ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Saturday, February 7, 2009

ထိုင်းနိုင်ငံရောက် အမှတ်တရ ဖြစ်ရပ်များ။(၁)

ဤအမှတ်တရဖြစ်ရပ်များသည်ကျွန်တော်၏ဆရာတော်ဦးဇင်း ဦးပဏ္ဍိတ -ဂန္ထလုလင်(ဘိုကလေး)
၏အတွေ့အကြုံကိုေ၇းသားခြင်းဖြစ်ပါသည်။ဆရာတော်၏ခွင့်ပြုချက်ဖြင့်ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံရောက် အမှတ်တရ ဖြစ်ရပ်များ။
ရည်ရွယ်ချက်။ ။
စာရေးသူသည် (၂၀၀၅) ခုနှစ်မှစ၍ နိုင်ငံခြား ခရီးစဉ်များကို စတင်ခဲ့ရာ စင်္ကာ ပူ၊မလေးရှား၊ထိုင်း၊လာအို စသောနိုင်ငံများသို့ ကြွရောက်ဖြစ်ခဲ့ပါသည်။ထိုနိုင်ငံများအ နက်မှ ယိုးဒယားခေါ် ထိုင်းနိုင်ငံတွင် နေထိုင်
မှုကြာမြင့်ခဲပါသည်။ယင်းသို့ ကြာမြင့်သည့် အလျောက် ကြုံတွေ့ခဲ့ရသော အမှတ်တရဖြစ်ရပ် များကလည်း အတော်အတန် များ ပြားခဲ့ပါသည်။ အချို့ဝမ်းသာစရာများ၊ အချို့စိတ်မကောင်းဝမ်းနည်းစရာများ၊အချို့ သင် ခန်းစာယူစရာများ၊ အချို့အတုယူလိုက်နာစရာများ၊အချို့ရယ်ရွှင်ဖွယ်ရာဖြစ်ရပ်များ စ သည်ဖြင့် အမျိုးစုံလင်
လှပါသည်။ ယင်းသို့သော အမှတ်တရဖြစ်ရပ်များကို မြန်မာပြည်တွင်းကသီတင်းသုံးဖော်များ ၊ မိတ်ဆွေဒကာ
ဒကာမများထံ မျှဝေရန် နှင့် ထိုင်းနိုင်ငံတွင်းက ပါဝင်ဆက်စပ်ခဲ့သူဒကာ ဒကာမများ အတွက်အမှတ်တရ
ဖြစ်စေရန် စိတ်ကူးမိသောကြောင့် ဤထိုင်းနိုင်ငံရောက် အမှတ်ရဖြစ်ရပ်များစာအုပ်ကို ရေးသားရခြင်းဖြစ်
ပါသည်။

ကျုံဖော်ရဲနှင့် ကြုံတွေ့ ရခြင်း။
စာရေးသူသည် (၂၀၀၅)ဒီဇင်ဘာလမှစ၍ မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ စတင် ထွက်ခွါ လာခဲ့ပါသည်။
စာရေးသူနှင့်အတူ စမ်းချောင်းမြို့နယ် ဥယျာဉ်တိုက် ရွှေဘို ကျောင်းမှ ဆရာတော် ဦးမနောရမ္မ၊ ထားဝယ်မြို့ ဆင်ဖြူတော်ကျောင်းမှ ဆရာတော် ဦးဝရသာမိ၊တို့လည်း အတူလိုက်ပါလာခဲ့ကြပါသည်။စင်္ကာပူမှ မလေးရှား ထိုမှတဆင့် ထိုင်းနိုင်ငံသို့ ကုန်းလမ်းခရီးဖြင့် ပင်ဆက်လက် ထွက်ခွါလာခဲ့ ကြရာ (၂၀၀၆)ခုနှစ် ဇန္န ၀ါရီလတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။

ဆရာတော် ဦးမနောရမ္မ၏ ဆွေမျိုးများရှိရာ နာရာသီဝခရိုင် ခိုလော့တွင်တစ်ပတ် ခန့်၊စူရတ်ဌာနီတွင် တစ်ပတ်ခန့် စီ နေထိုင်ခဲ့ပြီးနောက် ဇန္န၀ါရီလ (၁၇)ရက်နေ့တွင် စူ ရတ်ဌာနီမှ ကျုံဖော်သို့ ဘတ်စ်ကားဖြင့်
ထွက်လာခဲ့ကြပါသည်။နေ့ခင်းသုံးနာရီခန့်တွင် ကျုံဖော်မြို့သို့ရောက်ရှိရာ ဦးမနောရမ္မ၏ ဆွေမျိုးဒကာများက လာရောက်ကြိုဆိုကြပါ သည်။ကျုံဖော်ကားဂိတ်မှ ဆိုင်ကယ်ဖြင့် (၁၅)မိနစ်ခန့် သွားမိသောအခါ ရာဘာတော တစ်နေရာသို့ ရောက်ရှိပြီး ဒကာ၊ဒကာမများနေသော အိမ်နေရာများကိုတွေ့ရပါသည်။

အိမ်နေရာများမှာ သပ်ရပ်ကောင်းမွန်ခြင်းမရှိလှသော်လည်း အိမ်တိုင်းတွင် လျှပ် စစ်မီး အပြည့်အ၀ရရှိခြင်း၊ရေခဲသေတ္တာနှင့် TV အပေါ်စက် အောက်စက်မျာသုံးနိုင်ခြင်း လူတိုင်း မိုဘိုင်းဖုန်းကို ဈေးနှုန်း ချိုသာစွာကိုင်နိုင်ခြင်း စသည်တို့ကိုတွေ့နေရပါသည်။ မိမိတို့လူမျိုး ဘုန်းကြီးများနှင့် မတွေ့ မမြင်ရ၊ စကားမပြောရသည်မှာ ကြာပြီဖြစ်၍ ဒကာ ဒကာမများမှာ ၀မ်းသာအားရဖြင့် စကားတွေ များစွာပြော
ဖြစ်ကြပါသည်။

ညနေ (၆)နာရီခန့်ရောက်သော အခါ ညကျိမ်းစက်ရန်အတွက် နောက်တစ်နေ ရာ သို့ သွားရောက်ရ
မည်ဖြစ်ကြောင်း ဒကာများက ပြောလာပါသည်။ထို့ကြောင့် တစ်ပါး လျှုင်ဆိုင်ကယ် တစ်စီးစီတင်ဆောင်လျှက် ဒကာများက လိုက်ပို့ကြပါသည်။ဆိုင်ကယ် သုံးစီးတွင် စာရေးသူကို တင်ဆောင်လာသော ဆိုင်ကယ်မှာ
နောက်ဆုံးကဖြစ်ပါသည်။ ရှေ့ဆိုင်ကယ်နှစ်စီးတွင် မည်သို့မျှ မထူးခြားသော်လည်း စာရေးသူတို့ဆိုင်ကယ် မောင်း လာ၍ (၅)မိနစ်မျှ ကြာသောအခါ အရပ်ဝတ်ဆိုင်ကယ်ဖြင့် နောက်မှ လူတစ်ယောက် လိုက်လာခဲ့
ပါသည်။မသင်္ကာ၍ နောက်ကိုလှည့်ကြည့်သောအခါ ဆိုင်ကယ်ကိုရပ်တန့် ရန်ပြောနေကြောင်း သိရ၍ ရပ်ပေးလိုက်ပါသည်။

၎င်း ပြောသောစကားကို နားမလည်သော်လည်း အမူအရာကိုကြည့်၍ ထိုင်းဘာသာ ဖြင့် ဘတ် ဟုခေါ်သော မှတ်ပုံတင်ရှိမရှိ စစ်ဆေးနေကြောင်း သိလိုက်ရပါသည်။စာရေး သူလည်း ပါလာသော ပတ်စပို့ကိုထုတ်ပြပြီး ထိုင်းနိုင်ငံသို့ စတင်ဝင်ရောက်လာသောနေ့ နှင့် နေထိုင်နိုင်သည့် ကာလတို့ကို အင်္ဂလိပ်လိုပြောပြလိုက်ပါသည်။
အင်္ဂလိပ်စကားကို နားလည်ပုံမရသော်လည်းစာရေးသူထုတ်ပြသောအရာသည်တစ်စုံတရာတရားဝင်
မှုရှိလိမ့်မည်ဟု ယူဆသွားဟန်ရှိ၍ မည်သို့မျှမပြောတော့ပဲ သွားခွင့် ပေးလိုက်ပါသည်။ ညအိပ်တည်းခို
ရမည့် အိမ်ပိုင်ရှင် ဒကာမကြီး၏နာမည်မှာ ဒေါ်မေရီဟူ၍ သိရပြီး ၎င်း၏အိမ်မှာတစ်ထပ်တိုက်အိမ်ကလေး
ဖြစ်ကာ အတော်အတန်ကောင်းမွန်ပါသည်။ဒေါ် မေရီသည် ၀၀တုတ်တုတ် အသားဖြူဖြူနှင့် ထားဝယ်
အမျိုးသမီးဖြစ်ပြီး စကားပြောလျှင် အားရပါးရပြောတတ်ပါသည်။သဘောလည်း အလွန်ကောင်းသော ဒကာမကြီးဖြစ်ပါ သည်။မြန်မာ ဘုန်းကြီးများရောက်နေသံ ကြားရ၍ အခြားနီးစပ်ရာ ထားဝယ်ဒကာ ဒ ကာမ
များလည်း လာရောက်ဝတ်ပြု စကားပြောဆိုကြရာ ဒေါ်မေရီ၏ အိမ်ကလေးမှာ လွန်စွာစည်ကားနေပြီး အားလုံး၏မျက်နှာများ၌ ပျော်ရွှင် ၀မ်းသာသော အရိပ်အယောင် များ ပေါ်လွင်လျှက်ရှိပါသည်။

ထိုဝမ်းမြောက်စရာ အသိုက်အ၀န်းလေးသည် ည(ရ)နာရီကျော်ခန့်ရောက်သော အခါစိတ်မကောင်းစရာများနှင့် ရုတ်တရက်ကြုံတွေ့လိုက်ရပါသည်။စာရေးသူတို့ ထိုင် စကားပြောနေစဉ်အတွင်း ဒကာ ဒကာမများက ရုတ်တရက် ၀ုန်းကနဲ မတ်တပ်ရပ်လိုက် ကြပြီး ထွက်ပြေးကြပါသည်။စာရေးသူတို့လည်း အမှတ်တမဲ့ ဘာလုပ်ရမှန်းမသိပဲဆက် လက်ထိုင်မြဲထိုင်နေကြပါသည်။ခဏမျှကြာသော အခါ အရောင်အသွေး ပေါင်းစုံဖြင့် ယူ နီဖောင်းဝတ် ပုဂ္ဂိုလ်များ အိမ်အတွင်းသို့ ၀င်ရောက်လာကြပါသည်။အရောင်အသွေး ပေါင်း စုံဟု ဆိုရခြင်းမှာ ရဲ များအပြင် အခြားမီးသတ်လို၊ပြည်သူ့စစ်လိုပုဂ္ဂိုလ်များလည်း ပါ ၀င်သည်ဟု ခန့်မှန်းမိပါသည်။ အိမ်တွင်းဝင်
လာသောပုဂ္ဂိုလ်များ မှာ စီးထားသောဖိနပ်များကို မချွတ်ကြပဲရဲတင်း စွာဝင်ရောက်လာပြီး ဘတ်စုထိခေါ် မှတ်ပုံတင်ကို မေးပါသည်။

စာရေးသူက မင်းတို့လာတဲ့ အဖွဲ့ထဲမှာ အင်္ဂလိပ်လိုပြောတတ်သူပါသလားဟု မေးလိုက်ပါသည်။ရဲတစ်ယောက်
က ၎င်း အင်္ဂလိပ်လိုပြောတတ်ကြောင်း ပြန်ပြောပါသည်။ ဤသို့ဖြင့် စာရေးသူတို့ လည်း ပတ်စပို့ စာအုပ်များကို ထုတ်ပြလိုက်ပါသည်။ထိုင်းနိုင်ငံ တွင်းသို့ဝင်လာသောနေ့ နှင့် နေခွင့်ရှိသော ရက်အပိုင်းအခြားတို့ကိုလည်း ပြောပြလိုက်ပါသည်။သူတို့လူမျိုး တစ်ယောက်ယောက် က လာရောက်တိုင်ကြားသည်ဟု စာရေးသူထင်ပါသည် တိုင်ကြားသူကလည်း နားမလည်ပဲ ဗမာလူမျိုးမှန်ရင် ဖမ်းလို့ရနိုင်သည်ဟု အထင်ရှိပုံရပါသည်။ယခုပတ်စပို့များ ထုတ်ပြလိုက်သောအခါ နားလည်သောရဲ အနေ ဖြင့် အရှက်ရစရာကိစ္စဖြစ်သွားပါသည်။၎င်းတို့ အနေဖြင့် မြန်မာဘုန်းကြီးသုံးပါးကို ဖမ်း ဆီးနိုင်လျှင် မြန်မာ ဒကာများထံက ငွေညှစ်မည် ဟူသောရည်ရွယ်ချက်ဖြင့် အုံနှင့် ကျင်း နှင့် အုပ်စုလိုက်ဝင်၍ ဖမ်းဆီးခြင်းဖြစ်ပါသည်။ဘုန်းကြီးများကို ဖမ်းဆီး၍ မရသောအခါ ရှက်ရမ်း ရမ်းပါတော့သည်။အနီးတွင်ထိုင်နေသော ဒကာများနှင့် ပုန်းအောင်းနေသူများ ကိုလိုက်လံ ရှာဖွေ၍
အလုပ်သမားမှတ်ပုံတင် စစ်ဆေးပါတော့သည်။

အားလုံးနီးပါးမှာ အလုပ်သမားမှတ်ပုံတင်ရှိကြသော်လည်း အိမ်ရှင်ဒေါ်မေရီ၏ အ မျိုးသား ဦးမောင်စိုးနှင့် စူရတ်
ဌာနီမှ မြန်မာပြည်ပြန်ရန်လိုက်လာသော ဆရာတော်ဦးမ နောရမ္မ၏ အစ်ကို ကိုစုကန်းတို့မှာ မှတ်ပုံတင်မရှိ
ဖြစ်နေုပါသည်။ကိုစုကန်းတွင် ဧကစန် ဟုခေါ်သော မှတ်ပုံတင်စာရွက် ပါလာခဲ့သော်လည်း နယ်ကျော်ဘတ် ဖြစ်နေသော ကြောင့် တရားမ၀င်ဖြစ်နေပါသည်။စာရေးသူက အပြင်ဘက်ကိုထွက်၍ လှမ်းကြည့် လိုက်သော
အခါ ခပ်လှမ်းလှမ်းတွင် ၎င်းတို့စီးလာသော ကားကိုတွေ့လိုက်ရပါသည်။ ထိုင်းလူမျိုး အိမ်နီးချင်း အချို့လည်း လာရောက်ကြည့်ရှု နေကြသည်ကို တွေ့နေရပါ သည်။၎င်းတို့အနေဖြင့် ပွဲကြီးပွဲကောင်းတစ်ပွဲဟုလည်း ထင်
်နေပုံရပါသည်။

ရဲများက ကိုစုကန်းတို့နှစ်ယောက်ကို သီးသန့် နေရာခွဲ၍ ထိုင်ခိုင်းလိုက်ပါ သည်။ စာရေးသူက သူတို့နှစ်ယောက် ကို ဘာလုပ်မလဲဟု ရဲတစ်ယေက်ကိုမေးသော အခါ ရဲ စခန်းကိုခေါ်သွားမည်ဟု ပြန်ဖြေပါသည်။စာရေးသူက မင်းတို့လည်းဗုဒ္ဓဘာသာ၊ ငါလည်း ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးပဲ ဘုန်းကြီးတစ်ပါး အနေနဲ့သူတို့ကို မဖမ်းဆီးဖို့ မေတ္တာ ရပ်ခံပါတယ်ဟု ပြောသောအခါ ဥပဒေအတိုင်း ဖမ်းဆီးရမှာပဲဟု ပြန်ပြောပါသည်။

ဒီလိုဆိုရင် မင်းတို့ရဲစခန်းကိုငါလည်းလိုက်မယ် မင်းတို့အရာရှိနှင့်တွေ့မည်ဟု ပြောသောအခါ လိုက်နိုင်ကြောင်း
ပြောပါသည်။ဆရာတော်ဦးမနောရမ္မကလည်း အရှင် ဘုရားပဲ ကြည့်ပြီးစီစဉ်ပါဟု ပြောလေသည်။မူလကစာရေး
သူတစ်ပါးတည်း လိုက်ရန် ရည်ရွယ်သော်လည်း ဒကာများက ကျန်တဲ့ ဆရာတော်နှစ်ပါးကိုလည်း စာရေးသူ
နှင့်အ တူလိုက်ရန် တိုက်တွန်းကြသောကြောင့် ကိုစုကန်းတို့နှင့် သုံးပါးလုံး လိုက်ဖြစ်ကြပါ သည်။ ရဲစခန်းအရာ
ရှိမှာ မူလက ဘုန်းကြီးများ ကိုဖမ်းလာသည်ဟု အထင်ရှိပုံရပါသည် ထို့နောက်မှ ဘုန်းကြီးများမှာ သူ့ကိုတောင်း
ဆိုဖို့ လိုက်လာမှန်းသိရ၍ စိတ်ပျက်သွားပုံ ရပါသည်။

စာရေးသူကလည်း ကိုစုကန်းတို့ကိုလွှတ်ပေးဖို့ အတင်း နားပူနားဆာတိုက် တောင်းဆိုလိုက်ပါသည်။အရာရှိက
လည်း ခေါင်းမာမာနှင့် ငြင်းပါသည်။ထို့နောက် ပိုက်ဆံ ဘယ်လောက်ပေးရမလဲ မေးသောအခါ နည်းနည်းစိတ်ဝင်စားလာပါသည်။သို့သော် ၎င်း တို့အနေဖြင့် တစ်ယောက်လျှင် ဘယ်လောက်တောင်းရမည်ကို ကြိုတင်စည်းဝါး ကိုက် ထားပုံ မရပဲ ငါးထောင်ပြောလိုက် ခြောက်ထောင်ပြောလိုက်ဖြင့် ဝေခွဲမရဖြစ်နေကြပါသည်။ စာရေးသူတို့
ကလည်း အနည်းဆုံးဈေး ဖြစ်ရန် တောင်းပန်ပြောဆိုရပါသည်။

အိမ်ရှင် ဦးမောင်စိုး၏သား အသက်နှစ်ဆယ်ခန့် အရွယ် မောင်မျိုးလည်း စာရေး သူ တို့နှင့် အတူလိုက်ပါခဲ့ရာ သူက ထိုင်းစကား အနည်းငယ်တတ်သဖြင့် ပိုက်ဆံနည်း နည်းယူဖို့ ၀င်ရောက်ပြောဆိုပါသည်။သို့သော်ထိုင်း
ရဲများက သူ့ကို ဖမ်းလာသော ဦး မောင်စိုး သားမှန်း သိသွားသောအခါ စာရေးသူတို့နှင့် စကားသိပ် မပြော
တော့ပဲ ကျော ပွတ်လိုက် ပုခုန်းဖက်လိုက်ဖြင့် ပိုက်ဆံတွင်တွင်တောင်းပါတော့သည်။ စာရေးသူတို့ ဘုန်းကြီး
များကိုလည်း ပြန်လို့ရပြီဖြစ်ကြောင်း ပြောလာပါသည်။

နောက်ဆုံးတွင် ဘယ်လိုမှ ဈေးဆစ်၍ မရသောအခါ နယ်ကျော်ဘတ်ဖြစ်သော ကို စုကန်းအား ဘတ်(၂၀၀၀)၊ ဘတ်လုံးဝမရှိသော ဦးမောင်စိုးအား ဘတ်(၉၀၀၀)ဖြင့်ရွေး ရန်သဘောတူလိုက်ရပါသည်။သို့သော်ဦးမောင်စိုး
ကို နောက်တစ်နေ့မှ လွှတ်ပေးမည်ဖြစ် ကြောင်းပြောလာပါသည်။စာရေးသူတို့ကဘယ်လိုမှလက်မခံနိုင်ကြောင်း ပြောသောအခါ ညတွင်ချင်း ပိုက်ဆံလာပေးလျှင် လွှတ်ပေးမည်ဖြစ်ကြောင်းပြောပါသည်။စာရေးသူတို့ လည်း ကိုစုကန်းကိုထုတ်ရန် ပိုက်ဆံ နှစ်ထောင်မျှသာပါပြီး ဦမောင်စိုးကို ထုတ်ရန်အ တွက်အလုံလောက်မပါလာခဲ့ပေ။ ထို့ကြောင့် ဦးမောင်စိုးကိုထားခဲ့ပြီး ပြန်ရန်စီစဉ်ရပါ သည်။

ပြန်မည် လုပ်သောအခါ ၎င်းတို့ကားဖြင့် လိုက်မပို့နိုင်ကြောင်း၊ဗမာဒကာများကို သာလာကြိုခိုင်းဖို့ပြောလာ
ပါသည်။စာရေးသူကလည်း ဗမာဒကာများမှာ လာကြိုစရာ ကားမရှိကြောင်း လိုက်မပို့ဘူးဆိုလျှင် လုံးဝမပြန်ဘဲ ရဲစခန်း၌ပင်ညအိပ်မည်ဖြစ်ကြောင်း ပြန်ပြောလိုက်ပါသည်။အရာရှိလည်း စိတ်ညစ်သွားဟန်ဖြင့်၎င်းလက်
အောက်က ရဲတစ် ယောက်ကို လိုက်ပို့ရန်စေခိုင်းလိုက်ပါသည်။အိမ်ရောက်သောအခါတွင် မောင်မျိုးက ပိုက်ဆံ (၉၀၀၀)ယူ၍ ၎င်း၏ဖခင်ကို ဆိုင်ကယ်ဖြင့် သွားထုတ်ရပါသည်။ဘုန်းကြီးများ ရောဒကာ၊ဒကာမများ ပါ
စိတ်မကောင်းခြင်းများစွာဖြင့် ထိုတညတာကုန်ဆုံးရပါသည်။ ဤ အဖြစ်အပျက်ကိုကြည့်လျှင် ထိုင်းလူမျိုး
တို့သည် မြန်မာတို့အပေါ် လူမျိုးရေး မုန်းတီးစိတ် အခြေခံကိန်းအောင်းလျှက် ယဉ်ကျေးမှုအရ ကြီးနိုင်ငယ်ညှဉ်း စိတ်ဓာတ် ရှိနေပြီး အဆင့် အတန်းမြင့်မားမှု မရှိသေးကြောင်းတွေ့ရနိုင်ပါသည်။

စာရေးသူသည် နောက်ပိုင်းကာလများ၌ ကျုံဖော်ကိုဖြတ်သန်းသွာလာသည့်အခါ လည်းကောင်း၊“ ကျုံဖော် ”
ဟူသော အသံကို ကြားလိုက်ရသည့် အခါလည်းကောင်း အထက်ပါ ဖြစ်ရပ်ကလေး က အတွေးအာရုံအတွင်းသို့ မှတ်မှတ်ရရ ၀င်ရောက်လာလေ့ ရှိပါသည်။ဒကာမကြီး ဒေါ်မေရီ ၊ဦးမောင်စိုး၊မောင်မျိုး၊ ကိုစုကန်းနှင့် အခြားအိမ်နီးခြင်း ဒကာ ဒကာမများကို နောက်ပိုင်းတွင် လုံဝ ပြန်မဆုံဖြစ်တော့ပဲ သတိရလျှက် ရှိနေပါ တော့သည်။ှ
.................................................
ဆက်ရန်ရှိသည်။ ။
ဦးဇင်း ဦးပဏ္ဍိတ -ဂန္ထလုလင်(ဘိုကလေး)

5 comments:

  1. အဲလိုကြီးလူမျိုးခွဲခြားတာလား... မကောင်းလိုက်တာနော်.. ထိုင်းကိုယောင်လို့တောင်မသွားတော့ဘူး...

    ReplyDelete
  2. ထိုင်းကတော့ အဲလိုပဲလို့ကြားတယ် ရောက်တော့မရောက်ဘူးပါဘူး ဒါပေမယ့် ပို့စ်ကိုဖတ်ပြီးသွားမယ့်လူတွေကိုလည်း ပြောပြရတာပေါ.ရှင်

    ReplyDelete
  3. အမှန်ထိုင်းတွေက..ဟိုးအရင်မြန်မာတွေသူတို့ကိုသိမ်းပိုက်ထားတုန်းက
    အလောင်းမင်းတရားကြီးက.ထိုင်းတွေကိုသတ်ထားတာမနဲ့ဘူးလေ
    ကျိန်စာပါတိုက်ထားတာ..အဲဒါကြောင့်ထိုင်းမှာ..ဘုရားစေတီတွေကို
    ထီးတော်တင်လှိုမရဘူးလေ.ထီးတောင်တင်ရင်မိုးကြိုးပစ်တယ်..
    အဲဒီလိုဖြစ်အောင်အလောင်းမင်းတရားကကျိန်စာတိုက်ထားတာ...
    အဲဒီလိုအမုန်းခံရှိနေတော့..အခုသူတို့သာနေတဲ့အချိန်ဆိုတော့မြန်မာကိုကောင်းကောင်း.ဂလဲ့စားချေနေ
    တာလေ...ဒါပါပဲ..ဒီရန်ကြွေးတွေကဘယ်တော့မှကျေမှာမဟုတ်တော့ပါဘူး.
    မြန်မာပြန်သာတဲ့တနေ့ထိုင်းတွေပြန်ခံရအုံးမှာပါ....ကြည့်နေ..မကြာတော့
    ပါဘူး..

    ReplyDelete
  4. ဟုတ်တယ် အခုဆို ကားမှတ်တိုင်မှာ ရပ်ရင် မြန်မာပုံပေါက်တဲ့ ထိုင်းတောင် မီဘတ် မီဘတ် ( လက်မှတ်ရှိလားလို့ ထိုင်းလို မေးသံ) နဲ့ ခွေးအူသံလို တစာစာ အော်တောင်း နေတယ် အသံညှောင်နာနာနဲ့ ပိုဆိုးတာက ထိုင်းရဲ မဟုတ်ဘူး ရိုးရိုးထိုင်းအပေအစုတ် တွေက မြန်မာဆို အလုပ်သမားပဲဆိုပြီး အနိုင်ကျင့် ငွေညှစ်ချင်လို့ လုပ်ကြံတာတွေ အများကြီးပဲ
    ကျွန်မတို့ ကျောင်းသားတွေနဲ့ တွေ့ရင်တော့ ၀ိုင်းဝိုင်း ကျပ်လွှတ်လိုက်တယ် တစ်ခါအဝေးပြေးဂိတ်က အပြန် အုပ်လိုက်ကြီးကို မေးတော့ မိုက်မိ ဘတ် (မရှိဘူးလို့ ထိုင်းလိုပြောတော့) ဖမ်းတယ်တဲ့ အဲ့တာ ဖမ်းလေလို့ ပြောပြီး သူ့ ကားပေါ် အတင်းတက်ကြတယ် စခန်းလဲရောက်ရော အချူပ်ခန်းထဲ ထည့်ခါနိးမှ ကျောင်းသားကဒ်နဲ့ ပတ်စပို့တွေ ထုတ်ပြတယ် ကျောင်းကို တိုင်မယ် ဘာညာ ၀ူးဝုးဝါးဝါး လုပ်ကြတော့မှ လက်အုပ်ချီပြီး ခေါထိုးတဲ့ ဗျင်းလိုက်ရ မကောင်းရှိတော့မယ်ဆိုပြီး ကျပ်လွှတ်ခဲ့တယ် အဲ့လို ထိုင်းဆိုတာလဲ နံမည်လိုက်အောင်ကို ထိုင်းတာလေ. ရသလောက် အနိုင်ကလဲ ကျင့်ချင်တယ် ကြောက်ကလဲ ကြောက်တယ်

    ReplyDelete
  5. အမှတ်တရလေးတွေ ဖတ်သွားပါတယ်။ အပိုင်း(၂)ကို မျှော်နေမယ်
    မောင်ဒေါင်းမင်းရေ။

    ReplyDelete

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။