ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Thursday, February 12, 2009

ထိုင်းနိုင်ငံရောက် အမှတ်တရ ဖြစ်ရပ်များ(၄)

မဲဆောက်ခရီးစဉ် နှင့် မပြေနိုင်သေးသော သမိုင်းရန်ငြိုး။

စာရေးသူသည် (၂၀၀၆)ခုနှစ် မတ်လတွင် သီတင်းသုံးရာ မဟာချိုင်မြို့ မှ မိတ်ဆွေသူငယ်ချင်းများရှိရာ မဲဆောက်သို့ သွားရောက်ဖြစ်ခဲ့ပါသည်။၎င်းခရီးစဉ်အတွက် ဦးစွာ မဟာချိုင်းဈေးမှ ဘန်ကောက်သို့ ထိုင်းနိုင်ငံ
အခေါ်လွတ်သွတ် အင်တာနေရှင်နယ်အခေါ် မိနီဘတ်စ် ကားလေးဖြင့် သွာရခြင်းဖြစ်ပါသည်။ယင်းဘတ်စ်ကား လေးသည် ခရီးသည် ၁၄/၅ ယောက်ခန့် ဆန့် ပြီးထိုင်းဘတ်ငွေ (၆၀)ပေး ရပါသည်။လမ်းခရီးတွင်ရပ်နားသည်
ဟူ၍ မရှိပဲ လွန်စွာမြန်ဆန်ပြီး သက်တောင့် သက်သာရှိလှသောကြောင့် ပေးရသောငွေ နှင့် တန်သည်ဟုပြော
နိုင်ပါသည်။မဟာချိုင်ဈေးမှ မော်ချစ်ကားဂိတ်သို့(၁)နာရီခန့်စီးရပါသည်။

ဘတ်စ်ကားလေး ဂိတ်ဆုံးသောနေရာမှာ ထိုင်းနိုင်ငံ မြောက်ပိုင်းခရီးစဉ်ဘတ် စကားများ ဂိတ်ထိုးရာ မော်ချစ် ကား ဂိတ်ဖြစ်ပါသည်။မော်ချစ် ဘတ်စ်ကားဂိတ်သည် ထွက်ခွါဂိတ်နှင့် ဆိုက်ရောက် ဂိတ် ဟူ၍ နှစ်ဂိတ်ရှိပြီး
လွန်စွာသပ် ရပ် ခမ်းနား ကျယ်ဝန်းသော ကားဂိတ်ကြီးဖြစ်ပါသည်။ကားကြီးများ၊ဆိုင်ခန်း များ ၊စားသောက်ဆိုင်
များဖြင့် လူအလွန်စည်ကားသောကားဂိတ်ကြီးဖြစ်ပါ သည်။စာရေးသူ ရောက်ရှိချိန်သည် ညနေ (၅)နာရီခန့်ဖြစ်
သောကြောင့် ကြို တင်လက်မှတ် ဖြတ်မထားသည့် အတွက် ည (၈)နာရီမှာကားထွက်မည်ဖြစ်ရာ သုံးနာရီခန့် စောင့်ရပါသည်။

ကားစောင့် နေစဉ်အတွင်း သံဃာတော်များ အတွက်သီးသန့် စီစဉ်ထား သောအခန်းလေး အတွင်းတွင် ထိုင်း ရဟန်းတော်များနှင့် အတူ စောင့်နေရပါသည်။စောင့် ဆိုင်း ရသောအလုပ်ကို လွန်စွာ ငြီးငွေ့သော စာရေးသူအ
တွက်သုံးနာရီသည် လွန်စွာ ကြာငြောင်းသော အချိန် ဖြစ်နေပါသည်။ ဗဟုသုတလည်းရအပျင်းလည်းပြေစေ
ရန်သဘောဖြင့် အခန်းလေးထဲမှ ထွက်၍ ကားဂိတ် ၀န်းကြင်တ၀ိုက်လှည့်လည် ကြည့်ရှု ဖြစ်ပါသည်။ခရီးသည်
များ နားနေဆောင်သည် နှစ်ထပ်ဖြစ်ပြီးလွန်စွာ ကျယ် ၀န်း သပ်ရပ်လှပါသည်။အဲယားကွန်းများ တီဗီများလည်း
တပ်ဆင်ထားလျှက် ရှိပါသည်။ နားနေဆောင်အတွင်း လှည့်ပတ်ကြည့်ရှုရင်း ထိုင်းရဟန်းတော်များနှင့်မြန်မာ ရဟန်းတော်များ၏ လွပ်လပ်မှု ကွာခြားပုံကို ကိုယ်တိုင်တွေ့မြင်ခံစားရပါသည်။

မြန်မာ နိုင်ငံဆိုလျှင် ယခုလိုကားစောင့်ရင်း လက်ဖက်ရည်ဆိုင်၊အအေးဆိုင်များတွင် မိမိနှစ်သက်ရာ မှာယူ
ဘုန်းပေးရင်း သုံးနာရီခန့်အချိန်ကို ကုန်မှန်း မသိစေပဲ အေးဆေး လွတ်လပ်စွာစောင့်ဆိုင်းနိုင်ပါသည်။ထိုင်း
ရဟန်းတော်များ နှင့် စာရေးသူတို့လိုထိုင်းနိုင်ငံရောက် နိုင်ငံခြားသား ရဟန်းတော် များမှာထိုင်းနိုင်ငံယဉ်ကျေး
မှုအတိုင်း ဆိုင်များတွင်ထိုင်ခွင့် မရှိ ပဲခပ်ကုတ်ကုတ်သာ နေ နေရပါသည်။စာရေးသူကဲ့သို့ လူကြားတွင်လှည့်
လည်သွားလာနေသည်ကိုပင် သူတို့ ယဉ်ကျေးမှု အရမျက်စိစပါးမွှေးစူးစရာဖြစ်နေပါသည်။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံများအဖြစ် ဘာသာခြင်း တူကြသော်လည်း ဘာသာရေးကိုအခြေခံ
၍ဆင်းသက်လာသော ယဉ် ကျေးမှု များမှာ များစွာ ကွာခြားမှုရှိပါသည်။အထူးသဖြင့် ရဟန်းတော် များ၏
ပညာရေး စနစ်မှ စ၍ သွားလားနေထိုင် ကျင့်သုံး ပုံတို့မှာ တမျိုးစီဖြစ်နေပါသည်။ ထိုအကြောင်းများကို နောင် အလျဉ်းသင့်သောအခါ အကျယ်တ၀င့်ရေးသားမည်ဟု စီစဉ်ထားပါသည်။ ကားဂိတ်တ၀ိုက် လှည့်ပတ်
ငေးမော ကြည့်ရှုရင်းဖြင့် သုံးနာရီခန့်အချိန်ကို ကုန်လွန်စေပြီး ကားထွက်ချိန် (၁၅)မိနစ်အလိုတွင် ဘတ်စ်ကား
ပေါ်သို့တက်ရောက်ထိုင်နေလိုက်ပါသည်။ ကားစပယ်ယာမှာ အမျိုးသမီးဖြစ်နေ၍ကားလက်မှတ်ကို ပြရာတွင် တိုက်ရိုက် လက်ထဲသို့ ပေး ၍ မပြရပဲ ကားလက်မှတ်ကိုတနေရာ၌ တင်ထားပြီးမှ ၎င်း က ယူပြီး ကြည့်ရှုပါ
သည်။ရဟန်းတော်များသည်အမျိုးသမီးများနှင့် တိုက်ရိုက် ပစ္စည်း အပေး အယူမလုပ်ရသော သူတို့ယဉ်ကျေးမှု
အရဖြစ်ပါသည်။

ကားထွက်ချိန်မှာ ည(၈)နာရီအတိအကျ ပင်ဖြစ်ပါသည်။စာရေးသူဘေး တွင်လိုက်ပါလာသော ဒကာမှာ ကား
ထွက်ပြီ်း နာရီဝက်ခန့်ကြာမှ မြန်မာလူမျိုးဖြစ်မှန်း သိရပါသည်။မြန်မာနိုင်ငံဇာတိ ပဲခူး ကဖြစ်၍ ရဟန်း ၀တ်ရန် အတွက် မိခင်က မှာသောကြောင့် မြန်မာပြည်ကို ပြန်မည်ဖြစ်ကြောင်းသိရပါသည်။စာရေးသူသည် မဲဆောက်
ကို ယခင်က မရောက်ဖူး ၍ ၎င်းကိုမေးကြည့် ရာ မနက်မိုးလင်း ၅ နာရီ ၆ နာရီ ခန့် တွင်ရောက်မည်ဖြစ်
ကြောင်းသိရပါသည်။ ကားပေါ်တွင် လိုက်ပါလာရင်း ကျောင်းတွင် ကျန်ခဲ့သော စာရေးသူ၏ သူငယ်ချင်းက ခရီးစဉ် အဆင်ပြေမှုရှိမရှိ ဖုန်းဆက်မေမြန်းပါသည်။စာရေးသူက လည်းအနည်းငယ် စောင့် ရသည်မှာ လွဲ၍ အားလုံး အဆင်ပြေကြောင်း ပြန် ၍ပြောလိုက်ပါသည်။

ထိုသို့ ဖုန်းပြောနေစဉ် စာရေးသူတို့လိုက်ပါလာသောထိုင်ခုန်ရှေ့တွင် ရှိနေသောအသက်(၅၀)ခန့်ထိုင်းအမျိုး
သားတစ်ယောက်က မကျေမနပ် ပုံစံဖြင့် လှည့် ကြည့်ရင်း ဘုန်းကြီးဆိုတာရှေ့မှာထိုင်ရတယ်ဘာလို့နောက်
မှာလာထိုင်ရသလဲဟု လှမ်းပြီးမေးမြန်း ကာ ရန် လုပ်ပါသည်။ စာရေးသူမှာ သူ့စကားနှင့် အမူအရာကို နား
လည်သော်လည်း ထိုင်းစကားကျွမ်းကျင်စွာ ပြန်မပြောတတ်ခြင်းနှင့် စကားနည်းရန်စဲ ဖြစ်စေလိုသောသဘော
ဖြင့် မည်သို့မျှ ပြန်မပြောပဲ ဆိတ်ဆိတ်နေလိုက်ပါ သည်။တကယ်တော့စာရေးသူစီးလာသော ထိုင်ခုန်သည် လက်မှတ်ထဲမှာ ပါ သည့် နံပတ်အတိုင်းစီးလာခြင်းဖြစ်ပါသည်။လက်မှတ် နံပတ်နှင့် မတူသည့် တိုင် ဤကိစ္စ
သည်သူဝင်ပြောရမည့် ကိစ္စမဟုတ်ပေ။ စာရေးသူဖုန်းပြောနေစဉ် အတွင်း မြန်မာစကားပြောသံ ကြားလိုက်
ရ၍ဘုန်းကြီး ကို ဘုန်းကြီးဟူ၍ မမြင်တော့ ပဲ မြန်မာပဲ ဟူသောအမြင်ဖြင့်ရန်လုပ် ဖို့ အစပျိုးနေခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် နေထိုင်ကြသောမြန်မာ လူမျိုး အများစုမှာ တရားမ၀င်နေထိုင်သူ ကများနေခြင်း၊၎င်းတို့နိုင်ငံတွင် အောက်ခြေ အလုပ်သမား မြန်မာလူမျိုးများစွာရှိနေခြင်း၊တခုသော သမိုင်းကာလ တွင် မြန်မာလူမျိုးများက သူတို့လူမျိုးအပေါ်တိုက်ခိုက် အောင် မြင် သိမ်း ပိုက် နိုင်ခဲ့ခြင်း များကြောင့်ထိုင်းလူမျိုးအများစုသည် မိမိတို့ မြန်မာလူမျိုးများ အပေါ် အထင်သေးခြင်းမုန်းတီး ရန်ပြုလိုခြင်းများ ကိန်းအောင်းလျှက်ရှိနေပေသည်။ ထို့
ကြောင့် မြန်မာလူမျိုး များသည် မိမိကိုယ်ကို မြန်မာ ဖြစ်သည်ကိုထင်ရှား စွာ ပြုခြင်း ပြခြင်းများ မရှိလိုတော့ပဲ ယခုလိုကားခရီးစဉ်များတွင် မြန်မာစကားကို မပြောကြတော့ ပဲ ခတ်ကုတ်ကုတ်သာလိုက်ပါလာလေ့ရှိကြပါ
သည်။စာရေးသူသည် ထိုကဲ့သို့ သောသိမ်ငယ်စိတ်နှင့်ခရီးသွားရသည်ကို လုံးဝ လိုလားခြင်း မရှိသောကြောင့် ကိုယ်တိုင်ကလည်း ၎င်းတို့နိုင်ငံကို တရား ၀င်လာခြင်းဖြစ်သောကြောင့် ပြောဆို လုပ်ကိုင် သွားလာစရာရှိသည် ကို ပုံမှန် အတိုင်းသာ ဆောင်ရွက်လျှက်ရှိပါသည်။

ထို့ကြောင့် ပင်လားမသိ စာရေးသူ ထိုင်းနိုင်ငံတွင် နေထိုင်စဉ် ကာလတစ်လျှောက် ပြဿနာများ စွာ ကခဏ ခဏ အလည်ရောက်လာလျှက်ရှိပေသည်။ မိမိကိုယ် ကို နှင့် မိမိလူမျိုး အများစုကိုပြန်လည်သုံးသပ်ကြည့်
သောအခါတွင်လည်း အထင်သေးစရာ ရန်ပြုစရာဟူ ၍ မတွေ့ရပဲ ရိုးရိုးရှင်းရှင်း သာမြင်မိပါသည်။မိမိတို့သည် ရိုးသား ကြီုးစား ကြပြီးအခြားလူမျိုး နှင့် နိုင်ငံ သားများအပေါ် အဆိုးမြင် ရန်လုပ်စရာများရှိမနေကြပါ။ဆင်းရဲ
ဲခြင်း၊ချမ်းသာ ခြင်းဆိုသည်မှာ တိုင်းပြည်၏ ပစ္စက္ခအခြေအနေနှင့် လူတဦးချင်းစီ၏ တသီး ပုဂ္ဂလ ဘ၀ အခြေ
အနေများနှင့် များစွာသက်ဆိုင်မှုရှိပါသည်။ယနေ့ စာရေး သူတို့ နိုင်ငံသား အများစုဆင်းရဲနေကြခြင်းမှာ ပျင်း၍ ဆင်းရဲ နေသည် မဟုတ်ကြောင်း မိမိတို့ကိုယ်တိုင်ရော သူတို့ နိုင်ငံသားများပါသိနေကြပါ သည်။

တချိန်သောကာလ က တိုက်ခိုက်သိမ်းပိုက် ခဲ့ သည်ဆိုသည်မှာလည်းယင်းခေတ် အခြေအနေ၏ ယဉ်ကျေးမှု တစ်ခုသာဖြစ်ပါသည်။ပဒေသရာဇ် စနစ်အရစစ်အင်အားကြီးသူက ငယ်သူအပေါ် တိုက်ခိုက် သိမ်းပိုက်ခြင်း၊ ကျွန်ပြုသစ္စာခံခိုင်းခြင်းများသည် မထူးဆန်းလှသော ကိစ္စရပ်များ ဖြစ်ပါသည်။စာရေးသူုတို့နိုင်ငံသည်လည်း သူတပါးတို့၏ ကျွန်ပြုမှုကို ခံခဲ့ရသည်သာဖြစ်ပါသည်။ဖြစ်ရိုးဖြစ်စဉ် အတိတ်ဖြစ်ရပ်များကို ခံစားမှု ကြီး စွာဖြင့်
ပြုမူဆောင်ရွက်နေလျှင် ပစ္စုပ္ပန်မှာ မှန်ကန်သော ရလဒ် များ ထွက်ပေါ်လာမည်မဟုတ်ပေ၊ ခြုံ၍ပြောရလျှင်
စာရေးသူတို့ မြန်မာလူမျိုးများသည် သူတို့ ထင်ထားသလို အထင်သေးစရာ သူတို့ ရန်လုပ်စရာ ကိစ္စရပ်များ ရှိမနေပါ။ထို့ကြောင့်စာရေးသူသည် သူတို့၏ စိတ်ခံစားမှု ထင်မြင်မှုများကို သူတို့ ကိစ္စဟုသာသဘောထားပြီး အရေးတယူ ဂရုစိုက် တုန့်ပြန်မနေပဲ ပုံမှန်သာ သွားလာ လုပ်ကိုင်ဆောင်ရွက်လေ့ ရှိပါသည်။ စာရေးသူတို့ စီးလာသောကားသည် နောက်တစ်နေ့ မနက် လေးနာရီ ခန့်တွင်တာ့ခ် ခရိုင် ဟူသော ဆိုင်းဘုတ်နား သို့ ရောက်ရှိလာပါသည်။

မဲ ဆောက်သည် တာ့ခရိုင်အတွင်းရှိသည်ကို သိထားသောကြောင့် ရောက်ဖို့ ရန် သိပ်မဝေးတော့ဟုခန့်မှန်း မိပါသည်။ ဆိုင်းဘုတ်နှင့် အတန်ငယ် ဝေးသောနေရာသို့ ရောက်သောအခါချက်ပွိုင့် ခေါ် စစ်ဆေးရေးဂိတ်ကြီး
တစ် ခု ကိုတွေ့ရပါသည်။ မိမိတို့ကားလည်း ထိုနေရာ၌ ထိုးရပ်လိုက်ပါသည်။ ထိုင်းရဲသုံးယောက်ခန့် တက်
လာပြီး နိုင်ငံသားစိစစ်ရေး ကဒ် မရှိသူများအောက်ဆင်းရန် ပြောလာပါသည်။အချို့ ရဲများက ဆေးရုံတွင် ဆရာဝန် သူနာပြုများစွပ်သည့် ခေါင်းစွပ်များ စွပ်ထားသည်ကို တွေ့ရပါသည်။စာရေး သူဘေးတွင်လိုက်ပါလာသော မြန်မာ ဒကာ က ဦးဇင်းရေ တပည့်တော် တော့ ဆင်းရတော့မယ်ဟုပြော၍ နှုတ်ဆက်ကာ ဆင်းသွားပါသည်။
ကား ပေါ်တွင် ခရီးသည် သုံးပုံ တပုံခန့်သာကျန်ခဲ့ ပြီး လွန်စွာ ချောင်သွားပါသည်။ စာရေးသူလည်း ထိုအခါကျမှ မြန်မာလူမျိုး များစွာ ပါလာကြောင်းသိလိုက်ရ ပါသည်။ ထိုစဉ် ထိုင်းရဲတစ်ယောက်က ကားအတွင်းကျန်ရှိ
နေသော ခရီးသည်များကိုတရားဝင်ခရီးသွား အထောက်အထား ရှိမရှိ လိုက်လံ စစ်ဆေးနေပါသည်။

စာရေးသူကိုတော့ ဘုန်းကြီးဖြစ်နေ ခြင်းနှင့် ထိုင်းသင်္ကန်း ၀တ်ထား၍ထိုင်းဘုန်းကြီးပုံစံဖြစ် နေသောကြောင့် စစ်ဆေးခြင်း မရှိပေ။သို့သော်စာရေးသူ ထိုင်ခုန်ရှေ့တွင် ရှိသော စောစော ကထိုင်ခုန် ကိစ္စအတွက် လှမ်း ၍
ရန်လုပ်ခဲ့သော ဒကာသည် စစ်ဆေးနေသော ထိုင်းရဲအား စာရေးသူကို ပါစစ်ဆေးရန်မျက်လုံး နှင့် လှမ်း ၍အချက်ပြနေလေသည်။ စာရေးသူက မသိခြင်ယောင်ဆောင်၍ ခပ်တည်တည်ပင်ထိုင်နေလိုက်ပါသည်။
၎င်းကမျက်လုံးနှင့် အချက်ပြသည်ကိုထိုင်းရဲက မမြင်ဟန်ရှိသောအခါလက်ထဲတွင် ကိုင်ထားသော နှာရှူ
ဘူးလေးကို အောက်သို့ မသိမသာလွှတ်ချလိုက်ပါသည်။နှာရှူဘူး ကျသံ ကြားလိုက်၍ ထိုင်းရဲက သူ့ ကိုသတိ
ထား၍သေချာ ကြည့်လိုက်ပါသည်။ သူကလည်း စာရေးသူကို လှမ်း၍ မျက်လုံးနှင့်သာ မကမေးနှင့်ပါ ထိုး၍ စစ်ဆေးရန် ချက်ပြလိုက်ပါသည်။

စာရေးသူလည်း ဒီတခါတော့ကျိန်းသေ လာရောက်စစ်ဆေးတော့မည်ဟု တွက်ထားလိုက်ပါသည်။သို့သော်
ထိုင်းရဲသည် သူ့ကိုတချက၊် စာရေးသူကို တချက် လှမ်းကြည့်လိုက်ပြီးစာရေးသူထံ ရောက်မလာပဲ အခြားသူများ
ကိုသာ ဆက်လက် စစ်ဆေးနေပါသည်။ လူစုံအောင်စစ်ဆေးပြီးသောအခါ အောက်သို့ ဆင်းသွားပါတော့
သည်။သို့သော် စောစော ဒကာသည်လုံးဝ မကျေနပ်သေးပဲ သူကိုယ်တိုင် အောက်ကိုဆင်းလိုက်သွားပြီး ရဲတစ
်ယောက်ကို သွားရောက်ပြောကြားလိုက်ပါသည်။ထိုသို့ ပြောဆိုနေရင်း စာရေးသူရှိရာ ထိုင်ခုန်နေရာသို့ လက်ညှိုးထိုးနေသည်ကိုတွေ့ နေရပါသည်။ သို့သော် ထိုင်းရဲများသည် မြန်မာလူမျိုးများပါလာသောကုန်ပစ္စည်း များ ၊အခြားသောစစ်ဆေးဖွယ်ရာများဖြင့် အလုပ်ရှုပ်နေကြ၍ကားပေါ်သို့ မည်သူမှ တက်မလာတော့ပေ။

၎င်း ဒကာသည် မကျေမနပ် အမူ အရာနှင့်ကားပေါ်ပြန်တက်လာပြီး စာရေးသူကိုတချက်လှမ်းကြည့်လိုက်ပါ သည်။ ထို့နောက်စာရေးသူထိုင်ခုန်ရှေ့တွင် မထိုင်တော့ပဲ လေးငါး ခုန်ကျော် သို့ နေရာပြောင်း၍ ထိုင်လိုက်
ပါသည်။ စာရေးသူသည် ၎င်းကိစ္စ နှင့်ပတ်သက်၍ ဘာကြောင့်ထိုသို့ ရန်ငြိုးထားရကြောင်းကို သုံးသပ်
စဉ်းစားနေမိပါသည်။ပုဂ္ဂိုလ်ရေးအရ မိမိနှင့်သိကျွမ်းခဲ့ ခြင်း ရန်ဖြစ်ထားခဲ့ခြင်း မရှိသူတစ်ယောက်က မိမိအပေါ် ဤ ကဲသို့ရန်လို ပြဿနာရှာ ခြင်းသည် ရဟန်းသံဃာဖြစ်သောမိမိအနေဖြင့် မေတ္တာဓာတ်အားနည်း၍ ထိုသို့ ဖြစ်နိုင်ကြောင်း စဉ်စားမိပါသည်။ဤသည်က မိမိ၏ပုဂ္ဂိုလ်ရေးအားနည်းချက်ကို သုံးသပ်မိခြင်းဖြစ်ပါသည်။
ခရီးစဉ်တိုင်း၌ ရတနာသုံးပါးနှင့် မေတ္တာ စွမ်းအားများကို အသုံးပြု၍ သွားလေ့ရှိသော်လည်း မိမိ၏ စရဏ
အားများ လိုအပ်နေသောကြောင့်သာ ထိုသို့ ဖြစ်ရကြောင်း နားလည်မိပါသည်။အခြားသော ပြင်ပ အကြောင်း
အရာများကို သုံးသပ်ရလျှင် ထိုင်းလူမျိုးတို့သည် အခြားနိုင်ငံနှင့် လူမျိုးများအပေါ် ဆက်ဆံရာ၌ အထင်သေးခြင်း အထင်ကြီးခြင်း ကိစ္စတို့တွင် အစွန်းရောက်လွန်းသည်ဟု ထင်မြင်မိပါသည်။

ဖွံ့ဖြိုး သောနိုင်ငံမှ လာသောနိုင်ငံသားများကို ပုဂ္ဂိုရေး အရမည်မျှနိမ့် ကျနေသည်ဖြစ်စေ အထင်ကြီးစွာ ဆက်
ဆံတတ်ပါသည်။ဆင်းရဲသောနိုင်ငံများမှ လူများကိုမူ အထင်သေးစွာ ဆက်ဆံ တတ်ပါသည်။စာရေးသူတို့ မြန်မာ နိုင်ငံသာများကိုတော့ ဆင်းရဲသော နိုင်ငံသားများ ဖြစ်သည့် အပြင် သူတို့သမိုင်းတလျှောက်လုံးတွင် သူတို့ကို တိုက်ခိုက် သိမ်းပိုက်အောင်မြင်ခဲ့သောတခုတည်းသော နိုင်ငံဖြစ်သောကြောင့် အထင်သေးခြင်း အပြင်မုန်းတီး၊
ရွံရှာခြင်းများက ထပ်ဆင့် ပိုကဲနေပေသည်။သူတို့ နိုင်ငံ တွင် ကလေးသူငယ်များကိုသင်ကြားပေးသော ကျောင်း သုံးစာအုပ်များနှင့်ရုပ်ရှင်၊ဗီဒိယို၊စာပေတို့တွင် လည်း တချိန်သော သမိုင်းကာလက မြန်မာတို့၏ရက်စက်ဆိုးရွား
ပုံ ။ကြမ်း တမ်း မိုက်မဲ ပုံတို့ ကို များစွာ သင်ကြားဝါဒဖြန့်လျှက် ရှိနေကြပေသည်။ ပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်စေ၊
အဖွဲအစည်း ၊လူမျိုးနှင့်နိုင်ငံအလိုက်ဖြစ်စေ အချင်းချင်း ယှဉ်ပြိုင်ကြရာ၌ မိမိက အင်အားကြီး၍အသာရသည့် အခိုက် အရသာရှိ၍ ကောင်းမွန်သည် ထင်ရသော်လည်း သမိုင်းတပတ်လည်၍မိမိအင်အားနည်းချိန်ရောက်
သည့် အခါ ထိုဆိုးမွေများကို မျိုးဆက်သစ်တို့ခံရ နိုင်ကြောင်း သိမြင်နားလည်မိပါသည်။

ထို့ကြောင့်စာရေးသူသည် ရင်ထဲမှလှိုက်လှဲစွာ ဆန္ဒပြုမိပါသည်။ မည်သည့် သမိုင်းခေတ်ကာလမဆို၊
မည်သို့သော အခြေအနေ၌ မဆို အင်အားကြီးသူများ တရားမျှတမှုကို လက်ကိုင်ထားနိုင်ကြပါစေ။အင်အား
နည်းသူများ တရားမျှတမှု၏ စောင့်ရှောက်မှုကိုခံယူရရှိနိုင်ကြပါစေ။ မိမိတို့ လက်တွေ့ ရင်ဆိုင်ကြုံတွေ့နေရ
သောထိုင်းလူမျိုးတို့နှင့်လည်း ပြဿနာများ ပြေလည်စေရန်အခါခါဆန္ဒပြုမိပါသည်။သူတို့၏ရန်ငြိုးများ အမြန်ဆုံး ပြေပြောက်ပါစေတော့မိမိတို့ကလည်း နောက်တဖန် ရန်ပြုလိုခြင်း များ မရှိရပါစေနဲ့တော့ "ရန် ကိုရန်ချင်း တုန့်ပြန်ခြင်းဖြင့် ရန်တို့သည် မငြိမ်း နိုင်ကုန်၊ရန်ကိုရန်ချင်း မတုန့်ပြန်မှသာ ရန်တို့သည်ငြိမ်းနိုင်ကုန်၏ ဟူသော မြတ်ဗုဒ္ဓ ၏ ဒေသနာတော်ကို ဘုရားရှင်၏ တပည့်သားများဖြစ်သော မိမိတို့လူမျိုးများရော သူတို့ လူမျိုးများပါ အမြဲ ကျင့်သုံ နိုင်ကြပါစေဟု လေးလေးနက်နက် ဆန္ဒ ပြုလိုက်ရပါ၏။

ဂန္ထလုလင်( ဘိုကလေး)

3 comments:

  1. ဘာပဲပြောပြော..ကျွန်တော်ကတော့..ထိုင်းဆိုတဲ့အယုတ်တမာလူမျိုးကို
    ပြန်ပြီးကလဲ့စားချေရမှကျေနပ်မယ်..သမိုင်းတပါတ်ပြန်လည်တော့မှာပါ..
    ထိုင်းမှာမြန်မာတွေဘ၀ပျက်ရတာများပြီး..မြန်မာအမျိုးသမီးငယ်တွေ.ပျက်စီး
    ပေါင်းများပြီ..မြန်မာယောကျားတွေ..ကျွန်ဖြစ်ပေါင်းများပြီ...ပြောရင်းဒေါသ
    ထွက်တယ်.....သိသိကြီးနဲ့ဇွပ်တိုးချင်တဲ့ကို့ယ့်လူမျိုးကိုပဲအပြစ်တင်ရမလား
    အုပ်ချုပ်နေသူကိုပဲအပြစ်တင်ရမလား...မတွေးတက်တော့ဘူး..ထိုင်းဆိုတဲ့
    နေရာကမြန်မာတွေအတွက်ငရဲခန်းဆိုတာ..သိသိကြီးနဲ့ဇွတ်တိုးတော့လဲ...

    ReplyDelete
  2. အရမ်းကောင်းတဲ့ စာတွေ ဖတ်ရတာ ကျေးဇူးပါဗျာ။

    ReplyDelete
  3. စာဖတ်ရတာကောင်းပါတယ် ။ထိုင်းနိုင်ငံ မရောက်ဘူးသူတွေအ တွက် သတိထား စရာ တွေနဲ့ ထိုင်းနိုင်ငံ အကြောင်း ဗဟုသုတတွေ ရပါတယ်။ကိုဒေါင်းမင်းရေ ဦးဇင်းကို ပြောပေးပါအုံး အဲဒီလို စာကောင်းကောင်း လေးတွေ အမြဲတမ်းရေးပေးပါလို့

    ကိုရွှေ

    ReplyDelete

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။