွမ်းစပြုခဲ့ရပါပြီ။
" ချိုမင်းကိုယ်တို့ဘာသာထဲဝင်ရမယ်.။"
"ဟင်..ကိုယ်ကြိုက်တဲ့ဘာသာယူလို့ရတယ်မဟုတ်ဘူးလား"
"မရဘူးချိုကိုယ့်ခင်ပွန်းရဲ့ဘာသာကိုဇနီးသည်ကလိုက်ယူရတာကိုယ်တို့ဘာသာရဲ့ထုံးစံပဲ

ဒါကြောင့်ချိုမဖြစ်မနေပြောင်းမှဖြစ်မယ်"။
"အကိုပဲလက်ထက်ပြီးရင်ချို့အလိုကျအားလုံးဖြစ်စေရမယ်ဆို"

"အေးလေအားလုံးချို့အလိုကျထားတယ်လေ အခုချို့မှာတီဗွီ၊ဗီစီဒီ၊ရေခဲသေတ္တာ၊အဲယ်ကွန်း၊
တယ်လီဖုန်း၊သွားစရာရှိရင်ကား အားလုံးပြည့်စုံနေပြီ။ဒါတွေအားလုံးချို့ကိုချစ်လွန်းလို့
ကိုယ်ပြည့်ပြည့်စုံစုံထားပေးတာလေ"

အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့ဘ၀ဟာခေတ်မှီင်္တဲ့ရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံနေရင်လုံလောက်ပြီလို့ ထင်ခဲ့တဲ့သူမရဲ့အသိဟာနောက်ကျခဲ့ရပါပြီ။အရှုံးပေးလက်မြောက်ခြင်းနဲ့ပဲသူမခင်ပွန်းရဲ့အလိုကျဘာသာ ပြောင်းခဲ့ရပါပြီ။
"ဟယ်...အမေလာတယ်၊၀မ်းသာလိုက်တာအမေရယ်သမီးလေအမေ့ကိုအရမ်းအောက်မေ့နေတာ၊
အမေနေကောင်းတယ်-နော်"
"အေး..ကောင်းပါတယ်သမီးရယ်၊.အမေလည်းငါသမီးသားဦးလေးမွေးတယ်ကြားကတည်းကလာချင်နေတာ
အိမ်မှာလေးချက်ပြုတ်ရေးတာဝန်လက်လွဲလို့မရတာနဲ့တော်တော်နဲ့မလာဖြစ်ဘူး။ဒါနဲ့ငါမြေးကြီးကြည့်စမ်းပါ
ရစေအုံး ဟယ်။ငါ့မှာမြေးဦးသင်္ကန်းချီရတော့မှာဆိုတော့ဝမ်းသာနေတာ..ဟဲ့။"



အမှတ်မထင်ပြောလိုက်သောမိခင်ဒေါ်ရင်၏စကားသံကြောင့်သူမထိပ်ထိပ်ပြာပြာဖြစ်သွားရသည်။သူမ၏
ခင်ပွန်းကမီးဖိုခန်းမှာထမင်းစားနေခိုက်ဖြစ်၍တော်ပေသေးသည်။ဒေါ်ရင်ကတော့သူမအဖြစ်ကိုမသိရှာပဲ
ကလေးကိုကောက်ယူပွေ့ချီချော့မြူနေပါသည်။


........*................*.........*

အကြားအမြင်ဗဟုသုတနည်း၍ရိုးသားလွန်းသောမိခင်နှင့်ဘာသာအယူပြင်းထန်းသောခင်ပွန်းသည်တို့အကြား
ပဋိပက္ခမဖြစ်စေရန်သူမသတိကြီးစွာထား၍ဂရုစိုက်ခဲ့သည့်ကြားမှာပင်ပြဿနာကရိုင်းပြစွာဝင်ရောက်လာခဲ့ ပါသည်။

"ဒီမှာချို မင်းအမေလုပ်ပုံကောင်းသေးရဲ့လား"
"ဟင်...အမေဘာလုပ်မိလို့လဲ"

"ဘာလုပ်ရမှာလဲကွ မနက်ကဘုန်းကြီးတစ်ပါးကိုဆွမ်းထွက်လောင်းတာငါကိုယ်တိုင်မြင်လိုက်လို့ပေါ့"

"သြော်-အစ်ကိုရယ်ရွာမှာလဲအမေကနေ့တိုင်းဒီလိုဆွမ်းလောင်းနေကျလေ။ဒီမှာလည်းထမင်းဟင်းအဆင်
သင့်ကျက်ပြီးသားဖြစ်နေတာနဲ့လောင်းလိုက်တာနေမှာပါ"

"မလိုချင်ဘူးကွာ-သူအိမ်မှာသူဘာလုပ်လုပ် ငါ့အိမ်မှာငါမကြိုက်တာမလုပ်ရဘူး။ ဒီကိစ္စမင်းပြောရင်ပြော
မင်းမပြောရင်ငါပြောရလိမ့်မယ်။"

"အို-အကိုပြောစရာမလိုပါဘူး၊ချို့ဘာသာအဆင်ပြေအောင်ကြည့်ပြောပါ့မယ်။"


မိခင်အားရန်လိုထိပါးလာမည့်ကိစအတွက်သူမကြမ်းတမ်းစွာတုန့်ပြန်လိုက်ချင်ပါသည်။သို့သော်ပြဿနာက ပိုကြီးထွားလာနိုင်သည့်အတွက်နာကျင်မှုတို့ရောစွက်နေသောဒေါသကိုအသာမျိုသိပ်ထားလိုက်ရသည်။

သူ့မိခင်ပြန်သောနေ့တွင်မော်တင်သင်္ဘောဆိပ်သို့သူမကိုယ်တိုင်လိုက်ပို့ဖြစ်သည်။ကားပေါ်ကအဆင်းမှာပင်
ယခင်ကသူမနှင့်အတူဈေးရောင်းခဲ့သောရွာသူအိမ်နီးချင်းမိန်းကလေးများနှင့်ဆုံဖြစ်သည်။

"ဟယ်-မချိုဝလာလိုက်တာဟယ်၊သူဌေးမရုပ်တကယ်ကျတယ်သိလား၊နင်ငါတို့ကိုသတိရသေးရဲ့လား-ဟင်။
ငါ့မှာတော့နင့်ကိုနေ့တိုင်းသတိရနေတာ။"
"အေးမာရယ်-ငါလည်းနင်တို့ကိုသတိရပါတယ်၊ငါမှာအပြင်လဲကောင်းကောင်းထွက်ခွင့်မရ၊သားလေးကလည်း
ရှိနေတော့အိမ်ထဲမှာပဲအောင်းနေရတယ်။"
"သြော်ဒါနဲ့မချို-ဒီနှစ်ရွာဦးကျောင်းကထိန်မှာဆိုင်းပါတယ်သိလား၊တန်ဆောင်တိုင်မီးပန်းတောင်းလှည့်ပွဲက


လဲ အရင်နှစ်တွေထက်ပိုစည်မှာရန်ကုန်ကဦးကျော်မြင့်တို့က-ကထိန်မှာငွေမတည်ပြီးမီးပန်းတောင်းပွဲကိုအထူး စပါယ်ရှယ်လုပ်ပေးမှာတဲ့။အဲဒါ-နင်လာခဲ့ပါ့လားဟယ်။"
"အေးဟယ်ငါလာချင်လိုက်တာ နင်တို့ပြောမှ ငါရွာကိုပိုပြီးတောင်သတိရလာတယ်။"


ပြောသာပြောရသည်သူမဘ၀သည်ရွာကစည်ကားလှသောအလှူပွဲ၊ကထိန်ပွဲများနှင့်အဆက်ပြတ်ခဲ့ရပြီဖြစ်သည်။ "မည့်သည့်ပွဲတော်ကိုမျှမသွားရဟု"
တချက်လွတ်အမိန့်ထုတ်ခံခဲ့ရပြီးဖြစ်သည်။ကိုယ့်ဝမ်းနာကိုယ်
သာသိမို့သူငယ်ချင်းများကိုရွာအကြောင်းမပြောဖြစ်အောင်စကားလမ်းကြောင်းပြောင်းလိုက်ရသည်။
မိမိ၏ကျဉ်းကျပ်သောဘ၀နှင့်ရွာကိုလွမ်းဆွတ်သောရင်တွင်းဝေဒနာတို့ကိုသူငယ်ချင်းများမရိပ်မိစေရန်အပြုံး
တုဖြင့်ဖုံးထားရင်းစကားပြောနေရသည်။

အပြန်လမ်းတစ်လျှောက်တွင်ကားပေါ်လိုက်ပါရင်းရွာကပွဲတော်တွေအကြောင်းသူမတွေးနေမိသည်။သူမ၏
အပျိုစင်ဘ၀အပျော်ဆုံးအချိန်များသည်ရွာမှပွဲတော်ရက်များပင်ဖြစ်ခဲ့ရသည်။အလှူပွဲ၊ဘုရားပွဲ၊ရှိပြီဆိုလျှင်
တဒေါက်ဒေါက်ဓါးချက်သံလေးများဖြင့်စည်းချက်ညီညာသောကြက်သွန်လှီးပွဲမှာသူမပါဝင်စမြဲ။ကွမ်းတောင်
ပန်းတောင်ကိုင်အဖွဲ့နှင့်အမျိုးသမီးဝေယျာဝစ္စအဖွဲ့များတွင်သူမသည်အရေးပါသူတစ်ယောက်။ဝါတွင်းဥပုသ်
နေ့များနှင့်သင်္ကြန်ရက်များတွင်ဥပုသ်သည်များအားကျွေးမွေးရန်မုန့်လုံးရေပေါ်လုပ်ရသည်မှာလဲပျော်စရာ
ကောင်းလှသည်။ရွာမှာကျန်ရစ်ခဲ့သောသူငယ်ချင်းများမှာပျော်ရွှင်စရာဤပွဲတော်ရက်များကိုဆက်လက်ဆင်နွဲ
ကျပေဦးတော့မည်။သူမမှာတော့ပွဲတော်ရက်များရောက်တိုင်းလွမ်းမောခြင်းနဲ့သာအချိန်ကုန်နေရပြီဖြစ်သည်။
ကြိုတင်တွေးမထားမိသောဆုံးရှုံးမှုများကိုသူမဆက်ပြီးမစဉ်းစားချင်တော့။မျက်လုံးအစုံကိုပိတ်၍အတွေးကိုရပ်
ရန်ကြိုးစားလိုက်သည့်တိုင်မျက်ရည်စီးကြောင်းတို့ကပါးပြင်ပေါ်သို့လိမ့်ဆင်းလာသည်။

*................*...........xxxxxxx........*......................*

ဤခုနှစ်ဆူကုန်သော......မြတ်စွာဘုရားကိုယ်တော်အပေါင်းတို့သည်...ဤမင်္ဂလာမဏ္ဍပ်.....ကျောင်းတော်
အမှတ်ဖြင့်သာလျှင်...ရွှေဖ၀ါးရတနာ...စကြာရွှေဖ၀ါး....ဖြန့်ငြား........ဖြန့်ငြားပါစေသော်။

သူမတို့နေရာနှင့်မလှမ်းမကမ်းတွင်ရှိသော မဟာသိမ်တော်ကြီးကျောင်းတိုက်မှလွင့်ပျံလာသောအသံချဲ့စက်
အသံ။ဤသီချင်းသံသည်ရွာမှာအလှူဘုရားပွဲရှိတိုင်းဖွင့်နေကျသီးချင်းသံဖြစ်သည်။အခုမှပို၍တမ်းတစွာ
နားထောင်ဖြစ်သည်။ရွာကိုပို၍သတိရမိသည်။

သူမတို့အရပ်တွင်အလှူအစနေ့တွင် အသံချဲ့စက်ရောက်သည်နှင့်တပြိုင်နက်သီချင်းသံကိုစတင်ကြားရသည်။
ထိုအချိန်တွင်သူမတို့အမျိုးသမီးအုပ်စုကကြက်သွန်လှီး၊ကြက်သွန်ခွာဖြင့်အလုပ်ရှုပ်ကျမည်။ဦးညွန့်တို့
ဦးအောင်လံတို့၊ဦးကြီးများကအကျီဗလာကျင်း၍ပုဆိုးခေါင်းပေါင်းဖြင့်လာရောက်ထမင်းချက် ကြမည်။ကလေး
တသိုက်ကဆူညံစွာပြေးလွှားဆော့ကစား၍အချို့ကအသံချဲ့စက်နားတွင်ဝိုင်းအုံနေကြမည်။ ညနေပိုင်းတွင်
အလှူအိမ်ကကျွေးမွေးသောသီးစုံချဉ်ရေဟင်း၊ငံပြာရည်ချက်၊တို့စရာတို့ဖြင့်ကလေးလူကြီးအားလုံးပျော်ပျော်
ပါးပါးစားသောက်ကျတော့မည်။

ဤသီချင်းနှင့်စိတ်ကူးထဲကရွာအလှူပွဲ၏ပုံရိပ်မြင်ကွင်းအစုံသည်သူမနှလုံးသားထဲအသွေးအသားထဲအထိ
ရုန်းကြွလှုပ်ရှားဆူဝေလာစေ၏။ရင်တလှပ်လှပ်တုန်လာသည်အထိရွာကိုအောင်းမေ့မိ၏။အိမ်အပြင်ထွက်၍
အသံချဲ့စက်အသံကြားရာသို့သူမထွက်ကြည့်လိုက်သည်။ယောဂီလုံချည်များဝတ်လျှက်သာသနာတော်အကျိုး
အတွက်ငွေဖလားကိုယ်စီကိုင်ကာအလှူခံနေသူများ၊တက်စွမ်းသရွေ့ထည့်ဝင်လှူဒါန်းသွားကျသူများ၊
ကျောင်းတော်ကြီးအတွင်းဝင်၍ဘုရားဝတ်ပြုနေသူများ၊ကျက်သရေရှိလှသောမြင်ကွင်းအစုံကိုသူမလွမ်းမော
စွာငေးကြည့်နေမိသည်။

ဖြစ်လိုရာဖြစ်စေတော့ပိုက်ဆံအိတ်ထဲမှငွေသုံးထောင်ကျပ်ကိုထုတ်ယူ၍ခပ်သုတ်သုတ်သွားလှူလိုက်သည်။
ဘ၀တသက်တာအတွင်းမှာအရသာအရှိဆုံးအလှူဟုသူမဘာသာမှတ်ချက်ပြုရင်းကြည်နူးလိုက်သည်ဖြစ်ခြင်း။

.......................................................*...................................................
"ဒကာမကြီး-ကိုရင်တစ်ပါးဆွမ်းခံကြွလို့ရမလား"

သင်္ကန်းကိုသပ်ရပ်စွာရုံထားသောကိုရင်နှစ်ပါးကသူမကိုမြင်၍ဆွမ်းဖိတ်လိုက်ခြင်းဖြစ်သည်။ဘာသာခြားအများ
စုနေထိုင်သောဤနေရာတ၀ိုက်တွင်မြန်မာရုပ်ပေါ်လွင်နေသောသူမကိုတွေ့လိုက်၍အားကိုးတကြီးဆွမ်းဖိတ်
လိုက်ခြင်းဖြစ်သည်။သူမဘာပြောရမှန်းမသိတော့ကိုရင်များကိုခပ်တွေတွေကြည့်နေမိသည်။


"အရှင်ဘုရားတပည့်တော်.......?........ဘာသာဝင်ပါဘုရား"

တစ်ဆို့နေသောလည်ချောင်းအတွင်းမှသူမအသံချောက်ကပ်စွာထွက်ပေါ်လာသည်။ကိုရင်များကသူမကို
ဘာသာခြားဟုတ်ပါ့မလားဟုသံသယအကြည့်ဖြင့်ကြည့်၍လှည့်ပြန်သွားကြလေပြီ။

အလှူအတန်းရက်ရောသောအဘိုးအဖွားတို့၏မြေးဖြစ်သူ.သဒ္ဓါစေတနာထက်သန်သော အမိအဖတို့၏သမီး
ဖြစ်သူ၊ကုသိုလ်ကောင်းမှုဖြင့်ဝေးခဲ့ရ၍အလှူအတန်းကိုရက်ရောစွာပြုလုပ်လိုသူယခုတော့ဆွမ်းလာဖိတ်သော
ကိုရင်များကိုဘာသားခြားပါဟူ၍ငြင်းဆန်လိုက်ရပြီ။ရင်ထဲမှာနင့်နေအောင်ခံစားလိုက်ရသည်။တလှိုက်လှိုက်
တက်လာနေသောရင်တွင်းသောကကိုဘယ်လိုမှထိန်းမထားနိုင်တော့။အိပ်ခန်းတွင်းသို့ဝင်၍အားရအောင်
ငိုရှိုက်ပစ်လိုက်သည်။

.......*.........*............xxxxxxxxxxxx........*........*..........

တိတ်ဆိတ်သောပတ်ဝန်းကျင်၊ခပ်စိမ့်စိမ့်လေနုအေး၊ကြည်နူးဖွယ့်ဆည်းလည်းသံတို့ကိုခံစားရင်း၊အလင်း
ရောင်ခပ်ဖျော့ဖျော့အောက်ဝယ်ထီးထီးမားမားတည်ရှိနေသောစေတီတော်မြတ်ကြီးကိုဦးချရှိခိုးလိုက်သည်။
တဒင်္ဂအခိုက်အတန့်လေးရယ်ပေါ့။သည်အခိုက်အတန့်လေးမှာပင်မြင်ကွင်းအားလုံးပျောက်ကွယ်ခဲ့ရပါပြီ။
သူမအိပ်ယာကလန့်နိုးခဲ့သည်။

"ဟင်-ငါရွှေတိဂုံဘုရားကိုအိမ်မက်မက်နေတာပါလား။သြော်....မချိုရယ်..ဘုရားကညည်းကိုအမြင်မှန်ပြနေ
ပါလား။ချစ်သမီးကကိုယ့်ရဲ့ဘာသာကိုစွန့်ခွာသွားပေမယ့်ငါကချစ်သမီးကိုမမေ့ပါဘူးလို့ပြောပြနေတဲ့
အတိုင်းပါပဲလား"။


သူမတီးတိုးစွာရေရွတ်မိသည်။မိုးစင်စင်လင်းသွားသည့်တိုင်ဆက်၍အိပ်မရတော့။မြင်သိစိတ်၏အာရုံမှာ
အိမ်မက်ထဲကစေတီတော်မြတ်ကြီး၏ပုံတော်မြင်ကွင်းကဖျောက်ဖျက်မရတော့။ နေ့လည်ထမင်းစားပြီးသည်နှင့်သားလေးကိုခေါ်ကာရွှေတိဂုံဘုရားသို့ထွက်လာခဲ့သည်။ သူမခင်ပွန်းအပြင်သွားခိုက်ဖြစ်၍အိမ်တံခါးကိုပိတ်ထားခဲ့သည်။ ဖြစ်လိုရာဖြစ်စေတော့နောက်ပြဿနာနောက် မှကြည့်ရှင်းတော့မည်။ အိမ်မက်ထဲကအတိုင်းပါပဲစေတီတော်မြတ်ကြီးကဆည်းလည်းသံကလုံကလင်များဖြင့်နွေးထွေးစွာကြိုဆိုလျှက် ရှိ၏။ဤစေတီတော်မြတ်ကြီးအားသူမတသက်တာဖူးခွင့်မရတော့ဟုထင်မှတ်ထားခဲ့ရာယခုတော့စွန့်စွန့် စားစားဖူးမြင်ခွင့်ရလိုက်သောကြောင့်စိတ်ကြည်နူးချမ်းမြေ့မှုအပြည့်ဖြင့်အားပါးတရရှိခိုးပူဇော်လိုက်သည်။ သို့တိုင်အောင်ဖူးမြင်၍မ၀နိုင်အောင်ရှိလှ၏။

"အမား...ဘာလုပ်နေတာလဲဟင်" အနီးတွင်ထိုင်နေသောသားလေးကသူမအားနားမလည်ဟန်ဖြင့်မေးလိုက်သည်။

"သြော်--သားသား--အမားဘုရားရှိခိုးနေတာလေ။ဟောဟိုမှာတွေ့လား။အဲဒါသားသားတို့ဘုရားကြီးပေါ့။
သားသားလည်းရှိခိုးရမယ်နော်"။

သားလေးကိုသူမရင်ခွင်ထဲထိုင်စေလိုက်သည်။လက်နှစ်ဖက်ကိုလက်အုပ်ချီပုံစံပြုစေ၍နဖူးထက်တွင်တင်ပေးရင်း စေတီတော်မြတ်ကြီးရှိရာသို့ဦးတိုက်ထားလိုက်သည်။

"သားသားလိုက်ဆိုစမ်း အမားဆိုသလိုလိုက်ဆိုစမ်း
..........
..ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ.......၊
ဓမံ္မ သရဏံဂစ္ဆာမိ....၊


သံဃံသရဏံဂစ္ဆာမိ။


သားလေးကိုတိုင်ပေးရင်းသူမရောသားလေးပါသရဏဂုံဆောက်တည်ပြီးဖြစ်သည်ဟုမှတ်ယူလိုက်သည်။

..............**------**-----xxxxxxxx-----****-----****.............

ဘုရားကပြန်လာပြီးနောက်တနေ့မှာပင်သူမခင်ပွန်းကဆန့်ကျင်ဘက်ဖြစ်လွန်းသောစကားတစ်ခွန်းဖြင့် တိုင်ပင်ခဲ့ပါသည်။

"ချို-သားလေးကိုကိုဝတ်ကျောင်းခေါ်သွားအုံးမယ်"
"အို-သားလေးက..အခုမှလေးနှစ်ကျော်ရုံလေးရှိသေးတာငယ်ပါသေးတယ်။အစ်ကိုရယ်ဖြည်းဖြည်းမှခေါ်တာပေါ့။"
"ကို..ဆရာတစ်ယောက်နဲ့တိုင်ပင်ပြီးပြီခေါ်သွားမှဖြစ်တော့မယ်။"

ဆန္ဒ၏နောက်မှာအာဏာတို့ရောစွက်နေသောသူမခင်ပွန်း၏စကားလုံးများကိုသူမတော်လှန်တားမြစ်နိုင်စွမ်း မရှိခဲ့ပါ။

.....................**.......................**.....................*...................*.....................*............

သူမခင်ပွန်းနှင့်သားလေးတို့ထွက်သွားပြီးတစ်နာရီခန့်အကြာမှာသူမအမည်ကိုအရေးတကြီးခေါ်သံကြားလိုက် ရသည်။

"မချို-----မချို----မချို"
"ဟဲ့----အီမန်ဘာလို့ဒီလောက်အရေးတကြီးခေါ်နေရတာလဲ" " အစ်မယောက်ျားမှာသွားတယ် .. ၀တ်ကျောင်းကအပြန်အစ်မတို့ကလေးကားတိုက်ခံရလို့..အဲဒါ ဆေးရုံကိုအမြန်လိုက်ခဲ့ပါတဲ့" "ဘာ..သားလေးကားတိုက်ခံရလို့"

သူမရင်ထဲမီးစနှင့်ထိုးသွင်းခံရသကဲ့သို့ခံစားလိုက်ရသည်။ရပ်ထားသောကြမ်းပြင်နေရာသည်ဦးစိုက်ကျွမ်းပြန် ဖြစ်သွားသည်ဟုမှတ်ထင်လိုက်ရသည်။ဆေးရုံကိုအမြန်ဆုံးလိုက်သွားလိုက်သည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောသားလေးအလောင်းကိုတွေ့လိုက်တော့သူမရင်ထဲဆို့နင့်သွားသည်။ သားလေးအားကြီးစွာသောသနားခြင်း နှင့်အတူလက်လွတ်ဆုံးရှုံးလိုက်ရပြီဟူသော အသိကြောင့်နှလုံးသားသည်တဆက်ဆက်တုန်နေ၏။ငိုရှိုက် လိုက်သည့်တိုင်ရင်ဝ၌တစ်ဆို့နေသောကြောင့် အသံထွက်မလာတော့။ သားလေးအားသဂြိုလ်ပြီးစီးသည့်နေ့မှာပင်သူမခင်ပွန်းက ပဟေဠိဆန်သောမေးခွန်းတစ်ခုကိုမေးလာသည်။

"ချို--ကိုယ်တို့သားလေးဆုံးရတာ ဘာကြောင့်လဲသိလား"
"သိတယ်လေ--ရှင့်ကြောင့်ပေါ့။ ရှင်ဝတ်ကျောင်းခေါ်သွားလို့ပေါ့။ ကျွန်မခေါ်မသွားနဲ့အုံးလို့ တားပါလျှက်နဲ့ ဇွတ်အတင်းခေါ်သွားတယ်။ ရှင့်ကြောင့်ကျွန်မသားသေရတာလေ။"


သားလေးအတွက်ခံစားခဲ့ရသောနာကျင်မှုနှင့်ဒေါသတို့ရောစွက်နေသည်ကြောင့်သူမကြမ်းတမ်းစွာပြောဆို
ပစ်လိုက်သည်။

"အေးငါလည်းအဓိကတရားခံဘယ်သူလည်းဆိုတာသိစေချင်လို့မင်းကိုမေးတာ။
သားလေးမဆုံးခင်နေ့ကအပြင်သွားတဲ့ကိစ္စအိမ်နီးချင်းတွေပြောလို့ငါအားလုံးသိပြီးပြီ။
သားလေးကိုမင်းတို့ဘုရားခေါ်မသွားခဲ့ရင်ငါလည်းဝတ်ကျောင်းပို့ဖို့အလောတကြီးစီစဉ်မှာမဟုတ်ဘူး။ သားလေးဆုံးစရာအကြောင်းမရှိဘူး။သားလေးဆုံးရခြင်းရဲ့အဓိကတရားခံက..မင်းကွ..။မင်းသိရဲလား။"

"အို--ရှင်မဆိုင်တဲ့ကိစ္စကိုလာပြီးမစွပ်စွဲပါနဲ့အမေတစ်ယောက်ကသူ့သားတစ်ယောက်ကိုသူတို့ဘုရား ခေါ်သွားတာအပြစ်ပြောစရာမဟုတ်ဘူး။ဒါဘာထူးဆန်းလဲ"
"အေးသူများတွေအတွက်မထူးဆန်းပေမယ့်မင်းအတွက်ထူးဆန်းတယ်ကွ မင်းကိုယ်မင်းပြန်မေးကြည့်စမ်း။ ဘာ--ဘာသာဝင်လဲဆိုတာ"။


သူမရယ်သွမ်းသွေးရင်းပြန်လည်ချေပလိုက်သည်။

"ဟင်း--ဟင်း--ဟင်းကျွန်မလားဗုဒ္ဓဘာသာဝင်လေ။ကျွန်မရွှေတိဂုံဘုရားကြီးဆီမှာသရဏဂုံဆောက်တည်ပြီး သွားပြီအခုကျွန်မဗုဒ္ဓဘာသာဝင်ဖြစ်နေပြီလေ"

"ဘာ---ဘာပြောတယ်။မင်းစော်ကားတယ်ပေါ့။ ငါတို့ဘာသာထဲဝင်ပြီးတခြားဘာသာပြန်ပြောင်းတယ်ပေါ့"
"စော်ကားတာမဟုတ်ဘူး။ကျွန်မရဲ့ကိုယ်ပိုင်အခွင့်အရေးကိုကျွန်မဘာသာဖန်တီးယူတာ။အခုကျွန်မမှာ သားလေးလဲမရှိတော့ဘူး။ ဘာမှငှဲ့ကွက်စရာအကြောင်းမရှိတော့ဘူး။ဒီတော့ရှင့်ကိုဆက်ပြီးမပေါင်းနိုင်တော့ ဘူး။ကျွန်မရဲ့အခွင့်အရေးတွေကိုကျွန်မဆက်ပြီးအဆုံးအရှုံးမခံနိုင်တော့ဘူး"
"အေး--ဒါဆိုရင်ကောင်းပြီလေ အိမ်မှာရှိတဲ့ပစ္စည်းကိုတော့မင်းဘာတစ်ခုမှရလိမ့်မယ်မထင်နဲ့ မင်းကြိုက်တဲ့ နေရာသွားနိုင်တယ်"။

သူမအ၀တ်အစားများကိုအိမ်ထောင်ကျစဉ်ကယူလာခဲ့သောအိတ်ဖြင့်ထည့်၍သင်္ဘောဆိပ်သို့ထွက်လာခဲ့ သည်။သူမအတွက်ရှေ့ဆက်ပြီးလုပ်ရမည့်အလုပ်နှင့်သွားရမည့်နေရာအတွက်ဆုံးဖြတ်ချက်တစ်ခုကိုခိုင်မာ စွာချလိုက်သည်။ခရီးသည်များနားနေခန်းသို့ဝင်၍စာတစ်စောင်ရေးလိုက်သည်။

......xxxxxxx...............xxxxxx.............xxxxxx............

""အေးမာ၊မဆွေ၊ခင်မိုး။ ငါစာရေးလိုက်ပါတယ်။နင်တို့ဒီစာကိုဖက်နေတဲ့အချိန်မှာငါဟာမချိုအဖြစ်နဲ့မဟုတ်တော့ပဲလောကီကိုစွန့်ခွာ သွားတဲသီလရှင်တစ်ပါးဖြစ်နေပါပြီ။ငါလေတို့ငယ်ငယ်ကနုတ်တိုက်ကျက်ခဲ့ဘူးတဲ့သားသမီးကျင့်ဝတ်ငါးပါး
လင်္ကာထဲက"စောင့်လေမျိုးနွယ်"ဆိုတဲ့စာကြောင်းလေးကိုမိုက်မဲစွာလျစ်လျူရှုခဲ့မိတယ်။ဒါကြောင့်၏ ငါဟာ.. ဘာသာလဲဆုံး၊သားလဲဆုံး၊ဘ၀လည်းဆုံးခဲ့ရတယ်။အမျိုးအနွယ်ကိုစောင်ရှောက်ဘို့တာဝန်ပျက်ကွက် သူ၊ဒို့ရဲ့ချစ်စရာကျေးလက်စရိုက်တွေနဲ့ဝေးကွာသူလည်းဖြစ်ခဲ့ရတယ်။နင်တို့နဲ့အတူတခြားဒို့ရဲ့သူငယ်ချင်း တွေကိုငါ့လိုအဖြစ်မျိုးမကြုံရအောင်ငါ့ဘ၀ကိုသင်ခန်းစာယူပြီးအိမ်ထောင်ပြူမမှားကြပါနဲ့လို့ငါသတိပေး တိုက်တွန်းလိုက်ပါတယ်"။

နင်တို့ရဲ့သူငယ်ချင်း

မချို

...........xxxx..............xxxxx.................xxxxx................xxx....

စာအိတ်ကိုပိတ်၍ဧရာဝတီသင်္ဘောစာရေးကြီးအားသူမတို့ရွာသို့ပေးဘို့ရန်မှာကြားလိုက်သည်။ဤစာသည် ဆုံးရှုံးခံဘ၀ဖြင့်ရင်း၍ရခဲ့သောသူမ၏နောင်တဝေဒနာများအတွက်သူမတက်နိုင်သောအစားထိုးကုသမှုဟု ခံယူလိုက်သည်။

သင်္ဘောများဥဒဟိုသွားလာနေသောရန်ကုန်မြစ်ပြင်ကြီးကိုကျောခိုင်းလိုက်သည်။သူမရင်ထဲမှာအိမ်ထောင်ရေး နောင်တများ၊ဘ၀သင်ခန်းစာများ၊လောကီသံဝေဂများ၊ပွေ့ပိုက်ထည့်သွင်းလျှက်သူမ၏ခြေလှမ်းများက သီလရှင်များနေသော ကျောင်းတိုက်ဆီသို့တရွေ့ရွေ့။ တရွေ့ရွေ့။ ။ ။

ပြီးပါပြီ...။ ။
ကျေးဇူးတင်ပါသည်။

ဂန္ထလုလင်(ဘိုကလေး)

Monday, June 8, 2009

နောက်ဆုံးရင်ခွင်


အရပ်ရှစ်မျက်နှာတစ်ခွင်
လေသင့်ရာ စိတ်ထွေပြား
ပျံ့လွင့်နေချင်တတ်ခဲ့ငြား
နှလုံးသားရဲ့တောင်းတရာ
နောက်ဆုံးနားခိုချင်မိတာ
ချစ်သူ့ ထံပါးမှာ........
..............................
ရေးသားသူ
ယဉ်ကျေးငယ်(လားရှိုး)
--
ဒေါင်းမင်း