ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Sunday, January 11, 2009

EIGHT LIES OF A MOTHER (သို့) မေမေပြောတဲ့ အဖြူရောင် မုသားမျာ

၁။ ကျနော်ကလေးဘ၀ကတည်းက ဇာတ်လမ်းလေးတစ်ပုဒ် စခဲ့တာပါ။ ကျနော်က ဆင်းရဲနွမ်းပါးတဲ့ မိသားစုက ပေါက်ဖွားလာရသူ တစ်ဦးလေ။ စားရေးသောက်ရေးက အစကို ချို့ တဲ့ ခဲ့တာပါ။ တခါတလေဆို စားစရာတောင် မရှိတဲ့ ဘ၀ပေါ့။ ဒါပေမဲ့ ထမင်းစားချိန်ရောက် လာပြီ ဆိုရင် အမေက သူဖို့ဖယ်ထားတဲ့ ဝေပုံကျထမင်းတွေကို ကျနော့် ပန်းကန်ထဲ ထည့်ပေးပါလေရော။ ပြီးတော့ ထမင်းတွေ ခူးပြီးထည့်ပေးနေတုန်း အမေက ပြောသေးတယ်။ “ငါ့သား အကုန်သာ စားနော်။ အမေ မဆာသေးပါဘူးကွယ်” တဲ့။ မေမေရဲ့ ပထမဆုံး မုသားတွေပေါ့ဗျာ။

၂။ ကျနော် နည်းနည်း အရွယ်လေးရောက်လာတော့ စိတ်ဓာတ်ကြံ့ခိုင်လွန်းတဲ့ မေမေက အချိန်အားတာနဲ့ အိမ်နားက စမ်းချောင်းလေးထဲသွားပြီး ငါးမျှားလေးရှိတယ်။ အမေတွေးတာက ဒီလိုဗျ။ ငါးရှာလို့သာရရင် ကျနော့်ကိုယ်ခန္ဓာ ကြီးထွားသန်မာမှုရှိဖို့ အာဟာရပြည့်ဝတဲ့ သားလေး ငါးလေးကျွေးနိုင်မယ်ပေါ့ဆိုတဲ့ အတွေးနဲ့လေ။ မျှားလို့ရတဲ့ ငါးတွေကို အိမ်ရောက်တာနဲ့ ငါးပေါင်းဟင်းချို ချက်ပြီး ကျနော့်ကို တိုက်တတ်ပါတယ်။ ကျနော်ကလည်း ခံတွင်းတွေ့မိပါရဲ့ ဗျာ။ စားရခဲ တာကိုးနော်။

ကျနော် ဟင်းချိုသောက်နေပြီဆိုရင် အမေက ဘေးမှာထိုင်စောင့်နေတတ်ပြီး ကျနော် စားပြီးသား ကျန်တဲ့ ငါးရိုးတွေပေါ်က ကျန်ကောင်းကျန်ရာ အသားမျဉ်းတွေကို ကုပ်ခြစ်ကပ်လို့ ရသလောက် စားနေတတ်တယ်လေ။ အဲဒီလို မြင်ရတိုင်း ကလေးပေမယ့် ကျနော် နှလုံးသားမှာ မချိတင်ကဲဖြစ်မိပါတယ်။ ဒါနဲ့ ကျန်တဲ့ ငါးတစ်ကောင်ကို အမေ့ ပန်းကန်ထဲ တူနဲ့ကိုင်ထည့်ပြီး “စားပါ အမေရယ်” လို့ ပြောမိတယ်။ မေမေက ချက်ချင်း ဆိုသလို လက်နဲ့ ကာလိုက်ပြီး “သားပဲ စားစမ်းပါ ဒီငါးကို….. အမေက ငါးကို စားရတာများပြီး မုန်းလွန်းလို့” လို့ ရယ်ရယ်မောမော ပြောရှာပါတယ်။ ဒါကတော့ မေမေပြောနေကျ ဒုတိယ မုသားစကားလုံးတွေပေါ့။


၃။ ကျနော် အထက်တန်းကျောင်းတက်တုန်းကပေါ့ဗျာ။ အထက်တန်းကျောင်းဆိုတော့ ကျောင်းစရိတ် ကလည်း အရင်ထက်စာရင် ပိုမြင့်လာတယ်။ အမေကလေ… နှစ်လမ်းကျော်မှာ ဖွင့်ထားတဲ့ အပ်ချုပ်ဆိုင်ကြီး က လက်ခွဲအော်ဒါတွေကို လက်ခံယူပြီး သိုးမွေးထိုးလို့ အပိုဝင်ငွေလည်း ရအောင် ကြံဆောင်ပါတယ်။ ဆောင်းရာသီရဲ့ မနက်အစောကြီး တစ်နေ့မှာ ကျနော် နူိုးလာပါတယ်။ အဲဒီအချိန်ထိ အမေက မအိပ်သေးဘူးဗျ။ ဖယောင်းတိုင်မီးလေး မိန်ပျပျအောက်မှာ အားမာန်အပြည့်နဲ့ သိုးမွှေးထိုးနေလေရဲ့ ဗျာ။

ကျနော်လည်း မနေနိုင်တော့ဘဲ “အိပ်တော့လေ အမေရယ်။ မနက်ကျရင်လည်း အလုပ်သွားရအုန်းမယ်။ တော်တော်ညဥ့်နက်နေပြီထင်တယ်” ဆိုတော့ မေမေက အပြုံးမပျက်ဘဲ “အိပ်ပါသားရယ်။ အမေ မပင်ပန်းပါဘူး။ ဒီလောက်တော့ အပျော့ပါတဲ့” ဗျာ။ မေမေပြောတဲ့ တတိယမ္ပိ မုသားစကား ပေါ့နော်။


၎။ ဒီလိုနဲ့ တက္ကသိုလ်ဝင်တုန်း စာမေးပွဲကြီးကလည်း နီးလာပြီပေါ့။ အမေကလေ.. သူအလုပ်လုပ်တဲ့ စက်ရုံကနေ ခွင့်ယူပြီး ကျနော် စာကျက်ရတာ အားရှိအောင် စောင့်ပေးတာဗျ။ ကော်ဖီဖျော်တိုက်လိုက်၊ လက်ဖက်သုပ် သုပ် ကျွေးလိုက်ပေါ့ဗျာ။ ကျနော်လည်း တချို့ ညတွေဆို ညဥ့်နက်တဲ့အထိ စာဖတ်တယ်လေ။ မနက်မိုးလင်းတော့ စာမေးပွဲခန်းမကို သွားတော့လည်း အမေက လိုက်ပို့တာပဲ။ ကျနော် စာမေးပွဲဖြေနေချိန်မှာလည်း ကျောင်းဘေး ဘောလုံးကွင်းထဲက နေပူကျဲကျဲအောက်မှာ ဘုရားဂုဏ်တော်တွေ ရွတ်ပြီး ကျနော့်အတွက် တချိန်လုံး ဆုတောင်းပေးနေတာလည်း ကျနော့် မေမေပဲပေါ့။

စာမေးပွဲကြီး နောက်ဆုံးရက်ရောက်လို့ ကျောင်းလည်း လွှတ်ရော မေမေက အသင့်ကြိုဖျော်လာတဲ့ သံပုရာရည်အေးအေးလေးကို ရေခဲဗူးထဲက ထုတ်တိုက်ပြီး အမှတ်တရ အားပေးရှာတယ်။ “သားလေး ဖြေနိုင်ရဲ့  လား။” ဆိုပြီးလည်း အမောတကော မေးရှာလေရဲ့..

မေမေ ဖျော်ပေးတဲ့ သံပုရည် ခပ်ပျစ်ပျစ်က မေမေ့မေတ္တာရဲ့ သိပ်သည်းဆကိုတော့ မမှီနိုင်ဘူးဆိုတာ ကျနော် သိပါတယ်ဗျာ။ ချွေးတွေပြန်နေတဲ့ မျက်နှာနဲ့ စိတ်မော လူမောဖြစ်နေတဲ့ အမေ့ကို ကျနော်က သံပုရာရည်ခွက် ကမ်းပေးပြီး “အမေလည်း သောက်ပါအုန်းဗျာ. သားစားမေးပွဲ ဖြေတာ မေမေပါ မောနေပြီ” ဆိုတော့ အမေကလေ…… “အမယ်လေး ငါ့သားရယ် သားဖာသာ သောက်စမ်းပါ။ အမေ ရေမဆာပါဘူး။ မင်း အမောပြေရင် အမေ ပင်ပန်းရကျိုးနပ်ပါတယ်” တဲ့။ ဒါကတော့ မွေးသမိခင်ကျေးဇူးရှင်ရဲ့  စတုတ္တမြောက် မုသားစကားပါပဲလေ။


၅။ ဒီကြားထဲ အဖေက လတ်တလော ရောဂါနဲ့ ကောက်ကာ ငင်ကာ ဆုံးပါလေရောဗျာ။ အထီးကျန်သွားတဲ့ အမေဟာ အိမ်ထောင်ဦးစီးနေရာကို ရုတ်တရက် ရောက်သွားပါတော့တယ်။ အရင်က စက်ရုံအလုပ်ကို တစ်ဖက်က ဆက်လုပ်ရင်း ကျနော်တို့ ကျောင်းစရိတ်အတွက်လည်း အမေ့မှာ တစ်ယောက်တည်း ရှာကြံရပါတယ်။ ကျနော်တို့ မိသားစုလည်း ပိုပြီး ဆင်းရဲကျပ်တည်းလာတော့တာပေါ့။ အဖေ့ ၀င်ငွေမှ မရှိတော့တာကိုး။ ငွေရေးကြေးရေးကြောင့် စိတ်မညစ်ရတဲ့ နေ့ကို မရှိတော့ဘူး။ အခြေအနေယိုယွင်းလာတဲ့ ကျနော်တို့ မိသားစု အခြေအနေကို သိလို့ အိမ်နားမှာ နေတဲ့ အဖေ့ညီ တစ်ဝမ်းကွဲ လူပျိုကြီးတစ်ယောက်က အိမ်မှာ အရေးပေါ်တိုင်း လာကူညီတတ်ပါတယ်။ ကံဆိုးမိုးမှောင်ကျနေတဲ့ ကျနော်တို့ မိသားစု အခြေအနေကို ကရုဏာသက်နေကြတဲ့ အိမ်နီးနားချင်းတွေက အမေ့ကို နောက်အိမ်ထောင်ပြုဖို့ တစ်ပင်လဲမူ တစ်ပင်ထူဖို့ နားချကြတယ်။ ခေါင်းမာတတ်တဲ့ အမေက သူတို့ ဘာပြောပြာ ဂရုလည်း မစိုက်ဘူး။ နားလည် မယောင်ခဲ့ဘူး။ “ကျမဘ၀မှာ သားသမီးတွေရှိရင် ပြည့်စုံနေပါပြီ။ နားခိုစရာ အရိပ်သစ် မလိုပါဘူးရှင်” တဲ့… အမေပြောခဲ့တဲ့ ပဉ္စမမြောက် မုသားဆိုတာ သားတို့ ရင်ထဲက မြင်နေခဲ့ပါတယ်။

၆။ ကျနော် ဘွဲ့ရပြီးပြီးချင်း လုပ်ငန်းခွင်ဝင်တော့ အမေလည်း သက်ပြည့်ပြည့်စင်ယူဖို့ အချိန်ကျနေပါပြီ။

အလုပ်က ပင်စင်ယူခဲ့တဲ့ အမေဟာ အနားတော့ မယူခဲ့ပါဘူး။ မနက်တိုင်း အိမ်နားက ဈေးလေးမှာ ဟင်းသီးဟင်းရွက်တွေ လက်လီယူရောင်းပြီး အိမ်စရိတ်ကို ကာမိစေခဲ့ပါတယ်။ တနယ်တကျေးမှာ အလုပ်လုပ်နေရတဲ့ သားဖြစ်သူ ကျနော်က လတိုင်းရတဲ့ လခထဲက အမေ့ဆီကို ပိုက်ဆံ မှန်မှန်ပို့ပေးဖို့ ကြိုးစားပေမဲ့ မေမေက လုံးဝ လက်မခံ အထောက်အပံ့မယူခဲ့ရှာဘူးဗျာ။ တခါတလေ ကျနော့်ဆီတောင် လက်ဖက်ရည်ဖိုးဆိုပြီး ပိုက်ဆံ ပြန်ပို့ရင် ပို့သေးတာ…မေမေက ပြောလိုက်သေးတယ်။ “သားရယ်.. မေမေစုထားတဲ့ ပိုက်ဆံတွေ ရှိပါသေးတယ်” တဲ့။ မေမေကတော့ ဆဌမမြောက် မုသားကို ပြော လိုက်ပြန်ပြီ ပေါ့နော်။


၇။ ရိုးရိုးဘွဲ့နဲ့ မတင်းတိမ်သေးတဲ့ ကျနော်.. ဘွဲ့လွန်တက်ဖို့ ကြိုးစားပြန်ပါတယ်။ ဘွဲ့လွန်တက်ဖို့ ကျတော့ ကျနော့် လုပ်ရည်ကိုင်ရည်ရယ်၊ အတွေ့အကြုံရယ်ကြောင့် နာမည်ကြီး တက္ကသိုလ်တစ်ခုက ပညာသင်ဆုကို လျှောက်ထားရရှိခဲ့ပါတယ်။ ဘွဲ့လွန်လည်း ရရော… ကျနော့်ကို အလုပ်တန်းခန့်ချင်တဲ့ ကုမ္ပဏီတွေ များမှ များပေါ့။ ရတဲ့ လစာကလည်း မြင့်တော့ ကျနော်အလုပ်လုပ်တဲ့ ရွှေမြို့ တော်ကြီးဆီ အမေ့ကို အလည်ခေါ်ဖို့ စီစဉ်ပါ တော့တယ်။ သားဖြစ်သူကို အလုပ်မရှုပ်စေချင်တဲ့ မေမေက “အမယ်လေး သားရယ်… မင်းတို့ မြို့ ကြီး ပြကြီးမှာ အမေ မနေတတ်ပါဘူး။ မျက်စိရှုပ် နားရှုပ်ပါဘိသနဲ့” တဲ့။ မေမေပြောတဲ့ သတ္တမမြောက်မုသား ဆိုတာ သားသိပါတယ်ဗျာ။

၈။ ဇရာကထောင်း ခန္ဓာပြောင်းချိန် တန်လာတဲ့ အမေ့မှာ ကင်ဆာရောဂါဆိုတဲ့ ဝေဒနာဆိုးကြီး စွဲကပ်လာပါတယ်။ ဒါနဲ့ မေမေ ဆေးရုံတင်ထားရပြီဆိုတဲ့ သတင်းကို ကြားကြားချင်း မိုင်ပေါင်းများစွာ ဝေး ကွာတဲ့နေရာကနေ မေမေ့ခြေရင်းဆီကို ကျနော် အလျှင်အမြန် အရောက်လာခဲ့ပါပြီ။ ခွဲစိတ်ခန်းထဲက ထွက်လာခါစ အမေဟာ ခုတင်ပေါ်မှာ အားအင်ဆုတ်ယုတ်စွာနဲ့ လဲလျောင်း အနားယူနေပါပြီလေ။ ဝေဒနာနဲ့ ဇရာကြောင့် အိုမင်းမစွမ်းဖြစ်နေရှာတဲ့ မေမေ… ညည်းတွားသံလေးပြု.. ကျနော့်ကို ကြည့်လို့ ယဲ့ယဲ့လေး ပြုံးပြနေရှာပါတယ်။ မေမေ့ ရောဂါ အခြေအနေကလည်း တော်တော်သည်းနေပုံပါပဲ။ ရောဂါက မေမေ့ ကိုယ်ခန္ဓာကို ၀ါးမျိုထားလိုက်တာ… တကယ့်ကို အားအင်ချည်နဲ့ပြီး အရိုးပေါ် အရေတင်ပါပဲဗျာ။ အမေ့ကို ကြည့်ရင်းနဲ့ ကျနော့် ရင်ထဲမှာ မချိအောင် ခံစားရတယ်။ ကျနော် မျက်ဝန်းထဲက မျက်ရည်တွေဆိုတာ ပါးပြင်ပေါ်မှာ မိုးရွာထားသလို တပေါက်ပေါက်နဲ့ပေါ့။ ဒီလို အခြေအနေမျိုး အမေ့ကို တွေ့လိုက်ရတော့ ကျနော့် နှလုံးသားဟာ ရှာမီးခဲလောင်နေသလို တမြေ့မြေ့ ပူဆွေးသောကရောက်ရတယ်။ တရားသဘောကိုလည်း မရှုနိုင်တော့ဘူး။ အမေကလေ… ကျန်ရှိနေသရွေ့ ခွန်အားလေးတွေကို စုပြီး တိုးတိုးလေး ပြောလိုက်တာက… “မငိုပါနဲ့ ငါ့သားရယ်.. အမေ မနာပါဘူး။ ဘာမှ မဖြစ်ဘူး” တဲ့ လေ။

အဌမမြောက်နဲ့ နောက်ဆုံးမုသားကို ပြောပြီးနောက်မှာ မေမေ့ မျက်လုံးတွေ ထာဝရကို မှိတ်သွားပါတော့တယ်ဗျာ။


...
ဒီစာလေးကိုသူငယ်ချင်းတစ်ယောက်အီးမေးကနေပို့ထားတဲ့စာလေးပါ....
သိပြီးသားလဲဖြစ်မှာပါ..ဒါပေမယ်ပြန်တင်ပေးလိုက်ပါတယ်....

ဒေါင်းမင်း

No comments:

Post a Comment

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။