ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Friday, February 13, 2009

ခဏတာ မလေးရှား အမှတ်တရ။

ခဏတာ မလေးရှား အမှတ်တရ။
ကိုဒေါင်းမင်းရေ ထိုင်းနိုင်ငံရောက် အမှတ်တရရေးနေရင်းနဲ့ မလေးရှားအမှတ်တရက လည်း ကြုံလာပြန်သေးတယ်။ ကြုံတွေ့ ရတဲ့ ကိစ္စလေးက ငိုရမလို ရယ်ရမလိုပါပဲ ။မှတ်မှတ်ရရ (၁၄.၁.၂၀၀၉)နေ့ ကပေါ့ ပီနန်မှာ ရှိတဲ့မြန်မာကျောင်းကို သွားလည် ရင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ ပီနန်မြန်မာ ကျောင်းကနေ အနောက်ဖက် ကို ၁၀ မိနစ်လောက် လမ်းလျှောက်လိုက်ရင် ပင်လယ်နောက်ခံနဲ့ လှပတဲ့ ပီနန်ဆိပ်ကမ်းဆီကိုရောက်ပါတယ်။
ဆိပ်ကမ်း ပတ်လည် တ၀ိုက်မှာ အထပ် ၄/၅ ဆယ် မြင့်မားတဲ့အဆောက်
အဦးကြီးတွေရယ်၊သပ် ရပ်တဲ ဆိပ်ကမ်းရယ်။

ကျယ်ပြောလှတဲ့ပင်လယ်ပြင်ရှုခင်းကြီးတွေဟာကြည့်ရှုလို့ မ၀ နိုင်တဲ့ သဘာဝပန်းချီကားကြီးတွေပါပဲ။
ပီနန်ဟာ သပ်ရပ်သန့်ရှင်းပြီး ခေတ်မီ အဆောက် အဦးတွေ ကလည်း ပေါများတာကြောင့် ဒုတိယ စင်္ကာပူ
လို့ တောင် ဦးဇင်းကတော့ ပြောချင်ပါတယ်။ကမ်းခြေတ၀ိုက်မှာ လမ်းလျှောက်သူ အပန်းဖြေသူများနှင့် ညနေပိုင်းဆိုစည်ကားနေတတ်ပါတယ်။ နောက်တစ်နေ့ မနက်ဆိုရင် ထိုင်းကိုပြန်ရတော့မှာဖြစ်လို့အမှတ်တရ
ဓာတ်ပုံလည်း ရိုက်ရင်း လေညှင်းလည်း ခံရင်း မိတ်ဆွေဖြစ်တဲ့ ပခုက္ကူ က ဘုန်းကြီး ဦးပညာဝံသ နဲ့အတူညနေ
စောင်းမှာ ကမ်းခြေကိုထွက်လာခဲ့ပါတယ်။ ဓာတ်ပုံ ရိုက်လိုက်၊လမ်း လျှောက်လိုက်နဲ့ နှစ်ပါး အတူလာ
ရင်းတနေရာရောက် တော့ ပိုက်ဆံတောင်းတဲ့ ကုလားလေးတစ်ယောက် နဲ့တွေ့ရပါတယ်။

ကားရပ်ထားတဲ့ နေရာတွေ၊စုံတွဲတွေ ထိုင်နေတဲ့နေရာတွေ၊လမ်းလျှောက်လာတဲ့သူတွေ၊စသည်ဖြင့် သူ့အတွက် အဆင်ပြေမယ်ထင်တဲ့ သူတွေဆီလိုက်တောင်းနေပါတယ်။ဦးဇင်းတို့နဲ့ တွေ့တော့လည်း မလေးရှားလို
စကားပြောပြီးတောင်းတာပါပဲ အကြွေမပါတာနဲ့ မပေး ဖြစ်လိုက်ပါဘူး။ သူပြောတဲ့စကား နားမလည်ပေမယ့် ပိုက်ဆံတောင်းတာပဲ ဆိုတာတော့ သိလိုက်ပါတယ်။ဦးဇင်းတို့ ဆီက အခြေအနေမကောင်း တော့ တခြားသူတွေ ဆီဆက်ပြီးလိုက်တောင်းရင်း အနည်းငယ် နောက်မှာ ကျန်ခဲ့ပါတယ်။တဆက်တည်းမှာပဲ ဦးဇင်းက ဘုန်းကြီးဦးပညာဝံသ ကို ပြောလိုက်ပါတယ်၊

" ဘုန်းကြီးရေ တပည့်တော်တို့ မြန်မာနိုင်ငံ မှာပဲ ပိုက်ဆံတောင်းတဲ့ သူရှိတယ်ထင်နေတာ သူတို့ မလေးရှား
လည်းရှိတာပါပဲလား ဒီလိုနေရာတောင် လိုက် တောင်းတယ်ဆိုတော့ တော်တော် အခြေအနေဆိုးနေပြီနဲ့ တူ တယ် " ဘုန်းကြီး ကလည်း ပြန်ပြောပါတယ်။

" ကမ္ဘာ့စီးပွါးရေး ကပ်ဖြစ်လာပြီ ဆိုတော့ သူတို့ နိုင်ငံသားတွေလည်းဆင်းရဲလာကြလို့ တောင်းတာဖြစ်မှာပေါ့ အရှင်ဘုရားရယ်" စကားတပြောပြောနဲ့ နှစ်ပါးအတူလျှောက်လာရင်း ခဏကြာတော့စောစောကကုလား
လေးဟာ ဦးဇင်းတို့ အနီးကိုရောက်လာပါတယ်။ ဦးဇင်းတို့ကိုသေချာကြည်ပြီး "ဗမာ စကား ပြော တတ်လား'' လို့ ဗမာသံ ပီပီ သသနဲ့မေးလိုက်ပါတော့တယ်။

ကဲ ဦးဇင်းပြောချင်တဲ့ အမှတ်တရကတော့ဒါပါပဲကိုဒေါင်းမင်းရေ။
ဂန္ထလုလင် ( ဘိုကလေး)

5 comments:

  1. အော် နောက်ဆုံးတော့လဲ တောင်းစားတာ မြန်မာဟေ့ လို့ကြွေးကြော် ရမလိုဖြစ်နေပြီ...

    ReplyDelete
  2. သြော်.....ဖြစ်မှဖြစ်ရလေ....

    ReplyDelete
  3. အော် နောက်ဆုံးတော့ ကိုယ့်နိုင်ငံသားဖြစ်နေတာကိုး ဟူး မောလိုက်တာ.

    ReplyDelete
  4. ဘာလူမျိုးလဲဆိုတာတော့ကောင်းကောင်းမပြောတက်ဘူး။ဒါပေမဲ့ မြန်မာစကား
    တော့ကောင်းကောင်းတက်တယ်။ဟိုးလွန်ခဲ့သောနှစ်ပေါင်းများစွာကဒီအလုပ်ကို
    လုပ်စားနေတာပါ။

    ReplyDelete
  5. ပြောတတ်ဘူးလို့ပြန်ပြောလိုက်တာ မဟုတ်ဘူး

    ReplyDelete

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။