ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Wednesday, December 31, 2008

အကြည်တော်ရဲဘီလူး..မှ..ဇာတ်ဝင်ခန်းတပိုင်းတစ

ဒီဇာတ်ဝင်ခန်းလေးကိုအရမ်းကိုနှစ်သက်လွန်းလို့တင်လိုက်တာပါ....အကြည်တော်လေ.
အားလုံးလဲသိပြီးသားလိုလဲထင်ပါတယ်..ဒါပေမယ်လဲလေ..ပြန်ပြီး.ဖက်ကြည့်လိုက်ပေါ့..
...................
ဘီလူးတဲ့ကွ၊ မိုက်ပြီဆိုမှဖြင့် ကြခတ်ဆူးတောင် မြက်ပင်အမှတ်နဲ့ ချိုးတတ်တဲ့ကောင်နော်၊ သတ္တိမရှိလို့ကတော့ ရေနွေးကြမ်းပဲ သောက်နေမယ်၊ သတ္တိရှိလို့ ထရေ (ထန်းရည်)သောက်လာတာကွ"
ကျယ်လောင်တဲ့ အော်သံကြောင့် မြို့ထဲကနေ ရွာကို ခဏပြန်လာတဲ့ ဘဒွေး၊ သူကြီးတည်ခင်းထားတဲ့ ငါးခြောက်ဖုတ်ဆီဆမ်းနဲ့ အဖန်ရည်ကိုတောင် ဆက်မလွေးနိုင်ဘဲ ခေါင်းထောင်ထသွားတယ်။
"ဟဲ့ .. ဖိုးတူ၊ ရွာထဲက အော်သံကြားသလိုပဲ၊ ဘာတဲ့"
ဘဒွေးရဲ့ အမေးကို သူကြီးဦးဖိုးတူက..။
"ဘီလူးလှဦး မူးပြီး သောင်းကျန်းနေတာပါ ဘဒွေး"
"ဘယ်သူ"
"ဘီလူးလှဦးလေ ဘဒွေး၊ ကိုမြတူးကြီးသား လှဦး"
"ဟဲ့… မြတူးသား ရွာထဲ ဒီလောက်သောင်းကျန်းနေတာ မင်းမထိန်းဘူးလား"
ဘဒွေးရဲ့စကားကို သူကြီး သက်ပြင်းချလိုက်ပြီး..
"ကျွန်တော်လည်း တတ်နိုင်သလောက်တော့ ထိန်းပါတယ် ဘဒွေးရယ်၊ ဒါပေမယ့် ဒီကောင်က…"
သူကြီး စကားကို ဘဒွေး စိတ်ဆိုးသွားပြီး…။
"တော်စမ်း၊ ကိုယ့်ရွာသားတစ်ယောက် ဒီလောက်သောင်းကျန်းနေတာကို မထိန်းနိုင်ရင် မင်း ဘာသူကြီးလဲကွ ဟေ"
"မ.. မဟုတ်.."
"တိတ်စမ်း၊ တောက် ရွာကို ကျက်သရေတုံးရော"
ဘဒွေး ပြောရင်း ပြောရင်း ဒေါသထွက်လာပုံရတယ်။ မျက်နှာကြီး နီရဲခက်ထန်လာတယ်။ ဘဒွေးကိုကြည့်ပြီး တခြားလူမပြောနဲ့၊ မြို့ပိုင်မင်းရဲ့ ရွှေဓားဆုရဆိုတဲ့ သူကြီးတောင် တုတ်တုတ်မလှုပ်ရဲတော့ဘူး။ ဘဒွေးဆိုတာကလည်း သိတယ်မဟုတ်လား။ စိတ်က မြန်သလို လက်ကလည်း မြန်တယ်။ ဒါတောင် အခု အသက်ကြီးသွားလို့ စိတ်လျှော့သွားတာ။ ငယ်တုန်းကဆို ဘယ်လွယ်မလဲ၊ ရွာထဲ ဒီလိုအော်ဆဲဖို့ မပြောနဲ့၊ ဘဒွေးကြီးရှိနေတယ်ဟေ့ ဆိုရင် ဘယ်သူမှ စကားတောင် ကျယ်ကျယ်ပြောရဲတာ မဟုတ်ဘူးရယ်။ နောက်ပြီး ဘဒွေးက လူမှန်။ မဟုတ်တာလဲ မလုပ်တတ်ဘူး။ အေး… မှန်ပြီဆိုလို့ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်ပဲ။
တစ်ခါသား မြင်းကဒပ်ရွာသားတွေ သူတို့မြင်သာရွာက ကောင်မလေးတစ်ယောက်ကို ထန်းရည်မူးပြီး လက်ဆွဲလို့ဆိုလား၊ ပြဿနာဖြစ်တော့ ဘဒွေးတစ်ယောက်ထဲရယ်၊ မီးတုတ်ကြီးဆွဲပြီး မြင်းကဒပ်ရွာထဲ ၀င်သွားတာ လား လား၊ မြင်းကဒပ်တစ်ရွာလုံးကို ၀ပ်ကျသွားပါရော့လား။ ရွာကျောင်းဆရာတော် ထွက်လာပြီး မေတ္တာရပ်ခံမှ ကျေအေးသွားတာ။ နို့မဟုတ်ရင် မြင်းကဒပ်တစ်ရွာလုံး ပြာပုံဖြစ်သွားလောက်ရောပေါ့။ ဘဒွေးက အဲသည်လိုလူမျိုးရယ်။ နောက်ပြီး ရိုက်ကြပုတ်ကြဟေ့ဆို လက်ကမြန်ပြီးသား။ ထစ်ခနဲဟေ့ဆို ဘဒွေးရိုက်ပြီးနေပြီ။ ဖြောင်းခနဲဆို မကြည့်နဲ့ ဟိုလူ သွေးဖြာနေပြီ။ အခု အသက် (၇၀)ကျော်တာတောင် တစ်ယောက်ချင်း နပန်းသတ်မလား၊ ငှက်ပျောအကာသားနဲ့ ယှဉ်ရိုက်မလား၊ တော်ရုံတန်ရုံ သန်မာတယ်ဆိုတဲ့ လူများ၊ ဘဒွေးရိုက်ချက်အောက် ပြားခနဲနေတာ။ ဒီလိုလူမျိုး ရောက်လာတဲ့အချိန်မှ ဒီလိုအသံမျိုး ကြားရတယ်ဆိုတော့ စဉ်းစားသာကြည့်တော့…။
"ဟေ့… တစ်ရွာလုံး သတ္တိမရှိကြတော့ဘူးလား၊ ဘီလူးတဲ့ကွ နော်၊ ဘယ်သူမှ လူထင်တာရယ် မဟုတ်ဘူး"
နောက်ထပ် ကျယ်လောင်တဲ့ အော်သံကြောင့် ဘဒွေးပိုပြီး ဒေါသထွက်သွားတယ်။
"ဟေ့ကောင် ဖိုးတူ၊ ဒီကောင့်ကို မင်း မဆုံးမဘူးလား၊ မင်း မဆုံးမရင် ငါ ထွက်ဆုံးမလိုက်ရမလား"
ဘဒွေးရဲ့ စကားကြောင့် သူကြီး ပျာပျာသလဲ ဖြစ်သွားပြီး
"မ.. မလုပ်ပါနဲ့ ဘဒွေး၊ ဒီကောင် ဒီလိုသောင်းကျန်းနေတာ သူ့မှာ အကြံအစည်တစ်ခုခု ရှိလို့ဖြစ်မယ်"
"ဘာကွ"
"ဟုတ်တယ် ဘဒွေး… ဒီကောင် ဒီလိုသောင်းကျန်းနေတာ သူ့မှာ အကြံအစည်တစ်ခုခု ရှိလို့ပဲ။ မရှိလို့ကတော့ ဒီဘီလူးလှဦးဆိုတဲ့ကောင် ဒီလိုမလုပ်ဘူး"
"ဘာအကြံအစည်လဲ"
သူကြီး သက်ပြင်းကို ခပ်မျှင်းမျှင်းချလိုက်ပြီး…
"အခု အကြံအစည်ကတော့ ကျွန်တော်လည်း မသိဘူးပေါ့ ဘဒွေးရယ်၊ ဒါပေမယ့် တစ်ခါသားကတော့"
မြင်သာရွာက ရွာဦးကျောင်းစေတီ ဘုရားပွဲဖြစ်တုန်းကပေါ့။ ရွာဘုရားပွဲဆိုတဲ့အတိုင်း စည်လိုက်တဲ့အမျိုး။ ရွာနီးချုပ်စပ်က လာတဲ့ လှည်းတွေနဲ့ကို ဘုရားပွဲ ကွင်းပြည့်လျှံနေတယ်။ မြင်သာရွာက အပျိုကလေးတွေဆို နေမညိုခင်ကတည်းက နံ့သာတွေလူး၊ ကွမ်းသွေးတွေချယ်ပြီး ဆွမ်းအုပ်ကလေးပိုက်လို့ လမ်းသလားနေကြပြီ။
တစ်နှစ်တစ်ခါ ဖြစ်တဲ့ပွဲကိုး… ကာလသားများကတော့ ပြောမနေနဲ့။ အဖိတ်နေ့ (ဘုရားပွဲမဖြစ်ခင် တစ်ရက်အလို) ညကတည်းက အလှူပွဲအတွက် ဆွမ်းချက်ကြရင်း လယ်ပိုင်ရှင် ဦးဘမှန်တိုက်တဲ့ အရက်သောက်ပြီး ဒေါင်ချာကို စိုင်းနေလိုက်ကြတာ။ ဒါပေမယ့် မူးပြီး မသောင်းကျန်းရဲဘူး။ သောင်းကျန်းတာနဲ့ ကျန်တဲ့ကာလသားတွေက ၀ိုင်းဖမ်းပြီး သူကြီးအိမ်အောက်က ထိပ်တုံးဆီ ပို့ကြတာပဲ။ အခုပဲကြည့်လေ မောင်ကောင်းနဲ့ ငပိန် (သူခိုးငပိန်) အချင်းချင်း စကားများကြလို့ စံနမူနာပြအနေနဲ့ သူကြီးထိပ်တုံးဆီ ပို့ထားပြီးပြီ။ နှစ်ယောက်လုံးကို ဘုရားပွဲပြီးမှ သူကြီးက ပြန်လွှတ်မတဲ့။ သူတို့နှစ်ယောက်ကို သူကြီးဖမ်းချုပ်ထားလိုက်တာ တစ်ရွာလုံးက ကျေနပ်တယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်ယောက်လုံးဟာ ဘုရားပွဲဖြစ်တိုင်း နှစ်စဉ် အစဉ်အလာမပျက် ခိုက်ရန်ဖြစ်ခဲ့ကြတာကိုး။ တစ်ရွာသားနဲ့ ဖြစ်ရင်ဖြစ် မဖြစ်ရင် ရွာသားအချင်းချင်း အနည်းဆုံး ထိုးကြကြိတ်ကြတော့ ဖြစ်တာပဲ။ ဒါကြောင့် သူတို့နှစ်ယောက်ကို သူကြီးက ဒီလိုစောစောစီးစီး ထိန်းသိမ်းထားတဲ့အတွက် တစ်ရွာလုံး ၀မ်းသာကြတယ်။ ရွာဘုရားပွဲကို သူတို့မရှိမှ ပြဿနာမရှိဘဲ ကျင်းပလို့ရမှာကိုး။
ဒါပေမယ့် သူတို့ကို ဒီလို စောစောစီးစီး ဖမ်းလိုက်တဲ့အတွက် မကျေနပ်တဲ့လူတစ်ယောက် ရှိတယ်။ သူက သိတယ်မဟုတ်လား…။
"တောက်"
ဘီလူးလှဦးရဲ့ တောက်ခတ်သံက ကျယ်လောင်သလောက် ဒေါသနဲ့ စူးရှပြင်းထန်နေတယ်။ မျက်လုံးအစုံကလည်း နီရဲပြီး အံကြိတ်ထားလိုက်ပုံများ သွားအချင်းချင်းခတ်တဲ့အသံတောင် တဂျစ်ဂျစ်နဲ့ ကြားနေရတယ်။ သူ့ကိုကြည့်ပြီး အင်္ကျီဗလာကျင်းနဲ့ ကျွဲကြီးတစ်ကောင် လန့်ဖျပ်ပြီး အနောက်ကို နည်းနည်းယို့လိုက်တယ်။ ပြီးတော့ သူ့လူကို ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့…
"ကျွတ်.. သိပ်လဲ ခံစားမနေပါနဲ့ ဘီလူးရာ။ သူတို့သောင်းကျန်းလို့ သူတို့ အဖမ်းခံရတာကို တို့က ဘာများတတ်နိုင်မှာမို့လဲ။ ငါတို့ပါ ရောပြီး အဖမ်းမခံရတာ ကံကောင်းတယ်မှတ်"
ကျွဲကြီးရဲ့စကားကို ဘီလူးက မြေပြင်ကို ဖနောင့်နဲ့ ဖုန်းခနဲပေါက်ပြီး
"ဘာလို့ မတတ်နိုင်ရမှာလဲကွ၊ ဘာလို့မတတ်နိုင်ရမှာလဲ၊ ဘီလူးတဲ့ကွနော်၊ ဘီလူး မတတ်နိုင်တာ လူမပြောနဲ့ ထန်းပင်တောင် မရှိဘူး မှတ်ထား" ဆိုပြီး ကြိမ်းဝါးလိုက်တယ်။ ပြီးမှ ကြိတ်မနိုင်ခဲမရ အသံကြီးနဲ့
"တောက်.. ဒီနှစ်ဘုရားပွဲ တို့ သူငယ်ချင်းလေးယောက် ပျော်ပျော်ပါးပါး ဆင်နွှဲမယ်လို့ ရည်ရွယ်ထားခါမှကွာ"
ကျွဲကြီး မျက်နှာကို ရှုံ့မဲ့လိုက်တယ်။ ပြီးတော့ ဦးခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး…
"မဖြစ်နိုင်တာ ပြောမနေပါနဲ့တော့ကွာ၊ ကိုယ်လည်း ကယ်တင်လို့ ရတော့တာမှ မဟုတ်တာ"
ကျွဲကြီးရဲ့ စကားကြောင့် ဘီလူး မြေပြင်ကို ဖုန်းခနဲနေအောင် ထပ်ပေါက်လိုက်တယ်။
"ဘာလို့ ကယ်တင်လို့မရ ရမှာလဲကွ၊ ဘီလူးတဲ့ကွနော် ဟား ဟား။ ဘီလူးတို့ကြံရင် သူကြီးထိပ်တုံးလောက် မပြောနဲ့ သူကြီးကတော်ရဲ့ ခေါင်းတောင် ဘိုကေတက်ထိုးပစ်လို့ရတယ် မှတ်ထား ဟား ဟား ဟား"
ဘီလူးလှဦး သူ့စကားကို သူ ပြန်သဘောကျသလို ဟက်ဟက်ပက်ပက် အော်ဟစ် ရယ်မောလိုက်တယ်။ ကျွဲကြီးက သူ့ကို တအံ့တသြ ကြည့်ပြီး…
"ဒါဆို မင်းက ဘယ်လိုလုပ်မှာလဲ"
"အလွယ်ကလေးပါကွာ၊ မင်းသာ င့ါကို ထန်းရည်အ၀တိုက်၊ နေမစောင်းခင် ဒီကောင်နှစ်ယောက်လုံး ထိပ်တုံးအပြင် ပြန်ရောက်ရစေမယ်"
ကျွဲကြီး အံ့အားသင့်သွားသလို မျက်လုံးကြီးပြူးပြီး…
"မင်း… မင်း ထန်းရည်သောက်ပြီး ဘယ်လိုလုပ်မှာလဲ"
ကျွဲကြီးရဲ့ အမေးကို ဘီလူးရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ဘဲ
"ကြည့်လေ.. မကြာခင် မင်းသိရမှာပေါ့။ မောင်ကောင်းနဲ့ ငပိန်တင်မဟုတ်ဘူး။ သူကြီးသမီး ခင်မှုန်ပါ အိမ်အပြင် ရောက်လာစေရမယ်"
ထန်းရည်ရှစ်မြူ ကုန်ပြီးတဲ့အထိ ဘီလူးလှဦး ထိုင်ရာမထဘဲ အံကြိတ် သောက်နေတုန်းပဲ။ ခါတိုင်းဆို ထန်းရည်သောက်ပြီးရင် ဆီးကရွှင်တော့ တစ်မြူလောက်သောက်ပြီး တစ်ခါလောက် အပေါ့သွားတတ်တဲ့ကောင်၊ ဒီတစ်ခါတော့ ထူးထူးခြားခြား ထန်းရည်ရှစ်မြူကုန်တဲ့အထိ ထိုင်ရာက တုတ်တုတ်တောင် မလှုပ်ဘူး။ သူ့ရှေ့မှာ ထိုင်နေတဲ့ ကျွဲကြီးကိုလည်း စကားဟဟ ပြောတာရယ်လည်း မဟုတ်ဘူး။ ထန်းရည်ကိုသာ တစ်ခွက်ပြီးတစ်ခွက်၊ တဂွပ်ဂွပ်နဲ့ သောက်နေတာ။
ဒီလိုနဲ့ ထန်းရည်ဆယ့်တစ်မြူလည်းကျရော ဘီလူးလှဦး ထိုင်ရမလို ထရမလို ဖြစ်လာတယ်။ ဘာကြောင့်ရယ်မသိဘူး။ မျက်နှာကြီးကလည်း နီရဲရှုံ့မဲ့ပြီး အံတကြိတ်ကြိတ် ဖြစ်လာတယ်။ မူးတာကလည်း ပြောမနေနဲ့တော့။ ကိုရင်ကြက်ပု ထန်းရည်ကို ဒီလို ဆယ့်တစ်လုံးသောက်ဖို့ မပြောနဲ့ သုံးလေးမြူကုန်အောင် သောက်နိုင်တဲ့လူက ခပ်ရှားရှားရယ်၊ အခု ဆယ့်တစ်မြူကုန်ပြီဆိုတော့ ဒေါင်ချာစိုင်းပြီဆိုတာ ပြောစရာလိုမယ်မထင်ဘူး။ ဒီလိုပုံမျိုးနဲ့ သူကြီးအိမ်မှာ အချုပ်ခံထားရတဲ့ မောင်ကောင်းနဲ့ ငပိန်ကို သွားကယ်ဖို့မပြောနဲ့ ကိုယ်တိုင် မတ်တပ်ရပ်နိုင်ဖို့ အခွင့်အရေးတောင် ခပ်ရှားရှား။ ဘီလူးကတော့ မလျှော့သေးဘူး။ ထန်းရည်ကို မျက်နှာကြီး ရှုံ့မဲ့ အံကြိတ်သောက်နေတုန်း။
ကြာလာတော့ သူ့ကို ထန်းရည်တိုက်နေတဲ့ ကျွဲကြီးကတောင် သိပ်ပြီး မသင်္ကာချင်တော့ဘူး။ ဘီလူးလှဦး အောင်နိုင်နတ်ဝင်သွားတာလား၊ (အောင်နိုင်နတ်ဆိုသည်မှာ ထန်းရည်အလွန်အမင်း ကြိုက်နှစ်သက်သောနတ်ဟု အယူအစွဲရှိ၏) ဒါမှမဟုတ် သူငယ်ချင်းတွေကို ကယ်တင်မယ် အကြောင်းပြပြီး သူ့ဆီက ထန်းရည်ညာသောက်နေတာလားပေါ့။ သူ စဉ်းစားလို့ မဆုံးခင်မှာ ဘီလူးလှဦး "အေ့ခနဲ" လေတက်လိုက်တယ်။ ပြီးတော့ သူ့ခါးကြီးထဲ လိမ်ထားတဲ့ အလုံးမဲမဲ သုံးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး တဂျွတ်ဂျွတ် ၀ါးလိုက်တယ်။ နောက် လက်ကျန်ထန်းရည်ခွက်ကို ဂွပ်ခနဲ နေအောင် သောက်ချလိုက်တယ်။ ကျွဲကြီးကတော့ အံ့အားသင့်လို့ မဆုံးဖြစ်နေတုန်း။ ခါတိုင်းဆို ထန်းရည်သောက်ရင် ပဲလှော်တောင် မ၀ါးတတ်တဲ့ကောင်က အခု ဘာစိတ်ကူးတွေ ပေါက်ပြီး တွေ့ကရာ ၀ါးနေတယ်ရယ်ပေါ့။
"ကဲ.. သွားကြရအောင်.. ဟိုကောင်တွေကို ကယ်တင်ဖို့ လက်နက်ကတော့ ပြည့်စုံပြီ"
"ဟင်.. မင်း ဒီအတိုင်းသွားမယ်"
ကျွဲကြီး တအံ့တသြအမေးကို ဘီလူးက မျက်နှာကို ရှုံ့မဲ့နေရာက
"အေးလေ၊ ဒီအတိုင်းသွားမှာပေါ့ … ဟေ့ကောင် ငါ့ကို လာတွဲစမ်း၊ ဒီကောင်တွေဆီ မြန်မြန်ရောက်မှ ဖြစ်မယ်"
ဆိုပြီး အတင်းထဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် သူ့တစ်ယောက်ထဲဆိုရင် ထတောင် ရပ်နိုင်တော့တာရယ် မဟုတ်ဘူး။ မူးတာကလည်း ဇက်ကြီးလိမ်နေပြီ။ နောက်ပြီး တစ်ခုခုကို ချုပ်ထိန်းထားပုံရတယ်။ မျက်နှာကြီးကလည်း မြင်မကောင်းလောက်အောင် ရှုံ့မဲ့လို့။ သူ့အခြေအနေကို ရိပ်မိတဲ့ ကျွဲကြီးက သူ့ကို ချိုင်း(ဂျိုင်း)ကနေ ဆွဲပြီး မ,တင်လိုက်ပြီး
"ဟေ့ကောင် မဖြစ်လောက်ဘူးနော် … ဒီအခြေအနေအတိုင်း သွားရင် ဟိုကောင်တွေကို ကယ်ဖို့မပြောနဲ့ တို့ပါ ထိပ်တုံးထဲ တန်းခနဲနေမှာ"
ကျွဲကြီးရဲ့ စကားကို ဘီလူးက ဒေါသထွက်သွားပြီး…
"တိတ်စမ်း… လောကမှာ ဘီလူးကို ဖမ်းရဲတဲ့ကောင် တစ်ယောက်မှမရှိဘူး။ ဖမ်းရဲဖမ်းကြည့် ငါ့အကြောင်း ကောင်းကောင်း သိသွားမယ်။ ဘီလူးတဲ့ကွ ဟားဟား ငါတဲ့ ဘီလူးနော်"
ဆိုပြီး ယိုင်တိယိုင်တိုင်နဲ့ ရွာဘက် လှည့်သွားတယ်။ ကျွဲကြီးကတော့ ကြောက်လန့်တကြားနဲ့ သူ့ချိုင်းကနေ ဆွဲနေရတုန်း။
သူတို့နှစ်ယောက် ရွာထဲဝင်လာတော့ ရွာသားတွေအားလုံးက ရိပ်မိနေတယ်။ မကြာခင် သူကြီး ထိပ်တုံးစာမိတော့မယ်ဆိုတာ။ ကျွဲကြီးကတော့ ဒါကို သိနေတယ်။ ဒါကြောင့် သူ့ခမျာ ဒူးတွေတုန်ပြီး မျက်စေ့မျက်နှာ ပျက်နေတာ။ ဘီလူးလှဦးကတော့ ခပ်တည်တည်ပဲ။ ကျွဲကြီးကို အလိုက်သင့်ကလေး ဖက်ထားပြီး…။
"ဟေ့ကောင် … ဘာမှကြောက်မနေနဲ့၊ ဒီရွာမှာ င့ါကို ဖမ်းရဲတဲ့ကောင် တစ်ကောင်မှ မရှိဘူး။ သတ္တိရှိရင် ဖမ်းကြည့်စမ်း၊ ငါ့အကြောင်း သိသွားမယ် ဘီလူးတဲ့ကွ"
ဆိုပြီး တစ်လမ်းလုံး တွေ့ကရာလူ ကြိမ်းမောင်းလာတယ်။ မျက်နှာကတော့ မြင်မကောင်းရှုမကောင်းလောက်အောင် ရှုံ့မဲ့လို့။
သူကြီးအိမ်နားရောက်တော့ ကျွဲကြီး ပိုကြောက်လာပြီ။
"ဟေ့ကောင် ဘီလူး ရှေ့မှာ သူကြီးအိမ်ပဲနော်.. တို့ ပြန်ကြရင် ကောင်းမယ်"
ကျွဲကြီးရဲ့ စကားကို ဘီလူးဒေါသထွက်သွားသလိုနဲ့ မြေကြီးကို ဖနောင့်နဲ့ ဖုန်းခနဲ ပေါက်လိုက်ပြီး…
"ဘာလို့ ပြန်ရမလဲကွ။ အဲဒီ သူကြီးဆိုတဲ့လူနဲ့ တွေ့ချင်နေတာ။ ငါ့ကို ဖမ်းရဲဖမ်းကြည့်စမ်း၊ ငါ့အကြောင်း ကောင်းကောင်းသိသွားမယ်။ ဟေ့ ဘီလူးတဲ့ကွ။ မိုက်ပြီဆိုမှဖြင့် ကြခတ်ဆူးပင် မြက်ပင်အမှတ်နဲ့ ချိုးလာတဲ့ကောင်ကွ၊ ဘယ်ကောင်မှ ဂရုစိုက်တာရယ်မဟုတ်ဘူး။ ဖမ်းရဲတဲ့ကောင် လာဖမ်းလှည့်စမ်း။ နောင်တကို ကောင်းကောင်းရသွားစေမယ်။ ဘီလူးတဲ့ကွနော်၊ ငါတဲ့ ဘီလူး"
သူ့ရဲ့ အော်သံကြောင့် အိမ်ထဲမှာ ပုတီးစိပ်နေတဲ့ သူကြီး အိမ်အပြင်ဘက် ထွက်ကြည့်တယ်။ သူကြီးကိုလည်းမြင်ရော ကျွဲကြီး ကြောက်ဒူးတွေ တုန်ပြီး ဆက်မနေရဲတော့ဘူး။ ဒါကြောင့် ဘီလူးလှဦးကို ချိုင်းက မ,ထားရာက လွှတ်ပြီး
"ဟေ့ကောင် မင်းနေရဲရင်နေခဲ့ ငါတော့ လစ်ပြီ"
ဆိုပြီး ရွာတောင်ပိုင်းဘက် သုတ်ခြေတင် ထွက်ပြေးသွားတယ်။ ဘီလူးကတော့ သူ့ကိုယ်သူ လဲမကျအောင် အနိုင်နိုင်ထိန်းရင်း…
"ဘာလို့ မနေရဲရမှာလဲကွ၊ ဟေ့ကောင် ငါ့ကို ဒီသူကြီးကများ ဖမ်းရဲမယ်ထင်သလား၊ ဖမ်းရဲဖမ်းကြည့်စမ်း၊ ငါ့အကြောင်း ကောင်းကောင်းသိသွားမယ်။ ဘီလူးတဲ့ကွနော် ဟား ဟား"
သူ့စကားလည်းကြားရော သူကြီး ခြံအပြင်ထွက်လာပြီး…။
"ဟေ့ကောင်လှဦး.. မင်း မူးနေရင် အေးအေးဆေးဆေး အိမ်ပြန်အိပ်၊ ငါ့အိမ်ရှေ့ကျက်သရေမရှိ အော်ကြီးဟစ်ကျယ် လုပ်မနေနဲ့"
သူကြီးစကားကို ဘီလူးက ဂရုမစိုက်သလို တဟားဟားရယ်ရင်း
"ဟား ဟား.. ကိုယ့်ပါးစပ်နဲ့ကိုယ်အော်တာပဲဗျ။ သူကြီးပါးစပ် ငှားအော်တာမှ မဟုတ်တာ။ ဘာဖြစ်လဲ အော်တယ်ဗျာ။ ဟေ့… သတ္တိရှိတဲ့ကောင် ဖမ်းကြစမ်း ဘီလူးတဲ့ကွ၊ ဟား ဟား ဟား သတ္တိမရှိရင်တော့ ပုတီးသာ စိပ်နေ ဟားဟား"
ဘီလူးစကားကြောင့် သူကြီး ရှူးရှူးရှားရှားဖြစ်သွားပြီး…
"ဟေ့ကောင်.. မင်း လွန်လာပြီနော်၊ ငါ ပုတီးစိပ်နေချိန်မို့နော်၊ နို့မဟုတ်ရင် မင်း မလွယ်ဘူးမှတ်"
"ဘာဖြစ်လဲ လွန်တယ်ဗျာ။ ဟေ့ ဘီလူးတဲ့ကွ၊ ဒီလို စိပ်ပုတီးနဲ့ တရားချလို့ရတဲ့ကောင်များ မှတ်နေလား။ ဟား ဟား သတ္တိရှိလို့ သူကြီးအိမ်ရှေ့ လာအော်နေတာကွ ဟား ဟား ဟား"
ဘီလူးစကားလည်းကြားရော သူကြီး အကြီးအကျယ် ဒေါသထွက်သွားပြီး…။
"ဟာ .. ဒီလောက်ဖြစ်တဲ့ကောင်.. ကဲကွာ"
ဆိုပြီး ဘီလူးလှဦးရဲ့ နားရင်းကို 'ဖုန်းခနဲ' အပ်ပြီး ဂုတ်ကနေ ဒရွတ်တိုက် ဆွဲသွားတယ်။ ဒါတောင် ဘီလူးက အရယ်မပျက်ဘူး။
"ဟား ဟား.. ခင်ဗျားက ကျုပ်ကို ဖမ်းတယ်ပေါ့။ ဟား ဟား မကြာခင် ကျုပ်အကြောင်း သိစေရမယ်။ ဘီလူးတဲ့ကွနော်… ငါဟဲ့ ဘီလူး ဟား ဟား ဟား"
ဆိုပြီး ဟက်ဟက်ပက်ပက် ရယ်နေသေးတယ်။ သူကြီးလည်း သူ့အိမ်အောက်မှာ ဆောက်ထားတဲ့ ၀က်ခြံ (အချုပ်ခန်း) လဲရောက်ရော ဘီလူးတင်ပါးကို ဖုန်းခနဲကန်ပြီး ဂုတ်ကမ,လို့ ၀က်ခြံထဲ ပစ်ထည့်လိုက်တယ်။ ပြီးတော့ ၀က်ခြံကို ဂျိုင်းခနဲနေအောင် ပိတ်လိုက်တယ်။ ဘီလူးလှဦးရဲ့ ရယ်သံကတော့ ၀က်ခြံထဲက ကြားနေရတုန်း။
"ဟား ဟား … မောင်ကောင်းနဲ့ ငပိန်တို့ပါလား။ ဘာမှမပူနဲ့ မင်းတို့မကြာခင် လွတ်ကို လွတ်စေရမယ်။ ဘီလူးတဲ့ကွ.. ကိုင်းကွာ ငါ့ကို ဖမ်းဦး မှတ်ပလား"
ဆိုပြီး အော်သံနဲ့အတူ မိုးခြိမ်းသံလိုလို နှဲမှုတ်သံလိုလို အသံတွေ အချုပ်ခန်းထဲက ကြားရတယ်။ ၀ုန်းဝုန်းဒိုင်းဒိုင်းလည်း မဖြစ်ဘူး။ ဘီလူးလှဦး ဘာလုပ်နေတာရယ်လဲ မသိရဘူး။ ရယ်သံတွေနဲ့ မသဲကွဲပဲကိုး။ သူကြီးကတော့ ဂရုမစိုက်ဘူး။ ဒါမျိုးတွေ ရိုးနေပြီကိုး။
ခဏကြာတော့ အိမ်ရှေ့မှာ ပုတီးစိပ်နေတဲ့ သူကြီးနှာရင်းထဲ ညှီစို့စို့ အနံ့သစ်တစ်ခု တိုးဝင်လာတယ်။
သူကြီး အနီးအနား ဝေ့ကြည့်လိုက်တယ်။ အနီးနားမှာလည်း ဘာမှ မတွေ့ရဘူး။ ခွေးသေပုပ်များလား၊ ဒါမှမဟုတ် ထမင်းသိုး ဟင်းသိုးအနံ့လား၊ အနံ့က ပိုဆိုးလာတယ်။
သူကြီး နှာခေါင်းကို ရှုံ့ချည် တွချည်လုပ်ပြီး အနံ့ခံကြည့်လိုက်တယ်။ မဟုတ်ဘူး။ ဒါ ထန်းရည်ချဉ်နံ့၊ သူလည်း ငယ်ရာက ကြီးလာတာဆိုတော့ ဒီအနံ့ကို ကောင်းကောင်းကျက်မိတယ်။ အနံ့က ရုတ်ချည်း စူးစူးဝါးဝါး ဟောင်တက်လာပြန်တယ်။
"အဖေရေ.. ဘာနံ့တုန်းတော့ နံလွန်းပါ့တော်။ အောက် ၀က်ခြံမှာလည်း ဘယ်သူဝင်ပြီး နှဲမှုတ်နေတာတုန်း။ တဂြီဂြီ တပီပီနဲ့"
သူကြီးသမီး ခင်မှုန်တောင် အိမ်ပေါ်မှာ မနေနိုင်တော့ဘဲ နှာခေါင်းကလေးပိတ်ပြီး အိမ်ရှေ့ပြေးထွက်လာတယ်။ ဒါကိုပဲ အချုပ်ခန်းထဲ ရောက်နေတဲ့ ဘီလူးလှဦးက အခွင့်ကောင်းယူပြီး
"မောင်ကြီးပါ နှမရယ်၊ မောင်ကြီးပါ။ မင်းအဖေ လူမိုက်ကြီးကို ဆုံးမချင်လွန်းလို့ လုပ်ရတာပါ။ ကဲ .. မှတ်ပလား။ နောက် ဖမ်းဦးမလား။ ကဲကွာ.. ကဲ" စတဲ့ အော်သံတွေနဲ့အတူ ထိပ်တုံးအခပ်ခံထားရတဲ့ မောင်ကောင်းနဲ့ ငပိန်တို့ရဲ့ အသံပါ ဆူဆူညံညံ ဖြစ်လာတယ်။
"ဟာ .. ဟေ့ကောင်.. တော်တော့လေ… ဟဟ… ငါ့ကို ပေတော့မယ်၊ သူကြီး သူကြီး ဒီမှာ လုပ်ပါဦး"
"လုပ်ကြပါဦး။ ဒီမှာ ဘီလူး ဘီလူး ဟာ .. ဟေ့ကောင် ဟိုဘက် ရွှေ့ပါဟ ဟိုဘက်တိုးပါ.. ငါ့ကို စင်ကုန်ပြီ" စသည်ဖြင့် အော်သံတွေကြားတော့၊ သူကြီးလည်း စိုးရိမ်သွားတယ်။ ဘီလူးလှဦး၊ မောင်ကောင်းနဲ့ ငပိန်ကို အချုပ်ထဲ လည်ပင်း ၀င်ညှစ်နေလား၊ တံတောင်နဲ့များ ထောင်းနေသလားပေါ့။ ဘီလူးကတော့ ၀မ်းသာအားရ တဟားဟား ရယ်နေတုန်း။
"သူကြီးရေ ကယ်ပါဦးဗျ။ ကိုယ်ကျိုးတော့ နည်းပါပြီ။ ဟေ့ကောင် တော်ပါတော့ဆိုကွာ"
"သူကြီး သူကြီး၊ အောင်မလေး သူကြီးရဲ့ ဒီကောင့်ကိုမှ အချုပ်ထဲ ထည့်ရတယ်လို့ဗျာ။ ကယ်ကြပါဦးဗျို့"

စတဲ့ အော်သံတွေကြားတော့ သူကြီးလည်း မနေနိုင်တော့ဘူး။ ဒါနဲ့ အချုပ်ခန်းတံခါးကို ပြေးဖွင့်လိုက်တဲ့အခါ
"ဟင်"
ဟောင်ထွက်နေတဲ့ အနံ့အသက်တွေနဲ့အတူ မြင်ရတဲ့မြင်ကွင်းကြောင့် သူ ကြက်သေသေသွားတယ်။ ပြီးတော့ ယောင်ပြီး အချုပ်ခန်းကို ပြန်ပိတ်လိုက်မိတယ်။
"သူကြီး သူကြီး ဖွင့်ပါဗျာ"
"သူကြီး … သူကြီး ကယ်ပါဦး"
မောင်ကောင်းနဲ့ ငပိန် ကြောက်လန့်တကြား အော်သံကြောင့် သူကြီး ယောင်ပြီး တံခါးကို ပြန်ဖွင့်လိုက်တယ်။ ပြီးတော့ အချုပ်ခန်းတစ်ခုလုံးကို သူ အံ့သြတကြီး ဝေ့ကြည့်လိုက်တော့… သူ မြင်လိုက်ရတာက…။
"၀မ်း" တွေ။
ဘီလူးသွားထားတဲ့ ၀မ်းတွေက အချုပ်ခန်းတစ်ခုလုံး ပြန့်ကြဲနေတဲ့အပြင် ထိပ်တုံးမှာပါ ပေရေနေပြီ။ ဘယ်လောက်ထိများလဲဆိုရင် မောင်ကောင်းနဲ့ ငပိန်တောင် ခြေထောက် ထိပ်တုံး အခပ်ခံထားရတဲ့ကြားထဲ သူတို့ဆီ စီးလာတဲ့ ၀မ်းတွေကို မထိနိုင်အောင် လက်ကလေးထောက်ပြီး ဖင်ကလေး ကြွထားရတယ်။
ဒါတောင် ဘီလူးဝမ်းက ရပ်သေးတာရယ် မဟုတ်ဘူး။ ဘယ်ရပ်မလဲ၊ ထန်းရည်ချည်းပဲ ဆယ့်တစ်လုံး သောက်လာတဲ့အပြင် ၀မ်းနှုတ်ဆေးပါ သုံးလုံး စားလာသေးတာကိုး။ သူကတော့ ပျော်ပျော်ကြီး အော်ပြီး ပန်းနေတုန်း။
"အဲဒါနဲ့ အဲဒီသုံးယောက်လုံး လွှတ်ပေးလိုက်ရတဲ့အပြင် လူဆယ်ယောက်လောက် ရေနဲ့ ၀ိုင်းဆေးတာတောင် နှစ်ရက်လောက် အိမ်ပေါ်မတက်နိုင်ဘူး ဘဒွေး"
သူကြီးစကားကို ဘဒွေးပိုပြီး မကျေမနပ်ဖြစ်သွားပြီး…။
"တော်စမ်းဖိုးထင်၊ တစ်ခါတစ်လေ အကြောင်းတိုက်ဆိုင်ရုံနဲ့ ဒီကောင်ကို ဒီလိုပဲ လွှတ်ထားရမယ်ဆို နောင်လာနောင်သားတွေ အမှတ်မှားကုန်တော့မပေါ့။ မင်းမထိန်းနိုင်ရင် ငါထိန်းပြမယ်။ ဘဒွေးတဲ့ကွ… ရမ်းပြီဆို ကြခတ်ဆူးပင် ဘိုးတင်ထမ်းခဲ့တဲ့ကောင်ကွ"
ဆိုပြီး တောင်ရှည်ကို ပြင်ဝတ်ပြီး ရွာလမ်းဘက် ထွက်သွားတာ သူကြီး တားချိန်တောင် မရလိုက်ဘူး။
သိတယ်မဟုတ်လား။ ဘဒွေးက စိတ်မြန်သလောက် လူလည်းမြန်တယ်။ သူကြီးက အနောက်က မနည်းလိုက်ယူရတယ်။ ဘဒွေးကတော့ သူကြီးကိုတောင် လှည့်မကြည့်ဘူး။ ခြေလှမ်းကျဲကြီးနဲ့ အရှေ့က ဦးဆောင် လျှောက်သွားနေတုန်း။
ရွာလှည်းလမ်းတစ်လျှောက် ယိုင်တိယိုင်တိုင် လျှောက်လာတဲ့ ဘီလူးတို့အုပ်စုကိုလည်းမြင်ရော ဘဒွေးခါးထောက်ရပ်လိုက်တယ်။ သူကြီးကလည်း ဘဒွေးအနောက်က အသာလေးရို့ပြီး ရပ်လိုက်တယ်။ ဘဒွေးနဲ့တော့ ဘယ်ရင်ပေါင်တန်း ရပ်ရဲမလဲ။
"ဟေ့ကောင် လှဦး"
ဘဒွေးရဲ့ အော်သံက ကျယ်လောင်သလောက် ဒေါသနဲ့ ပြင်းထန်နေတယ်။ ဘဒွေးရဲ့အော်သံကြောင့် ဘီလူးလှဦးတို့အဖွဲ့ လှမ်းနေတဲ့ ခြေလှမ်းတွေ ရပ်တန့်သွားတယ်။ အဲဒီအော်သံတွေကြောင့်ပဲ ရွာသားအားလုံး ပွဲကြီးပွဲကောင်းတော့ ကြည့်ရပြီအမှတ်နဲ့ တစ်ယောက်စ နှစ်ယောက်စကနေ ၀ိုင်းအုံလာကြတယ်။ သိတယ်မဟုတ်လား။ ဘဒွေးက မလုပ်ရင်မလုပ်ဘူး။ လုပ်ရင်လည်း…။
ရွာသားတွေရဲ့ စိတ်ထဲမှာတော့ ဒီတစ်ခါတော့ ဘီလူးလှဦးတို့အဖွဲ့ နာပြီ။ အနည်းဆုံး ထိပ်ကွဲခေါင်းပြဲလောက်တော့ မြင်ရမယ်ဆိုတာ ကြိုသိနေကြတယ်။
ဘီလူးတို့အဖွဲ့ကလည်း ပေရပ်နေကြတုန်း။ သူတို့မူးလည်း မူးနေကြတဲ့အပြင် ဘဒွေးကိုလည်း မတွေ့တာကြာတော့ ရုတ်တရက် မှတ်မိပုံမရဘူး။ တော်တော်ကြာမှ မောင်ကောင်း သူ့ဘေးက ကျွဲကြီးနဲ့ ငပိန်ကို လက်တို့ပြီး။
"ဟေ့ကောင် ဘဒွေးကြီးဟ"
ဆိုပြီး သုတ်သုတ်သုတ်သုတ်နဲ့ သုံးယောက်သား တစ်ယောက်လက်တစ်ယောက်ဆုပ်ပြီး ထွက်ပြေးသွားတယ်။ ဘဒွေးကိုတော့ သူတို့ ဘယ်ရင်ဆိုင်ရဲမလဲ။ ဟုတ်တယ်လေ။ သူတို့ပေပြီး ဆက်ရပ်နေရင် ဘဒွေးလက်နဲ့ အနည်းဆုံး နှစ်ချက်သုံးချက်လောက်တော့ အတီးခံရမှာ သေချာတယ်။
ဘီလူးလှဦးကတော့ ခပ်တည်တည်ပဲ ရပ်နေတုန်း…။
"ဟေ့ကောင်… လှဦး မင်း ဒီကိုလာခဲ့စမ်း"
ဘဒွေးရဲ့ ခေါ်သံကို လှဦးက ဂရုမစိုက်သလိုနဲ့
"ဘာလို့ လာရမလဲ။ ခင်ဗျားက ကျုပ်ကြီးတော် ယောက်ျားမို့လား မလာနိုင်ဘူး"
ဘီလူးလှဦးရဲ့ ဆတ်ဆတ်ထိမခံ စကားကို ရွာသားတွေအားလုံးက
"ဟယ် ဘဒွေးကို ပြန်ပြောရဲတယ်"
"ဒီကောင်တော့ မလွယ်လောက်ဘူး"
"ဘဒွေးလက်နဲ့ကတော့ သေချာပြီ"
စသဖြင့် ဆူညံသွားကြတယ်။ ဘဒွေးကလည်း ရွာသားတွေရှေ့မှာ ဒီလိုမလောက်လေး မလောက်စားကောင်က ပြန်အပြောခံလိုက်ရတော့ ပိုလို့ ဒေါသထွက်သွားပြီး…
"ဟေ့ကောင်… မင်းကြီးတော် ယောက်ျားမဟုတ်ဘူး။ ဘဒွေးကွ ဘဒွေး"
ဘဒွေးဆိုတဲ့ အသံလည်းကြားရော ဘီလူးလှဦး မျက်လုံးပြူးကျယ်သွားတယ်။ ပြီးတော့မှ သတိဝင်သွားသလိုနဲ့
"အောင်မလေး ဘဒွေးရဲ့"
ဆိုပြီး ဘဒွေးဆီ ပြေးဝင်သွားတယ်။ ပြီးတော့ ဘဒွေးခြေရင်း ဆောင့်ကြောင့်ထိုင်ပြီး ခြေသလုံးဖက်ထားသလိုနဲ့ ဘဒွေးရဲ့ လုံချည်ကို ကျစ်ကျစ်ပါအောင် ဆွဲထားတယ်။ ပြီးတော့ ငိုသံဝဲ၀ဲကြီးနဲ့…
"အောင်မလေး ဘဒွေးရဲ့၊ ဘဒွေးနဲ့မှ တွေ့ရလေခြင်း၊ ဘဒွေးမှ မဆုံးမရင် ကျွန်တော် ဘယ်လိုမှ လိမ္မာတော့မှာ မဟုတ်တော့ဘူး ဘဒွေးရဲ့၊ ဟီး .. ဟီး" လို့ ငိုပြီး ဘဒွေးရဲ့ လုံချည်ကို ကျစ်ကျစ်ပါအောင် ဆွဲထားတယ်။ ဘဒွေးကလည်း သူ့လုံချည်ကို လှဦး အတင်းဆွဲထားတော့ ခါးက ကျွတ်မကျအောင် ခါးပုံစကို အတင်းပြန်ဆွဲထားလိုက်ရတယ်။ ရွာသားတွေရဲ့ စိတ်ထဲမှာတော့ ဘီလူးလှဦး ဘဒွေးနဲ့တွေ့တော့ ကျွတ်သွားပြီ၊ ခုတော့ ဘာတတ်နိုင်သေးသလဲ ထင်နေကြတာပေါ့။ ဒါပေမယ့် တကယ်ဖြစ်နေတာက…။
"ဟေ့ကောင် လုံချည်ကို လွှတ်ကွာ၊ ငါ ..ကျွတ်ကျတော့မယ်" ဘဒွေးရဲ့ စကားကို ဘီလူးကလည်း လုံချည်လွှတ်မပေးဘဲ အားရပါးရငိုပြီး
"မလွှတ်ပါရစေနဲ့ ဘဒွေး.. ဟီး… ဘဒွေးမှ မဆုံးမရင် ကျွန်တော် မလွှတ်ပါရစေနဲ့ ဘဒွေးရဲ့ .. ဟဲ့ ဟဲ့.. ကျွန်တော့်ကို ဆုံးမပါ ဘဒွေးရဲ့ ဟီး"
ဆိုပြီး ငိုလည်းငို လုံချည်ကိုလည်း ဆွဲထားတယ်။ သူတို့ကို ၀ိုင်းကြည့်နေကြတဲ့ ရွာသားတွေ စိတ်ထဲမှာတော့ ဘီလူးလှဦး ဘဒွေးလက်ကိုကြောက်လို့ ခြေသလုံးဖက် ငိုနေတယ်လို့ မှတ်နေကြပြီး ဘဒွေးရဲ့ တောင်ရှည်ကတော့ ခါးကတစ်ဆင့် တင်ပါးပေါ် လျှောကျနေပြီ။ ဒါကိုတော့ ဘယ်သူမှမသိကြဘူး။ ဘဒွေးအင်္ကျီနဲ့ ဖုံးနေတဲ့အပြင် ဘီလူးလှဦးကလည်း အမူအယာကောင်းတာကိုး…။
"အောင်မလေး ဘဒွေးရဲ့။ ဘဒွေးတူ လှဦးဆိုတဲ့ လူမိုက်ကို ရိုက်ပုတ်ပြီးတော့ဖြစ်ဖြစ် ဆုံးမပါ ဘဒွေးရဲ့ ဟီး" ဆိုပြီး ဘဒွေးရဲ့ လုံချည်ကို သူ့လက်နဲ့ တဆတ်ဆတ်ခါရင်း ဆွဲချွတ်တယ်။ ဘဒွေးကလည်း လူတွေ သိကုန်မှာစိုးတာနဲ့ အသံကို အတတ်နိုင်ဆုံး နှိမ့်ပြီး ကပျာကယာနဲ့
"ဟေ့ကောင် လွှတ်ပါဆိုကွာ၊ မင်းလုပ်တာနဲ့ ငါကျွတ်တော့မယ်။ မလုပ်နဲ့…။ ဟာ… ဟေ့ကောင် … " ဆိုပြီး တောင်းပန်နေရတယ်။ ဘီလူးလှဦးကလည်း အလျှော့မပေးဘူး။ လုံချည်ကို သူ့လက်နဲ့ တဆတ်ဆတ် ခါချွတ်ရင်း…။
"မလွှတ်ပါရစေနဲ့ ဘဒွေးရဲ့၊ ဟီး ဘဒွေးလက်နဲ့ တစ်ချက်လောက် အရိုက်မခံရမချင်း မလွှတ်ပါရစေနဲ့.. အဟင့်၊ ဟီး.. တစ်ချက်လောက်တော့ ခပ်ဆတ်ဆတ်ကလေး ရိုက်လိုက်ရင် ကျွန်တော် လူကောင်းမဖြစ်သွားဘူးလား အဘရဲ့ ဟင့်…ဟီး"
ဆိုပြီး တောင်ရှည်ကို တဆတ်ဆတ်ခါဆွဲရင်း ငိုငိုပြီး ပြောနေတယ်။ ကြာလာတော့ ဘဒွေးကလည်း စိတ်ဆတ်သူပီပီ…။
"အာ… ဒီလောက် အပြောရခက်တဲ့ကောင် … ကဲကွာ"
ဆိုပြီး ဘီလူးလှဦးရဲ့ နာရင်းကို "ဖုန်းခနဲ"နေအောင် အုပ်လိုက်တယ်ဆိုရင်ပဲ ဘီလူးလှဦးက…။
"အောင်မလေး ကြောက်ပါပြီ ဘဒွေးရဲ့"
လို့အော်ပြီး ဘဒွေးရဲ့ တောင်ရှည်ကို ဆတ်ခနဲ ဆွဲချွတ်ပြီး ငိုရင်းနဲ့ သုတ်ခြေတင်ပြေးထွက်သွားတယ်။
ရွာသားတွေအားလုံး အခုမှ အခြေအနေအမှန်ကို သိသွားပြီး အံ့အားသင့်သွားကြတယ်။ ဘဒွေးလုံချည်ကို လှဦး ယူသွားပြီ။
ဘဒွေး ရုတ်တရက် ကြောင်သွားပြီး လုံချည်ကျွတ်ကြီးနဲ့ ဘီလူးနောက် ပြေးလိုက်ရနိုးနိုး၊ ရပ်နေရနိုးနိုး ဖြစ်နေပြီ။ နောက်ဆုံးတော့ လုံချည်မရှိတော့တဲ့ ဟင်းလင်းပြင်ကို အင်္ကျီကလေးနဲ့ ဖုံးပြီး လူပုံအလည် ထိုင်ချလိုက်ရတယ်။
အဲဒီတော့မှ သူကြီး ပျာပျာသလဲ ပြေးလာပြီး သူ့ခေါင်းမှာ ပေါင်းထားတဲ့ ပတ်ပေါင်းကို ကမန်းကတန်းဖြုတ်ပြီး ဘဒွေးကို လှမ်းပေးလိုက်တယ်။ ဘဒွေးက ပတ်ပေါင်းကို အလျင်အမြန်လှမ်းယူပြီး လှမ်းအုပ်ထားလိုက်တယ်။
သူတို့နှစ်ယောက်ကို ကြည့်ပြီး ရွာသားတွေ ၀ါးခနဲ ပွဲကျသွားတယ်။
အဲဒါကြောင့်ပြောတာ…

'ဘီလူးလှဦး ဒီလို လာသောင်းကျန်းနေတာ အကြောင်းရှိပါတယ်လို့'

~~~~~~~~

အကြည်တော်

No comments:

Post a Comment

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။