ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Monday, October 10, 2011

မြန်မာ့စစ်ပညာ

သေနင်္ဂဗျူဟာ စစ်ပညာသည် တိုင်းပြည်အသီးသီး၊ လူမျိုးအသီးသီးတွင် ရှေးကတည်းက ရှိခဲ့သည်။ ယခုလည်းရှိနေဦးမည်။ နောင်လည်း ရှိရမည်ပင် ဖြစ်သည်။ စစ်ပညာများမှာ အချိန်ကာလ ခေတ်အားလျော်စွာ တစ်မျိုးတစ်ဖုံ ထူးခြား တိုးတက် လာသော်လည်း အခြေအနေ အချိန်အခါအရ ရှေးပညာရပ်များကို လက်လွှတ်၍ မရပေ။ ထို့ကြောင့် ရှေးမြန်မာ့ စစ်ပညာကို တိမ်မြုပ်မသွားအောင် ထိန်းသိမ်းထားသင့်ပေသည်။ မြန်မာ့သေနင်္ဂဗျူဟာကျမ်း(စစ်ပညာကျမ်း)ကို ခေတ်အဆက်ဆက်က မှတ်တမ်းတင်ထားခဲ့ကြသော်လည်း၊ ရှင်ဖြူရှင်မင်းနှင့် ဘိုးတော်ဘုရားလက်ထက်တွင်ထင်းရှားခဲ့သော လက်ဝဲသုန္ဒရ အမတ်ကြီးက မြန်မာ့ စစ်ပညာကို ပျောက်ပျက်မသွားစေရန် ရည်ရွယ်၍ သေနင်္ဂဗျူဟာပျို့၊ ဗျူဟစက္ကိပျို့နှင့် နန္ဒီသေနပျို့များကို ရေးသား စပ်ဆိုခဲ့သည်။

သမိုင်းတွင် မှတ်ကျောက်တင်ခဲ့သော စစ်ပွဲများ

  • ပုဂံခေတ်တွင် ဂျွမ်းတို့နှင့်တိုက်သော ဂျွမ်းစစ်၊ (ကျူးကျော်သူ ဂျွမ်းစစ်သည်များကို ကျန်စစ်သားဦးစီးသည့် သူရဲကာင်းလေးယောက်နှင့် ကိုယ်ရံတော်တပ်များက တိုက်ခိုက်အနိုင် ယူခဲ့သည်။)
  • ပင်းယခေတ်တွင် မွန်ဂိုတို့နှင့်တိုက်သော် တာတာမွန်ဂိုစစ်၊ (ကျူးကျော်သူ မွန်ဂိုတို့သည် ထိုအချိန်က ကမ္ဘာတစ်ခြမ်းနီးပါး တိုက်ပွဲများအောင်မြင်နေသည့်အချိန်ဖြစ်သည်။)
  • ညောင်းရမ်းခေတ်တွင် ပေါ်တူဂီတို့နှင့်တိုက်သော် သန်လျှင်စစ်ပွဲ၊ (ပေါ်တူဂီတို့သည်ထိုအချိန်က စစ်အင်အား အလွန်တောင့်တင်းချိန်ဖြစ်သည်။ အင်္ဂလိပ်တပ်များ၊ ပြင်သစ်တပ်များ သည် ပေါ်တူဂီတပ်ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးသည့် အချိန်ဖြစ်သည်။)
  • ကုန်းဘောင်ခေတ် ရှင်ဖြူရှင်မင်းလက်ထက် တရုပ်တို့၏ကျူးကျော်မှုကိုတိုက်သော် စစ်ပွဲ ၄ ပွဲ၊(တရုပ်တို့၏ ကြီးမားသည့် စစ်တပ်ကြီးများကို ဗလမင်းထင်ဦးစီးသည့် မြန်မာတပ်မ တစ်ခုမှ အံအားသင့်ဖွယ် အနိုင်ယူခဲ့သည်)
  • ဘကြီးတော်လက်ထက် အင်္ဂလိပ်မြန်မာပထမစစ်ပွဲတွင် စစ်သူကြီး မဟာဗန္ဒုလ၏ ပန်းဝါတိုက်ပွဲ၊(ပန်းဝါတိုက်ပွဲတွင် မြန်မာတပ်များ ထက် အင်္ဂလိပ်တပ်များ လက်နက်သာသော်လည်း မြန်မာတို့၏ သေနင်္ဂဗျူဟာကြောင့် မြန်မာတပ်များအနိုင်ရခဲ့သည်။)
  • ဗိုလ်ချုပ်မဟာနေမျိုး (အသက် ၈၀ ကျော်)၏ ကြည်မြင်တိုင်ခံတပ်တိုက်ပွဲ၊ (အသက်အရွယ်ကြီးရင့်သော်လည်း စစ်၏ပရိရယ်ကို ပိုင်နိုင်စွာအသုံးချနိုင်ခဲ့သောကြောင့် အင်္ဂလိပ်ရေတပ်မှ ပစ်သော အမြောက်ဆံများ အင်္ဂလိပ်တပ်ပေါ်ပြန်ကျ၍ အင်္ဂလိပ်တပ်များ တပ်လုံးပြုတ်ခဲ့ရသည်)
  • ဗိုလ်ချုပ်မဟာနေမျိုး (အသက် ၈၀ ကျော်)၏ ၀က်ထီကန်တိုက်ပွဲ၊

(ဗိုလ်ချုပ်နေမျိုးသည် မိမိထက် လက်နက်အင်အား၊ လူအင်အားသာလွန်သည့် ရန်သူအင်္ဂလိပ်တပ်များကို ဒူမထောက်၊ လက်မမြှောက်ဘဲ သေသည့်အချိန်ထိ ရဲရဲဝံ၀ံအသေခံတိုက်ခိုက်သွားသည်။ ထိုတိုက်ပွဲတွင် အင်္ဂလိပ်တပ်မှ အရာရှိများပါ သေဆုံးသူ၊ ဒါဏ်ရာရသူများနှင့် ပြည့်နှက်ခဲ့ရသည်)

  • တတိယအင်္ဂလိပ် မြန်မာစစ်ပွဲတွင် မင်းလှခံတပ်တိုက်ပွဲတို့သည် မြန်မာတို့၏စစ်ပညာ၊ မြန်မာတို့၏သူရသတ္တိကို မှတ်ကျောက်တင်ပေးခဲ့သည့် စစ်ပွဲများဖြစ်သည်။

စစ်ပညာသည် စစ်ကိုအောင်နိုင်စွာ တိုက်ခိုက်နိုင်ရန် လိုက်နာကျင့်သုံးရသော စစ်တိုက်နည်းများနှင့် စစ်သဘောတရားများ ဖြစ်သည်။ ယခုခေတ်တွင် စစ်ပညာကို လေ့လာဆည်းပူးရာ၌-

  1. စစ်ဦးဆောင်ညွှန်ကြားရေး
  2. စစ်ဆင်ယင်ရေး(စစ်ပရိယာယ်)
  3. တိုက်ပွဲခင်းကျင်းရေး(သေနင်္ဂဗျူဟာ)
  4. စစ်ဖွဲ့စည်း အုပ်ချုပ်ရေး ဟူ၍ ပိုင်းခြားကာ လေ့လာဆည်းပူးရသည်။

မြန်မာ့ စစ်ပညာတွင် စစ်တိုက်ခိုက်နည်းမှာ အခြေခံအပိုင်းဖြစ်သည့် စစ်အစီအရင် (၇)ပါး ဖြစ်သည်။ ထိုစစ်အစီအရင် (၇)ပါးမှ တဆင့် ဖြာထွက်လာသော သရုပ်သကန်များဖြစ်သည်။

စစ်အစီအရင် (၇)ပါး

  1. စစ်အင်္ဂါ(၇)ပါး (သေနင်္ဂ)
  2. စစ်ချီခြင်း(၄)ပါး (သေနာဂတိ)
  3. စစ်ကပ်ခြင်း(၂)ပါး (သေနုပဂ)
  4. စစ်ထိုးခြင်း(၆)ပါး (သေနာယုဒ္ဓ)
  5. စစ်ခံခြင်း(၆)ပါး (သေနာပဋိဂ္ဂဟ)
  6. စစ်ဖျက်ခြင်း(၆)ပါး (သေနာဗေဒ)
  7. စစ်ပြန်ခြင်း(၃)ပါး (သေနာနိဝတ္တန)

စစ်အင်္ဂါ(၇)ပါး

စစ်အစီအရင် (၇)ပါး မှ စစ်အင်္ဂါ(၇)ပါးသည် စစ်စတင်တိုက်သည် ဆိုသည်နှင့် သုံးစွဲကိုင်တွယ်ရသည့် အချက်အလက်များ ဖြစ်သည်။

  1. စစ်ဖျား စစ်လျင်
  2. စစ်၏ ရင်ဝ
  3. စစ်၏ ပခုံး
  4. စစ်၏ နံပါး
  5. စစ်၏ ၀မ်း
  6. စစ်၏ ကျောက်ကုန်း(ကျောကုန်း)
  7. စစ်ခံတပ် တို့ဖြစ်သည်။

စစ်ချီခြင်း(၄)ပါး

  1. စစ်ဗျား၊ စစ်လယ်၊ စစ်နောက်အညီအမျှချီခြင်း (သမဒဏ္ဍဗျူဟာ)
  2. ပြာသာဒ်ဆောင်ပေါက်သကဲ့သို့ အထပ်ထပ် နောက်အားကြီး၍ချီခြင်း၊ (ပါသာဒိကဗျူဟာ)
  3. ပန်းပုံတောင်းကဲ့သို့ စစ်ဖျားကြီး၍ နောက်စစ် တရွေ့ရွေ့ ချီခြင်း၊ (စင်္ကောဋက ဗျူဟာ)
  4. မရိုးစည်ကဲ့သို့ စစ်ရင်း စစ်ဖျားသေး၍ စစ်လယ်အားကြီးကြီးချီခြင်း။ (ဒိင်္ဂဗျူဟာ)

စစ်ကပ်ခြင်း(၂)ပါး

  1. နေမင်းပုံစစ်ကပ်ခြင်း။ (ပတင်္ကရဗျူဟာ) နေမင်းကဲ့သို့ ကြယ်နက္ခတ်ခြံရံမရံဘဲ မင်းတပ်က ရှေ့ မှာနေ၊ နောက်မှ အခြားစစ်တပ်များ လိုက်ပါရသည်။
  2. လမင်းပုံ စစ်ကပ်ခြင်း။ (စန္ဒကဗျူဟာ) လမင်းကို ကြယ်နက္ခတ်များ ၀န်းရံထားသကဲ့သို့ မင်းတပ်ကို အလယ်မှာထားကာ အခြားတပ်များဝန်းရံပြီးလိုက်ခြင်း။

စစ်ထိုးခြင်း(၆)ပါး

  1. ဒိဇာဒိပဗျူဟာ- ဂဠုန်တောင်ဖြန့်သကဲ့သို့ စစ်ဆင်စစ်ထိုးနည်း၊
  2. ၀ါရိဝေဂဗျူဟာ- ရေအယဉ်စီးဆင်းသကဲ့သို့ စစ်ဖြန့်ကာ နောက်မဆုတ်ဘဲ စစ်ထိုးနည်း၊
  3. ဥသဘဗျူဟာ- နွားလားဥသဘကဲ့သို့ အော်ဟစ်ခြိမ်းချောက်ကာ ဟန်ရေးပြ၍ အပြင်းအထန် စစ်ထိုးနည်း၊
  4. ဓနုက ဗျူဟာ- တင်ထားသော လေးညှို့ကဲ့သို့ ပစောက် လရေး ကွေးပုံ စစ်ထိုးနည်း၊
  5. မကာရဗျူဟာ- မကာရ်းကွက်ကဲ့သို့ အထပ်ထပ် စစ်ထိုးနည်း၊
  6. ဘုဇဗျူဟာ- မြွေတွားသကဲ့သို့ ကောက်တကျစ် စစ်ထိုးနည်း။

စစ်ခံခြင်း(၆)ပါး

  1. နဒီစရဗျူဟာ- ရင်ပေါင်တန်း၍ တံတားပမာခံခြင်း၊
  2. ၀ိစ္ဆိကဗျူဟာ- ကင်းမြီးကောက်လက်သကဲ့သို့အလယ်ပင်းစေပြီးလျှင် ၀ဲယာထောင်၍ခံခြင်း၊
  3. သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ ၀ဲယာထား၍ ရှေ့တပ်လွန်ခံခြင်း၊
  4. မဓုဝတ္တနဗျူဟာ- ပျားအုံကဲ့သို့ တ၀န်းတစုတည်းခံခြင်း၊
  5. စင်္ကပါဒဗျူဟာ- ကျီးခြေကဲ့သို့ရှေ့ ၃-တပ်၊ နောက် ၁-တပ်၊ အလယ်၌ မင်းစစ်သူကြီးနေ၍ ခံခြင်း၊
  6. ဥဒ္ဓနဗျူဟာ- ခုံလောက်ကဲ့သို့ ၃-တပ် ဆိုင်ခံခြင်း။

စစ်ပြန်ခြင်း(၃)ပါး

  1. အဂ္ဂိ ဇာလ ဗျူဟာ မီးတောက်မီးလျှံကဲ့သို့ ထင်ထင်ရှားရှား ၀ါးမျိုဖျက်ဆီး၍ ဆုတ်ပြန်ခြင်း၊
  2. အမာဝါသီ ဗျူဟာ- လကွယ်သကဲ့သို့ မသိမသာဆုတ်ပြန်ခြင်း၊
  3. သီဟဂတိ ဗျူဟာ-ခြင်္သေ့သွားသကဲ့သို့ ရဲရဲတင်းတင်း ရှေ့တက် နောက်ဆုတ်ပြန်ခြင်း၊
  4. သတ္ထနာဒိ ဗျူဟာ လက်နက်သံပေးဟစ်ကြွေးကြိမ်းမောင်း၍ ပြန်ခြင်း၊
  5. မဂ္ဂဆိန္န ဗျူဟာ- လမ်း တံတားတို့ကို ဖျက်၍ပြန်ခြင်း၊
  6. စိရတ္တ ဗျူဟာ- ကြာမြင့် ဖြေးနှေးစွာနေ၍ပြန်ခြင်း။

အက္ခောဘိဏီမျိုးငါးပါး

အက္ခောဘိဏီတပ်ဖွဲ့ပုံ အမျိုးမျိုးရှိ၏။ ထိုအနက် ငါးပါးတို့ကိုသာဖေါ်ပြပေအံ့။

(၁) သီဟိုဠ်ကျွန်း၌ ဒုဋ္ဌဂါမဏိမင်းကြီးလက်ထက် (ဓမ္မိလ-တမယ်လ်) ကျေးလူမျိုးတို့စစ်တိုက်ရာ ချီတက်သော အက္ခောဘိဏီတပ်မှာ မဟာဝင်ဋီကာအရ တိုက်ဆင် တစ်ကုဋေ၊ ရထားဆယ်ကုဋေ၊ မြင်းပေါင်း ကုဋေတစ်ရာ၊ လေးပစ်လေးဆွဲသူရဲ ကုဋေနှစ်ရာ၊ စစ်သည်လူ ကုဋေတစ်သောင်းလေးထောင်၊ စုစုပေါင်း တစ်သောင်း လေးထောင့်သုံးရာ တစ်ဆယ့်တစ်ကုဋေရှိ၏။

(၂) မဟောသဓတို့စစ်ချီတက်စဉ်၌ အက္ခောဘိဏီတပ် တစ်တပ်ဟူသည်မှာ ၀ါးလုံးခြောက်ဆယ်တစ်စည်းကိုချထားရာ စစ်အင်္ဂါလေးပါးတို့နင်းသွား၍ မြူမှုန်ဖြစ်လျှင် တစ်ဖန်ဝါးအလုံးခြောက်ဆယ်တစ်စည်းကို ချပြန်၏၊ ဤသို့နင်းသွားခြင်းဖြင့် ၀ါးအလုံးခြောက်ဆယ်အစည်းပေါင်းခြောက်ဆယ် ဖုတ်မြူမှုန့်ဖြစ်အောင် များပြားသော စစ်အင်္ဂါလေးပါး အရေအတွက်ကိုဆို၏။

(၃) ပုဂံမင်းဆက် ၅၀-မြောက် သက္ကရာဇ် ၅၉၆-ခုနှစ်တွင်နန်းတက်သော ဓမ္မရာဇာဘွဲ့ခံ ကျစွာမင်းကြီးလက်ထက် လောကီသင်္သကရိုဋ်သဒ္ဒါကျမ်းများနှင့် သဗ္ဗညုဘုရားဟောပါဌဇာတ် ပါဠိတော်၎င်းအဋ္ဌကထာ သုတ္တန်ဝိနည်း အဘိဓမ္မာ ပါဠိတော်အဋ္ဌကထာ ဋီကာများမှလာရှိသည့် ပြယုဂ်အဓိပ္ပါယ်များကိုပါ ထုတ်ဆောင်ညှိနှိုင်းပြီးလျှင် ရေးသားစီရင်တော်မူခဲ့သော သဒ္ဒနီတိကျမ်းဆရာ အရှင်အဂ္ဂ၀ံသထေရ်မြတ်သည်

န၀ နာဂ သဟဿာနိ နာဂေ နာဂေ သတံ ရထာ။

ရထေ ရထေ သတံ အဿာ အေဿ အေဿ သတံ နရာ။

နရေ နရေ သတံ ကညာ ဧကေကိဿံ သတိတ္ထိယော။

ဧသာ အက္ခောဘိဏီနာမ ပုဗ္ဗာစရိယေဟိ ဘာသိတာ

ဟု ၎င်းသဒ္ဒါနီတိကျမ်း၌ အက္ခေဘိဏီယူပုံကိုပြဆိုသည်။

အဓိပ္ပါယ်မှာ ဆင်ပေါက်ကြီး ကိုးထောင်၊ ရထားကိုးသိန်း၊ မြင်းကိုးကုဋေ၊ ခြေသည်သူရဲကုဋေကိုးရာ၊ သမီးကညာ ကုဋေ ကိုးသောင်း၊ မိန်းမ ကုဋေကိုးသန်း ဤအရေအတွက်ကို အက္ခောဘိဏီဟု ရှေးဆရာတို့မိန့်ဆိုကုန်၏။

(၄) အမရကောသ အဘိဓာန် ဋီကာတို့၌ကား။ ဆင်- ၂၁၈၇၀။ ရထား-၂၁၈၇၀။ မြင်း- ၆၅၆၀၀။ ခြေသည်-၁၀၉၃၅၀။ ပေါင်း ၂၁၈၇၀၀-သည် အက္ခောဘိဏီ သေနာဗျူဟာ မည်၏ ဟုဆို၏။

(၅) မကြာမီခေတ်၌ကား ဆုတ်ကပ်ဖြစ်၍ လူတို့အသက်တို ဦးရေနည်းပါးသောကြောင့် အက္ခောဘိဏီတပ်ဖွဲ့ရာ အရေအတွက်အလွန်နည်းပါးလေသည်။ ၎င်းပြင် ဆင် နည်းပါးသောကြောင့် စစ်အင်္ဂါလေးပါး ပြည့်စုံအောင်ပင် တပ်မစည်းကြပ်နိုင်ချေ။

1 comment:

  1. ကျေးဇူးဗျို့  ကျနော်သိချင်တာတွေ တော်တော်သိလိုက်ရပါတယ် ။ :)

    ReplyDelete

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။