ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Thursday, February 26, 2009

ဂန္ထ၀င်မြောက်တဲ့ စွန့်လွှတ်မှု။

ကျွန်မနာမည် သုပ္ပိယာပါ ကျွန်မဘ၀ရဲ့ မမေ့နိုင်စရာ ဖြစ်ရပ်တစ်ခုကိုပြောပြ ချင်ပါတယ်။လူတိုင်းမှာဝမ်းနည်း
စရာ ၊၀မ်းသာစရာ ရင်ခုန်စရာ ကြောက်လန့်စရာ စ သဖြင့် ဘ၀မှာ ကြုံတွေ့ရတဲ့ အမှတ်တရတွေ ရှိနေပါ
လိမ့်မယ်ကျွန်မပြောပြမယ့် ကျွန် မဘ၀ရဲ့ အမှတ်တရကတော့ ပြန်တွေးမိလိုက်တိုင်း တကယ့်ကိုကြည်နူး
စရာကောင်း တဲ့ ကျေနပ်ဖွယ် အမှတ်တရပါပဲ။

ကျွန်မဟာ လူမှန်းသိတတ်စအရွယ်ကတည်းက မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကို ကြည်ညိုဆည်းကပ်တဲ့ဥပါသိကာ
မတစ်ယောက်ဖြစ်ခဲ့ပါတယ်။အိမ်ထောင်ကျပြီးတဲ့ အခါမှာလည်း ကျွန်မရဲ့သဒ္ဓါတရားက လျော့မသွားခဲ့ပါဘူး။
ဘုရားအမှူးရှိတဲ့ သံဃာ တော်တွေကို အိမ်မှာဆွမ်းပင့် ကပ်လှူခြင်း၊ဘုရားရှင်ရဲ့ ကျောင်းတော်ကို ဆွမ်းသင်္ကန်း စတဲ့ လှူဖွယ်ဝတ္ထုတွေ သွားရောက်လှူဒါန်းခြင်း ၊ရပ်ရွာထဲမှာ ရှိတဲ့ မရှိဆင်းရဲသား သက်ကြီးရွယ်အိုများကို ထောက်ပံ့လှူဒါန်းခြင်း၊အဲဒီလို အလှူအတန်းတွေကို ကျွန်မ အမြဲလို လုပ်ဖြစ်ပါတယ်။

အဲဒီလိုလှူဒါန်းထောက်ပံ့နေတာဟာ ငွေကြေးဥစ္စာ ပေါများလွန်းလို့ လှူနေတာ တော့ မဟုတ်ပါဘူးရှင် ရှိလို့လှူတာထက် သိလို့လှူတာက ပိုလို့ အရေးကြီးတယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်တွေကို အကြိမ်ကြိမ်
နာကြားရင်း သဘောပေါက်လာလို့ လှူ ဖြစ်တာပါ။ သိလို့ လှူတာဆိုလို့ ကျွန်မသိသလောက်ကလေး ခပ်
တိုတိုပြောရရင်တော့ ဒါနဟာ အကျိုးကိစ္စအားလုံးကို ပြီးမြောက်စေတယ်လို့ မြတ်ဗုဒ္ဓဟောတော်မူပါတယ်။
အလှူဒါနအရာမှာ ထက်သန်လေ့ရှိတဲ့ ပုဂ္ဂိုလ်များဟာ ခွေးကလေး ကြောင်ကလေးတွေ က အစ လူမိတ်ဆွေ
အချင်းချင်းအလယ် သူတော်စင်ပုဂ္ဂိုလ်များ အဆုံး အားလုံးရဲ့ ချစ် ခင် အလေးပေးမှုကိုမလွဲမသွေခံရနိုင်
ပါတယ်။

ဒါပေမယ့် အဲဒီလိုချစ်ခင်အလေးပေးမှုကို ခံရဖို့ဆိုတဲ့ ရည်ရွယ်ချက်ထက် ကိုယ် ပေးကမ်း လှူဒါန်းလိုက်
တာလေးကို အကြောင်းပြုပြီး လက်ခံရရှိ သုံးဆောင်တဲ့ ပုဂ္ဂိုလ် များ တစ်စုံတရာ ပြည့် စုံ အကျိုးရှိသွားတာကို သိမြင်လိုက်ရတဲ့ ပီတိကို ကျွန်မပိုပြီး တော့ တန်ဖိုးထားပါတယ်။ ဒါကြောင့်လည်း လူတစ်ဦးချင်းစီနဲ့ လောက
ကြီးတခုလုံး ငြိမ်းချမ်းဖို့ အတွက် ပွင့်ထွန်းပေါ်ပေါက်လာခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကြီးကို ကျွန်မတတ်
စွမ်းသရွေ့ လှူဒါန်းထောက်ပံ့နေတာပါရှင်။

ငွေကြေးဥစ္စာ မကြွယ်ဝပါပဲနဲ့ အမြဲလိုလို အလှူရေစက်လက်နဲ့မကွာ ပြုလုပ်နေတဲ့ ကျွန်မကို ပတ်ဝန်းကြင်ကလည်း အလွန်လေးစားကြပါတယ်။အလှူ့အမကြီး ၊ပါရမီရှင် မကြီး ၊ သဒ္ဓါတရားအားကောင်းသူကြီး အဲဒီလို အမွှန်းတင်ဂုဏ်ပြုကြတာကလည်း အ လွန်ပါပဲရှင်၊ကျွန်မဟာ ပုထုဇဉ်မိန်းမသားပီပီ ကိုယ့် ကိုအဲဒီလို ချီးကျူးပြောဆိုတာကို သာယာမိပေမယ့် တဖက်မှာ အဲဒီကောင်းမြတ်တဲ့ ဂုဏ်ဒြပ်တွေကိုထိန်းသိမ်းထားဖို့ ရယ်၊မြတ်ဗုဒ္ဓရဲ့ ဥပါသိကာမ ကောင်းပီသစွာ လောကရဲ့ အကောင်းအဆိုးဓမ္မတာ သ ဘောတရားတွေကို လေးနက်စွာသိမြင်နားလည်ဖို့ကိုလည်း ကြိုစားရပြန်ပါတယ်။

တစ်နေ့မှာ ထုံးစံအတိုင်း မြတ်ဗုဒ္ဓရဲ့ကျောင်းတော်ကို လှူဒါန်းဖွယ်ရာများနဲ့ ရောက်ဖြစ်ပါတယ်။မြတ်ဗုဒ္ဓထံ ဖူးမြော်လှူဒါန်းပြီးတဲ့နောက် သံဃာတော်များသီတင်း သုံးရာ ကျောင်းဆောင်များ ဆီကိုလည်း လိုက်လံ
လှူဒါန်းဖြစ်ပါတယ်။တစ်နေရာ အရောက်မှာတော့ သွေးဝမ်းသွားရောဂါနဲ့ နာမကျန်းဖြစ်နေတဲ့ ဂိလာန ရဟန်း
တော် လေးတစ်ပါးကို တွေ့လိုက်ရပါတယ်။

“ အရှင်ဘုရားရဲ့ ရောဂါ ဘယ်လို ဓာတ်စာမျိုးကို မှီဝဲသုံးဆောင်ရရင် ပျောက်ကင်း နိုင်ပါသလဲဘုရား၊”
ကျွန်မ ကရုဏာ သက်စွာ မေးမြန်းလိုက်တဲ့အခါမှာတော့ ရဟန်းတော်လေးက နွမ်းလျ တိမ်ဝင်တဲ့ အသံနဲ့ ပြန်ဖြေပါတယ်။
“အသားဟင်းရည် တစ်ခုခု သောက်ရင်ရင်တော့ ရောဂါ ပျောက်ကင်းနိုင်ပါတယ် ဒကာမကြီး”
“ ဒီလိုဆို ဘာမှ စိုးရိမ်ကြောင့် ကြ မနေပါနဲ့ ဘုရား မနက်ဖြန် တပည့်တော် အရှင် ဘုရား ရောဂါ
ပျောက်ဖို့ အတွက် အသားဟင်းရည် တစ်ခွက် ကျိန်းသေ လာလှူပါ့မယ် ဘုရား”

အိမ်ရောက်တယ်ဆိုရင့်ပဲ ကျွန်မဟာ အိမ်မှာ ခိုင်းနေကျုကောင်လေးကို အသား ဟင်း အ၀ယ်လွှတ်
လိုက်ပါတယ်၊ခဏအကြာမှာ တော့ မျက်နှာ အမူအရာမကောင်းစွာ နဲ့ သူပြန်ရောက်လာပါတယ်။
“ သခင်မရေ ကျွန်တော် ဈေးမှာရှိတဲ့ အသားရောင်းဆိုင်တွေ အားလုံးကိုရောက်ခဲ့ ပါတယ် ဒီနေ့က အသားမရောင်းရတဲ့ ဥပုသ်နေ့ဖြစ်နေလို့ အသားဝယ်လို့ မရခဲ့ပါဘူး ကျွန်တော်လည်း ပံ့သကူ အသားများ ရလိုရငြား လိုက်ရှာပါသေးတယ်။ ဘယ်မှာမှ ရှာ လို့ မရခဲ့ပါဘူး သခင်မ”

ကောင်လေးရဲ့ စကားသံကိုကြားလိုက်ရတဲ့ အချိန်မှာတော့ ကျွန်မ ရှေ့ဆက်ပြီး ဘာလုပ်ရမှန်းမသိ
အောင်ဖြစ်သွားပါတယ်။ တတိုင်းပြည်လုံး အသားမရောင်းရလို့ သတ် မှတ်ထားတဲ့နေ့ဖြစ်လို့ လုံလောက်တဲ့ အကြောင်းပြချက်နေပြီမို့ ကျွန်မ ကတိပြု ထားတဲ့ အသားဟင်းရည်ကို ရဟန်းတော်လေးထံ သွားမပို့လည်း ဖြစ်တာပေါ့ရှင် ဒါပေမယ့် ကျွန်မဟာ သူ တပါးတို့ ချီးကျူးလေးစားနေတဲ့ မြတ်ဗုဒ္ဓရဲ့ဥပါသိကာမတစ်
ကောင်းတစ်ယောက်ရယ်လေ။အားနွဲ့ တဲ့ မိန်းမသားဆိုပေမယ့် ကတိတစ်လုံးကို အသက် လောက် တန်ဖိုးထား
တတ်တဲ့ အမူအကျင့်ကလည်း ကျွန်မမှာ ရှိနေပြန်ပါတယ်။

အပြန်ပြန် စဉ်းစားမှုတွေ ပြုပြီးတဲ့နောက်မှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ကျွန်မ ခိုင်မာစွာချလိုက်ပါတယ်။
မီးဖိုဆောင်က အသားလှီးဓားကိုယူပြီး အိပ်ခန်းထဲကိုဝင်လိုက် ပါတယ်။အခန်းတံခါး ကိုချက်ထိုးပြီး ကုတင်ပေါ်
ကို ခြေတွဲလောင်းချထိုင်လိုက်ပါတယ်။ ထမီစကို ပေါင်ရင်းထိလှန်တင်လိုက်ပြီး ညာလက်နဲ့ သားလှီးဓားကို ကိုင် ဘယ်လက်နဲ့ ဘယ်ဘက်ပေါင်ကို ဆွဲတင်းလိုက်ပြီး ပေါင်ရင်းသားကို ကျိတ်ပြီး လှီးလိုက်ပါတယ်။သွေး တွေဟာ
ပေါင်ရင်းတ၀ိုက်ဆီမှာ စိမ့်ပြီး စီးကျလာပါတယ်။ပူလောင် စပ်ရှစွာခံစားလိုက်ရ ပြီး ပြင်းထန်လွန်းတဲ့ ဝေဒနာ
ကြောင့် ခန္ဓာကိုယ် တခုလုံးဟာ ယိမ်းထိုးလှုပ်ရှားနေပါ တယ်။တွန့်ဆုတ်လိုတဲ့ စိတ်အစဉ် အချို့ဝင်လာပေ
မယ့် အဆုံးထိအောင်ပဲ ဆက်လှီး လိုက်ပါတယ်။ခဏအကြာမှာတော့ လက်သီးဆုပ်ခန့် အသားစိုင်တစ်ခု ရ
ရှိလာပါတယ်။

ဒဏ်ရာကို ဂွမ်း တစ်ထပ်၊ အ၀တ်သန့်သန့် တစ်ထပ်စီ စီး လိုက်ပြီး အိမ်မှာ ခိုင်းနေ ကျ ကောင်မလေးကို ခေါ်လိုက်ပါတယ်။ကျွန်မပေးလိုက်တယ် အသားတုံးကို အသား ဟင်းအဖြစ်ချက်ပြီး ဘုရားရှင်ကျောင်းက သွေးဝမ်းသွား ရောဂါဖြစ်နေတဲ့ ရဟန်းတော် လေးကို ကပ်လှူဖို့ စေခိုင်းလိုက်ပါတယ်။သခင်မကိုမေး ရင်တော့ ရုတ်
တရက် အနာ ရောဂါတစ်ခုဖြစ်လာလို့ မလာနိုင်တဲ့ အကြောင်းကို လျှောက်ထားဖို့ပါ မှာလိုက်ပါတယ်။
ညနေစောင်းတဲ့ အခါမှာတော့ ကျွန်မရဲ့ ခင်ပွန်း အမောင် သုပ္ပိယ အလုပ်ကနေ ပြန်ရောက်လာပါတယ်။
သူပြန်ရောက်လာတယ်ဆိုရင်ပဲ ကျွန်မကို ခေါ်နေတဲ့ အသံကြား လိုက်ရပါတယ်။
“ သုပ္ပိယာရေ နှမရေ မင်းဘယ်မှာလဲဟေ့ နှမရေ အမောင် ပြန်လာပြီဟေ့ ”
“ သခင်မ အနာရောဂါတစ်ခုကြောင့် အိပ်ယာထဲမှာ လှဲနေပါတယ် သခင် လေး”
အိမ်မှာ ခိုင်းနေကျ ကောင်မလေးရဲ့ ဖြေဆိုသံကို ကြားလိုက်ရပါတယ် ။ မကြာမီ မှာပဲ အမောင်သုပ္ပိယ ကျွန်မအနီးကို ရောက်လာပါတယ်။

“ဘယ်လိုဖြစ်တာလဲ နှမရယ် အမောင်ဖြင့် စိတ်ပူလိုက်တာကွယ် ဟင် ပေါင်မှာ လည်းပတ်တီးကြီးနဲ့ပါ
လား အမောင်ကို ပြောပြပါအုံးကွယ် ဘာလို့ ဒီပတ်တီးကြီး စီးထား ရတာလဲ”
ကျွန်မလည်း အမောင် ကို ဖြစ်ကြောင်း ကုန်စင်အားလုံးကို ပြောပြလိုက်ပါ တယ်။ကျွန်မရဲ့ စကားသံ
ကို နားထောင်နေရင်း အမောင် သုပ္ပိယရဲ့မျက်နှာသွင်ပြင်မှာ ကျေနပ်ခြင်း၊၀မ်းမြောက်ခြင်း အရိပ်အယောင်တွေ တွေ့မြင်နေရပါတယ်။

“ အော် နှမရယ် အာဂသတ္တိပါလားကွယ် အမောင်တို့ ယောက်ျားသားတွေတောင် ပြုဖို့ရန် ခဲယဉ်းတဲ့ အလှူဒါနကြီးကို နှမတော် ပြုနိုင်ပါပေတယ်ကွယ်။နှမတော်ရဲ့ စွန့် လွှတ်မှုဟာ ဂန္ထ၀င်မြောက်တဲ့ စွန့်လွှတ်
မှုပါပဲကွယ် ။နှမတော်ရဲ့ စွန့်လွှတ်မှုကို ဂုဏ်ပြု တဲ့အနေနဲ့ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို မနက်ဖြန်မှာ ဆွမ်းကပ်လှူဖို့ အမောင် အခုပဲ ဘုရားရှင်ရဲ့ ကျောင်းတော်ဆီကို သွားလိုက်တော့မယ်နော် ”

ပြောပြော ဆိုဆိုနဲ့ အမောင် ကျွန်မအနားက ထွက်သွားပါတယ်။ကျွန်မရဲ့အလှူဒါန တိုင်းကိုကန့်ကွက်မှု
မရှိပဲ အမြဲတစေ ကြည်ဖြူစွာ နားလည် အားပေးတတ်တဲ့ ခင်ပွန်း အတွက် တွေးမိတိုင်း ကျွန်မအားရကျေနပ်
နေမိပါတယ်။

နောက်တစ်နေ့ မနက်မိုးလင်းတဲ့ အချိန်မှာတော့ ဆွမ်းကပ်ဖို့ပြင်ဆင်နေတဲ့ ပန်း ကန်ခွက်ယောက်သံ
တွေ ၊အချင်းချင်းပြောဆိုနေကြတဲ့ စကားသံတွေ ရုတ်တရက် တိတ်ဆိတ်သွားပါတယ်။ဘုရားရှင်နဲ့သံဃာတော်
တွေ ကြွလာပြီဆိုတာ ကျွန်မသိ လိုက်ပါပြီ။
“ ဒါယကာ သုပ္ပိယ သင့် ဇနီး သုပ္ပိယာ ကိုခေါ်လာခဲ့ပါ။”
ကျွန်မနာမည်ကို တခုတ်တရ ပြောတော် မူနေတဲ့ မြတ်ဗုဒ္ဓရဲ့ အသံတော်ကို ကြည်နူးစွာ ကြားနေရပါတယ်
“ သုပ္ပိယာ ဒါယိကာမ အနာရောဂါ တခုကြောင့် မလာနိုင်ပါ မြတ်စွာဘုရား”
“နာနေပါစေခေါ်လာခဲ့ ပါ သုပ္ပိယ”
ဘုရားရှင်ရဲ့ စကားတော်ကို မလွန်ဆန်နိုင်တဲ့ အဆုံး အမောင် ဟာ ကျွန်မကို လာရောက် တွဲထူ ခေါ်ငင်
လိုက်ပါတယ်။ မောင်တော်တွဲထူရာနောက် တရွေ့ရွေ့ လိုက် ပါလာရင်း ရောင်ခြည်တော် ခြောက်သွယ်တို့နဲ့ ကွန့်မြူးစံပါယ်နေတဲ့ မြတ်ဗုဒ္ဓရဲ့ မေတ္တာဓာတ် အပြည့် လွှမ်းခြုံထားတဲ့ မျက်နှာတော်ကို ဖူးမြော်ခွင့် ရလိုက်
ပါတယ်။အဲ ဒီ အချိန်မှာပဲ ကျွန်မရဲ့ ပေါင်မှာ ရှိနေတဲ့ ဒဏ်ရာဟာ အနည်းငယ်မျှနာကျင်မှု မရှိတော့ ပဲ မူလ
ပကတိအတိုင်း အသား အရေတွေ မွှေးညှင်းတွေ ပြန်လည် ပြည့်ဖြိုးပေါ်ပေါက် လာတာကို သတိပြုမိလိုက်
ပါတယ်။ တဆက်တည်းမှာပဲ ကျွန်မက အမောင်သုပ္ပိယကို ပြောပြလိုက်ပါတယ်။အမောင်သုပ္ပယလည်း လွန်စွာ အံ့သြသွားပြီး နှုတ်ကနေ အဆက် မပြတ်ရေရွတ်နေပါတော့တယ်။

“အိုလူအပေါင်းတို့ အံ့ သြစရာကောင်းလိုက်ပါတကား မဖြစ်ဘူးမြဲ ထူးဆန်းလှတဲ့ အဖြစ်ပါပေတကား သားလှီးဓားနဲ့ လှီးဖြတ်ထားလို့ ကျွနှပ်ဇနီးရဲ့ ပေါင်မှာ ဖြစ်ပေါ်နေ တဲ့ ဆိုးရွားတဲ့ ဒဏ်ရာကြီးဟာ ဘုရားရှင်ကို ဖူးမြင်လိုက်ရတဲ့ အချိန်မှာ အလုံးစုံ ပျောက်ကင်းသွားပါတကား ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တန်ခိုးတော်ဟာ အံ့သြ ချီး ကျူး၍ မကုန်နိုင်ပါတကား”
ကျွန်မတို့ ဇနီးမောင်နှံနှင့် ဧည့် ပရိတ်သတ် အပေါင်းတို့ဟာ ကြည်နူးနှစ်သက်တဲ့ ပီတိ တရားတွေ လွှမ်းခြုံ
လျှက် ဘုရားအမှူးရှိတဲ့ သံဃာတော် အရှင်သူမြတ်တွေကို ဆွမ်း ဘောဇဉ်တွေ ဆက်ကပ်လှူဒါန်းကြပါတယ်။
ဘုရားရှင်နဲ့ သံဃာတော်များ ပြန် လည်ကြွသွားချိန်မှာတော့ ကျွန်မဘ၀ရဲ့ အမှတ်တရလေးဟာ ပြီးဆုံးသွား
ပြီပေါ့ရှင်။

ဒါပေမယ့်လေ အဲဒီနေ့ အဲဒီအချိန်က ဖြစ်ပေါ်ခံစားခဲ့ရတဲ့ ကြည်နူး နှစ်သက်မှု ၀မ်းမြောက် ကျေနပ်မှု
တွေကတော့ ပြန်လည် တွေးမိလိုက်တိုင်း ကျွန်မဘ၀တလျှောက် လုံး အမြဲတမ်း အမှတ်တရဖြစ်နေတော့
တာပါပဲရှင်။
ဂန္ထလုလင် ( ဘိုကလေး )
မှတ်ချက် ။ ။ဝိနယ ပိဋက မဟာဝဂ္ဂပါဠိတော်လာ သုပ္ပိယာ ၀တ္ထုကို တန်ဆာဆင်ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ ၂၀၀၁ ခုနှစ် မေလထုတ် ဓမ္မရံသီ မဂ္ဂဇင်း တွင် ဖော်ပြခဲ့ ပြီး ဖြစ်ပါသည်။ (စာရေးသူ)

8 comments:

  1. အဖွားပြောပြောပြဖူးတာကိုနားယဉ်နေပေမယ့်
    အခုလို ပြန်ဖတ်လိုက်ရတော့လည်း
    အရသာရှိတုန်းပါ..
    ဒီလိုမျိုးတွေ တင်ပေးတာကိုကျေးဇူးတင်ပါတယ်ကိုဒေါင်းရေ...
    အားပေးလျှက်

    ReplyDelete
  2. သာဓုခေါ်ပါတယ် ဒီလို စွန့် စားရဲတဲ့ အသွေးအသားကိုလှူရဲတဲ့ ပါရမီထူး
    ကိုကျမလည်းလိုချင်မိပါတယ် ။။

    ReplyDelete
  3. ဖတ်ဖူးသလိုလို ကြားဖူးသလိုလို သလိုလိုတွေများနေပေမယ့် ဘာမှ ကောင်းကောင်း သေသေချာချာတော့ မမှတ်မိတော့ပါဘူး ဒီလို နောက်တစ်ခေါက် ပြန်ဖတ်ခွင့်ရတာ ကျေးဇူးတင်ပါတယ် ကို ဒေါင်းမင်းရေ

    ReplyDelete
  4. ၀တ္ထုတိုလေး အားပေးသွားပါတယ်။

    ReplyDelete
  5. ကိုဒေါင်းမင်း ဘုရားလက်ထက်က အကြောင်းအရာလေးကို ရေးပြပေးတာ ကျေးဇူးပါ...

    ReplyDelete
  6. အတိုင်းမသိ အလှူရှင်နှင့် ထပ်တူထပ်မျှ ၀မ်းမြောက်ပီတိဖြစ်ရပါတယ်..။

    ReplyDelete
  7. ဒါနပါရမီတူကြတဲ့ ဇနီးမောင်နှံကို အားကျတယ်... အဟီး....

    ReplyDelete
  8. ငယ်ငယ် ကတော့ အိပ်ယာ ၀င် ပုံ ပြင်တွေထဲ မှာ တစ်ခု ပါခဲ့ ဖူးတာပေါ့ဗျာ..။
    အဖွား ဆုံးပြီး ကတည်း က မကြားရတော့ တဲ့ အိပ် ယာ ၀င် ပုံ ပြင်လေး ကို ပြန်လည် ခံစား ခွင့်ရတဲ့အတွက် ကျေးဇူး တင်ပါတရ် အကို

    ReplyDelete

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။